နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရမည်

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရမည်
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
Published 2 February 2023

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင် မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၃ ခု နှစ် ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ပဲမျိုးစုံ၊ပြောင်း၊နှမ်းနှင့် မြေပဲတင်ပို့ခြင်းကို စနစ်တကျကြပ် မတ်ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင်ရရှိပြီးသည့် ကုန်ပစ္စည်းများ သယ်ဆောင်သော ပို့ကုန်ယာဉ်များအနေဖြင့် ကုန်ပစ္စ ည်း သယ်ဆောင်ခွင့်လက်မှတ်(မျှော)ကို ကြိုတင်ရယူပြီးမှသာ သယ်ဆောင်ခွင့်ပြုလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်။ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အထက်အပိုဒ် ၁ ပါ ကုန်ပစ္စည်းအပါအဝင်  ပို့ကုန်ပစ္စည်းအားလုံးအတွက် လျှောက်ထားရန်လိုအပ်ကြောင်း သိရသည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့်လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်ကို Myanmar Tradenet2.0 စနစ်တွင် ဦးစွာလျှောက်ထား ရမည်ဖြစ်ကြောင်း၊ နယ်စပ်ပို့ကုန်လိုင်စင်ရရှိ ပြီးသည့်အခါ ပို့ကုန်တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com(Vehicle Monitoring System) တွင် ဖြည့်သွင်း လျှောက်ထားရန်ဖြစ်ကြောင်း၊ လျှောက်ထားမှုအပေါ် လိုအပ်သည့်အချက်အလက်များအား တာဝန်ရှိ ဝန်ထမ်းများက စိစစ်ပြီးသည့်အခါ  QR Code ပါဝင်သည့်ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထားရန်မလိုသော ကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေးဂိတ်များရှိ တာ ဝန်ကျဝန်ထမ်းများထံသို့ အဆိုပါ QR Code အား ပြသ၍စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း၊ QR Code ပြသစစ်ဆေးခံနိုင်ခြင်း မရှိသည့်ယာဉ်များအား သက်ဆိုုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့် ပြုမည်မဟုတ်ကြောင်း၊ အဆိုပါယာဉ်များ အနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Online မှပြန်လည်လျှောက်ထားပြီး QR Code ရရှိပြီးမှသာ ဆက်လက်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကိုအွန်လိုင်းမှ ကြိုတင်လျှောက်ထား ရယူရမည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီ၊ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်းများတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စမ်း သပ်ကာလအတွင်း အခကြေးငွေကောက်ခံခြင်းမပြုဘဲ ခွင့်ပြုသွားမည်ဖြစ်သည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့်(QR Code)ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုသည့်စနစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ အပြည့်အဝအသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါရက်မှစတင်ကာ ယာဉ်တစ်စီးလျှင် ကျပ် ၅၀၀၀ နှုန်း ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent