တိုက်ပွဲများပြင်းထန်နေသဖြင့် ခရီးသွားများအနေဖြင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ လုံးဝသွားလာခြင်းမပြုရန် KNU ဒူးပလာယာခရိုင်  ထုတ်ပြန်

တိုက်ပွဲများပြင်းထန်နေသဖြင့် ခရီးသွားများအနေဖြင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ လုံးဝသွားလာခြင်းမပြုရန် KNU ဒူးပလာယာခရိုင်  ထုတ်ပြန်
Published 16 January 2023
ဘိုဘိုမြင့်

တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ လုံးဝသွားလာခြင်း မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က ဇန်နဝါရီလ ၁၆ ရက်စွဲဖြင့် တားမြစ်စာထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိကာလ မိမိတို့ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများ၊ ခရီးသွားလာရာတွင် အလွန်အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း၊ သို့ဖြစ်ပါ၍ ကြာအင်းဆိပ်ကြီးနှင့်ဘုရားသုံးဆူလမ်းတွင် ခရီးသည်တင်ယာဉ်များ ဇန်နဝါရီ ၁၆ ရက်မှ ၂၃  ရက်အထိ လုံးဝသွားလာခြင်းမပြုလုပ်ရန် တားမြစ်ကြောင်း KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ထားသည့် တားမြစ်စာအရ သိရသည်။

“မနေ့(ဇန်နဝါရီ ၁၅ ရက်) အထိတော့ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကနေ ကားတွေ အသွားအလာတော့ ရှိသေးတယ်။ ဒီနေ့ (ဇန်နဝါရီ ၁၆ ရက်)တော့ ဘယ်ကားမှ အသွားအလာမှမလုပ်တော့ဘူး” ဟု မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသို့ ယာဉ်ပြေးဆွဲနေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၁၆  ရက်မှစတင်ကာ ခရီးသည်တင်ယာဉ်လိုင်းများလည်း ကားလက်မှတ်ရောင်းချမှုများ ရပ်ဆိုင်းထားသည်ဟု သိရကြောင်း ၎င်းက ပြောကြားသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းအချိန်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူလမ်းပိုင်းမှ ခရီးသွားလာမှုမရှိတော့ဘဲ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းကိုသာ ခရီးသွားများအသုံးပြုကာ သွားလာနေကြရကြောင်း လက်ရှိတွင် ရေး-ဘုရားသုံးဆူလမ်းပိုင်းသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဘုရားသုံးဆူ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“ဘုရားသုံးဆူမြို့အဝင် ဘုရားတောင်ဂိတ်စခန်းမှာ တိုက်ပွဲဖြစ်ပြီးတော့ တစ်ပတ်လောက် သံဖြူဇရပ်-အနန်းကွင်း- ဘုရားသုံးဆူလမ်းက ပိတ်ထားရတယ်။ အဲဒီနောက်မှာတော့ ကားတချို့သွားလာကြတာမျိုးတော့ရှိတယ်။ ဒါပေမယ့် ခရီးသည်တင်ယာဉ်တွေတော့ မသွားကြဘူး။ ဒီဘက်က မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကိုပဲ အသုံးပြုကြရတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ အနန်းကွင်းနားက တောင်စွန်းရွာမှာတိုက်ပွဲဖြစ်တော့ အဲဒီသံဖြူဇရပ်- အနန်းကွင်း-ဘုရားသုံးဆူလမ်းကို ဘယ်သူမှ အသုံးမပြုကြတော့ဘူး။ တစ်ခါကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေဖြစ်တုန်းကလည်း ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို အသွားအလာ မလုပ်ကြရဲဘူး။ အခုအခြေအနေက ဘုရားသုံးဆူကနေ ပြည်မထဲဝင်ချင်ရင် ဘုရားသုံးဆူ-ရေးလမ်း တစ်ခုတည်း ကျန်တော့မယ့်သဘောပါပဲ။ အဲဒီလမ်းက နည်းနည်းကြမ်းတယ်။ Four Wheel ကားတွေပဲ သွားလာလို့ရတယ်” ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြရကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent