၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
Published 1 January 2023

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက် ရှိသည့်နိုင်ငံခြားကုမ္ပဏီအချို့ ပြန်လည်ထွက်ခွာခဲ့သည့်ဖြစ်စဉ်များကို ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးကဏ္ဍတွင် ထင်ရှားသောဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် ပြင်သစ်နိုင်ငံမှ Total Energies နှင့် အမေရိကန်မှ Chevron တို့ မြန်မာနိုင်ငံမှလုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ၂၁ ရက်က ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှထွက်ခွာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက် ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လူ့အခွင့်အရေးအခြေအနေများနှင့် တရားဥပဒေစိုးမိုးရေး အခြေအနေများ ဆိုးရွားလာမှုကြောင့် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ် Total နှင့် အမေရိကန် Chevron တို့က ကြေညာခဲ့သည်။

သြစတြေးလျ စွမ်းအင်လုပ်ငန်း Woodside သည်လည်း မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဟု ဇန်နဝါရီ ၂၇ ရက်က ကြေညာခဲ့သည်။ Woodside သည် မြန်မာနိုင်ငံတွင် ကိုးနှစ်ကြာ လုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်။ Woodside သည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် အများအပြားကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။ A-6 သည် Woodside နှင့် Total တို့ ပူးပေါင်းလုပ်ဆောင်နေသည့်လုပ်ငန်းဖြစ်ကာ မြန်မာနိုင်ငံ၏ အနောက်ကမ်းရိုးတန်းရှိ ရေနက်သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်သည်။ မြန်မာ့ဓာတ်ငွေ့လုပ်ငန်းသည် တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံခန့်ရရှိနေသည့် လုပ်ငန်းဖြစ်သည်။     

ပြည်တွင်း၌ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးနေသည့် PUMA Energy ကုမ္ပဏီအနေဖြင့် Puma Energy Asia Sun (PEAS) နှင့် နိုင်ငံပိုင်မြန်မာ့ရေနံဓာတုလုပ်ငန်းတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော National Energy Puma Aviation Services Co. Ltd) (NEPAS) မှ ရှယ်ယာများကို ပြည်တွင်းကုမ္ပဏီတစ်ခုသို့ ရောင်းချကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း PUMA Energy က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်ကတည်းက ဝင်ရောက်မြှုပ်နှံခဲ့သည့် PUMA စွမ်းအင်ကုမ္ပဏီသည် Asia Sun Energy (ASE) နှင့် အကျိုးတူပူးပေါင်းပြီး Puma Energy Asia Sun (PEAS) အမည်ဖြင့် မြန်မာနိုင်ငံ၏ ရေနံထွက်ကုန်ဖြန့်ဖြူးမှုကဏ္ဍတွင် လေယာဉ်ဆီနှင့် အခြားလောင်စာဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခဲ့ကာ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းဖြင့် အကျိုးတူပူးပေါင်း၍လည်း National Energy Puma Aviation Services Co. Ltd) (NEPAS) ဖက်စပ် ကုမ္ပဏီထူထောင်၍ လေယာဉ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် PUMA အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှုမှ ထွက်ခွာရန် ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော နော်ဝေကုမ္ပဏီကြီး တယ်လီနောက မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရောင်းချတော့မည်ဖြစ်ကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။

ယခင်က တယ်လီနော မြန်မာကို နော်ဝေနိုင်ငံအခြေစိုက် Telenor Group မှပိုင်ဆိုင်ရာမှ ယခုနှစ် မတ်လတွင် လက်ဘနွန်နိုင်ငံမှ M1 Group သို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့သည်။ တယ်လီနောမြန်မာကို M1 Group နှင့်ပြည်တွင်းမိတ်ဖက်ကုမ္ပဏီဖြစ်သည့် ရွှေဗျိုင်းဖြူတို့က လွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ရွှေဗျိုင်းဖြူက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ လက်ရှိတွင် တယ်လီနောမြန်မာကို Atom အဖြစ် အမည်ပြောင်းလဲထားသည်။

ဖေဖော်ဝါရီ ၁ ရက်မတိုင်မီက မြန်မာနိုင်ငံတွင် လူတစ်သိန်းကျော်ကို အလုပ်အကိုင်ပေးထားသည့် ဗြိတိန်အခြေစိုက် စီးကရက်ကုမ္ပဏီ British A American Tobacco ကလည်း လုပ်ငန်းများကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလထဲတွင် ကြေညာခဲ့သည်။

ပြင်သစ်အခြေစိုက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီဖြစ်သည့် Voltalia သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာသည် မြန်မာနိုင်ငံရှိ စက်ရုံတစ်ရုံတွင် ထုတ်လုပ်မှုများစတင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ 

အီတလီမှ Benetton ကဲ့သို့ ဖက်ရှင်ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ အပ်ထည်အသစ်များမှာယူမှုကို ရပ်ဆိုင်းခဲ့သည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး EDF သည် ဂျပန်နိုင်ငံမှ Marubein၊ မြန်မာမှ ဧရာဟင်္သာကုမ္ပဏီတို့နှင့် အကျိုးတူပူးပေါင်းကာ ရွှေလီ-၃ ရေအားလျှပ်စစ်ဆည်တစ်ခုကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအသုံးပြုကာ တည်ဆောက်မည့် စီမံကိန်းတွင် ပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။

လက်ရှိအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လာမည့်နှစ်များအတွင်း အရှေ့အုပ်စု၊ အနောက်အုပ်စု၊ အီးယူ၊ အမေရိကန် စသည်ဖြင့် ရွေးချယ်ခွင့် သိပ်မရှိတော့သည်အတွက် ဝင်ရောက်လာသည့်ကုမ္ပဏီများ၏ တာဝန်သိရင်းနှီးမြှုပ်နှံမှုများဖြစ်ရေးကိုသာ ကြပ်မတ်ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent