ဂရင်းစလင်းဖလားကို ဂျိုကိုဗစ် (၄၊ ၅)ကြိမ်အထိ ထပ်မံရရှိနိုင်မည်ဟု အမေရိကန်တင်းနစ်ဂန္ထဝင် ဂျွန်မက်အင်ရိုး ဟောကိန်းထုတ်

ဂရင်းစလင်းဖလားကို ဂျိုကိုဗစ် (၄၊ ၅)ကြိမ်အထိ ထပ်မံရရှိနိုင်မည်ဟု အမေရိကန်တင်းနစ်ဂန္ထဝင် ဂျွန်မက်အင်ရိုး ဟောကိန်းထုတ်
Photo: ATP Tour
Photo: ATP Tour
Published 5 February 2023

 

ဆားဘီးယားနာမည်ကြီးတင်းနစ်သမား ဂျိုကိုဗစ်အနေဖြင့် ကစားသမားဘဝမှ အနားမယူမီ ဂရင်းစလင်းဆုဖလားကို နောက်ထပ် (၄)ကြိမ် သို့မဟုတ် (၅)ကြိမ်အထိ ရရှိလိမ့်မည်ဟု အမေရိကန်တင်းနစ်ဂန္ထဝင် ဂျွန်မက်အင်ရိုးက သုံးသပ်ခဲ့သည်။

"သူ့(ဂျိုကိုဗစ်)အနေနဲ့ လေးကြိမ် ဒါမှမဟုတ် ငါးကြိမ်အထက် အနိုင်ရနိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်လာမယ့် ဂရင်းစလင်းပြိုင်ပွဲ(၃)ရပ်မှာ သူဟာ ရေပန်းအစားဆုံးပါ။ နောက်ထပ်(၂)နှစ်လောက် သူကစားနိုင်ဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။ သူဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်နေတုန်းပါ။ (၃၅)နှစ်အရွယ်နဲ့ ဒီလိုကစားနိုင်တာ အံ့အားသင့်စရာကောင်းပါတယ်။ သူဟာ ဆုဖလားရချိန်မှာ ပိုပြီးကောင်းလာတယ်လို့တောင် ထင်မှတ်စရာပါ" ဟု မက်အင်ရိုးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

ဂျိုကိုဗစ်၏ပြိုင်ဘက်တစ်ဦးဖြစ်သူ ကာဂျီယို့စ်ကလည်း သြစတြေးလျအိုးပင်းဗိုလ်လုပွဲကို စောင့်ကြည့်ပြီးနောက် ဂရင်းစလင်းဆုဖလားကို (၂၈)ကြိမ်အထိ လွယ်ကူစွာ ရရှိလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းချန်ပီယံ ဂျိုကိုဗစ်သည် တံကောက်ကြော၌ (၃)စင်တီမီတာခန့်ရှိသည့် စုတ်ပြဲဒဏ်ရာရှိလျက်နှင့်ပင်ကစားပြီး ချန်ပီယံဆုဖလား ရယူသွားခဲ့ခြင်း ဖြစ်သည်ဟု ပြိုင်ပွဲဒါရိုက်တာ ခရိတ်ထီလေးက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ 

အသက်(၃၅)နှစ်အရွယ်ရှိ ဂျိုကိုဗစ်သည် သြစတြေးလျအိုးပင်းအကြို Adeliade International 1 ပြိုင်ပွဲတွင် မဗိုလ်စွဲမီ ပြိုင်ပွဲအတွင်းကတည်းက တံကောက်ကြောဒဏ်ရာ ရရှိထားခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျိုကိုဗစ်အနေဖြင့် ယင်းဒဏ်ရာရှိလျက်နှင့်ပင် ဗိုလ်လုပွဲတွင် ဂရိတင်းနစ်သမား ဆစ်ဆီပတ်စ်ကို အနိုင်ယူကာ သြစတြေးလျအိုးပင်းချန်ပီယံဆုကို စံချိန်တင်(၁၀) ကြိမ်မြောက်ရရှိခဲ့သည်။ 

ထို့ပြင် ၎င်းင်းသည် ကစားသမား သက်တမ်းတစ်လျှောက်တွင် ဂရင်းစလင်းချန်ပီယံဆုကို (၂၂)ကြိမ်မြောက်ရရှိကာ အအောင်မြင်ဆုံးဖြစ်သူ စပိန်တင်းနစ်အကျော်အမော် နဒါးလ်နှင့် အောင်မြင်မှုချင်း တူညီသွားခဲ့ပြီး ကမ္ဘာ့အဆင့် တစ်နေရာကိုပါ ပြန်လည်သိမ်း ပိုက်နိုင်ခဲ့သည်။ 

နည်းပြဖြစ်သူ အီဗန်နီဆီဗစ်က ဗိုလ်လုပွဲအပြီးတွင် ဂျိုကိုဗစ်သည် ကစားသမားအများစု ပြိုင်ပွဲမှ ထွက်ခွာသွားရသည့် ဒဏ်ရာအခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။ ဂျိုကိုဗစ်သည် ကမ္ဘာ့အဆင့် (၁)နေရာတွင် စံချိန်တင်အဖြစ် (၃၇၄)ပတ်မြောက် ရပ်တည်လျက်ရှိသည်။

Most Read

Most Recent