မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနှင့်ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်-ကျပ် ငွေစာရင်း ဖွင့်လှစ်နိုင်ကြောင်း ပြည်တွင်းဘဏ်အချို့ ကြေညာ

မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနှင့်ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်-ကျပ် ငွေစာရင်း ဖွင့်လှစ်နိုင်ကြောင်း ပြည်တွင်းဘဏ်အချို့ ကြေညာ
Published 13 January 2023

မြန်မာ-ထိုင်းနယ်စပ် အမှတ်(၁)ချစ် ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနှင့်ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ဘတ်-ကျပ် ငွေစာရင်း ဖွင့်လှစ်နိုင်ကြောင်း ပြည်တွင်းဘဏ်အချို့က ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ပိတ်ထားခဲ့ရသော မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက်အမှတ် (၁) ချစ်ကြည်ရေး တံတားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၁၂ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မြန်မာနှင့်ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ဘတ်-ကျပ် ငွေစာရင်းဖွင့်လှစ်နိုင်ကြောင်း CB ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)၊ ဧရာဝတီဘဏ် (AYA) တို့က ကြေညာခဲ့ခြင်းဖြစ်သည်။

AYA ဘဏ်၏ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံနှင် ့မြန်မာနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ကုန်စည်များ တင်ပို့ခြင်း၊ တင်သွင်းခြင်းများကို ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ရန် ဘတ်-ကျပ်ငွေ စာရင်းများကို နေပြည်တော်ဘဏ်ခွဲ၊ မန္တဘေးဘဏ်ခွဲ(၂)၊ တာချီလိတ်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ(၁)၊ ရန်ကုန်ဘဏ်ခွဲ(၂၆)၊ မြိတ်ဘဏ် ခွဲ(၁)၊ ကော့သောင်းဘဏ်ခွဲတို့တွင် ဖွင့်လှစ် နိုင်ကြောင်း သိရသည်။

CB ဘဏ်၏ထုတ်ပြန်ချက်အရ Thai Boder Trade ဝန်ဆောင်မှုအတွက် CB ဘဏ်အနေဖြင့် ထိုင်း Bangkok  Bank နှင့် ချိတ်ဆက်ထားပြီး မိမိတို့၏ဘတ်ငွေစာရင်းမှ တစ်ဆင့် ထိုင်းဘတ်ငွေစာရင်းသို့ တိုက်ရိုက်လွှဲပို့နိုုင်ပြီး ထိုင်းမှ ငွေလွှဲလာပါကလည်း CB ဘဏ် မြန်မာကျပ်ငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း၊ Company Account – Thai Bath Account ဖွင့်လှစ်ခြင်းအတွက် တာချီလိတ်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ မြိတ်ဘဏ်ခွဲ၊ ကော့သောင်းဘဏ်ခွဲတို့၏ ID ဖြင့်သာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ Thai Bath Account ကို တာချီ လိတ်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ ကော့သောင်းဘဏ်ခွဲတို့၌ ဖွင့်လှစ်၍ ချက်လက် မှတ်စာအုပ်ထုတ်ယူခြင်း ဖြင့်လည်းကောင်း၊ အခြားသောCB Bank ၏ဘဏ်ခွဲများတွင် ချိတ်ဆက်၍လည်းကောင်း ဖွင့်လှစ်နိုင်ကြောင်း Exchange Rate ကို နေ့စဉ် (ဘဏ်ဖွင့်ရက်)ထိုင်းဘတ်^ မြန်မာကျပ်ငွေ စျေးကွက်အပေါ် မူတည်၍ သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

MAB – Myanma Apex Bank ၏ ထုတ်ပြန်ချက်အရ ထိုင်းဘတ်ငွေကုမ္ပဏီ စာရင်းရှင်စာရင်းဖွင့်လှစ်နိုင်ရင်း (Current A/C)၊ ငွေလွှဲလက်ခံရရှိမှုနှင့် ငွေလွှဲပေးပို့မှုများ ဆောင်ရွက်နိုင်ခြင်း (Inward and Outward TT၊ Import Letter of Credit ဖွင့်လှစ်နိုင်ခြင်း၊ Export Letter of credit  ရရှိပါက အကြောင်းကြားပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသ မ ၄၅၄သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၈၄၆ ဒသမ ၀၆၆ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄ သန်း တင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။