ကချင်ပြည်နယ် ဖားကန့်ဒေသ နန့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် မြေပြိုမှုဖြစ်ပွားပြီး လေးဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်ဒေသ နန့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် မြေပြိုမှုဖြစ်ပွားပြီး လေးဦးသေဆုံး
Published 30 January 2023

ကချင်ပြည်နယ် ဖားကန့်ဒေသ၊ နန့်မှော်ကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားရာ ကျောက်စိမ်းတူးဖော်နေသူ အမျိုးသားလေးဦး မြေပိသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြေပိသေဆုံးသူများမှာ အသက် ၃၃ နှစ်အရွယ်ရှိ ကိုမောင်မောင်မြင့်၊ အသက် ၃၇ နှစ်အရွယ်ရှိ ကိုဇော်ဇော်အောင်၊ ကိုဇော်မြင့်နိုင်၊ ကိုအရှည်ကြီးဆိုသူတို့ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီခန့်တွင် နန့်မှော်ကျေးရွာအနီး၊ စန်းရွှင်လုပ်ကွက်ဟောင်းအတွင်းတွင် ကျောက်တူးနေသည့် အမျိုးသားလေးဦးမှာ အပေါ်မှမြေသားထုများ ပြိုဆင်းခဲ့ပြီးနောက်မြေပိသွားခဲ့ကြောင်း၊ လူမှုကူညီရေးအသင်းများ၊ ပတ်ဝန်းကျင်မှ လူအများက စက်ယန္တရားများဖြင့် ဖယ်ရှားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း၊ သေဆုံးသူများမှာ ရခိုင်ပြည်နယ်မှလာသည့် ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း ကူညီရေးလုပ်ဆောင်သူများက ပြောကြားသည်။

မြေပိသူများအား ကူညီခဲ့သူတစ်ဦးက “မြေသားအောက်ပုံကျသွားတော့ အသက်ရှင်ဖို့တော့မဖြစ်နိုင်တော့ဘူး။ စက်ယန္တရားနဲ့မနည်းဖယ်ရှားရတယ်။ အခုတော့ဆိုင်းတောင်သုသာန်မှာ ရှိတဲ့ဆွေမျိုးတွေနဲ့ သရဏဂုံတင် တရားနာနေကြပါပြီ။ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေပါပဲ။ စိတ်မကောင်းစရာပေါ့” ဟု ပြောကြားသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်ဒေသ သာယာကုန်းကျေးရွာအနီးက ဆင်ခေါင်းတောင်လုပ်ကွက်တွင် မြေပြိုမှုဖြစ်ကာ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

ဖားကန့်ဒေသတွင် ယခုနှစ်သေဆုံးမှုအခြေအနေမှာ ခြေချော်ကျခြင်း၊ ရေထဲပြုတ်ကျခြင်း၊ ပြေးလွှားရင်း ကျောက်စိမ်းလုပ်ကွက်အဟောင်းအတွင်း ရေကူးရာတွင် ရေနစ်ခြင်းစသည့်အခြေအနေများကြောင့် သေဆုံးမှုသာ တွေ့ရကြောင်း လူမှုကူညီရေးအသင်းများက သုံးသပ်ပြောကြားသည်။

လက်ရှိတွင် ဖားကန့်ဒေသအခြေအနေမှာ ကုမ္ပဏီများအား တူးဖော်ခွင့်ရပ်ဆိုင်းထားသော်လည်း ကျောက်စိမ်းအထွက်ကောင်းသည့်နေရာအနှံ့အပြားတွင် စက်ယန္တရားများဖြင့် ညစဉ်ခိုးထုတ်တူးဖော်နေကြဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင်အမြဲရှိနေပြီး ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တနိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်းစသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေပြီး မြေပြိုမှုကြောင့် လစဉ်သေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။

ထွန်းလင်းအောင် (မြစ်ကြီးနား)

Most Read

Most Recent