ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုများကို ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုများကို ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်
Published 26 December 2022

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အ​​ပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ဒီဇင်ဘာ ၂၆ ရက်ရုံး ချိန်းတွင် အမှုများဖြင့် အမိန့် ချမှတ်ရန် သင့်၊ မသင့် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် ဒီဇင်ဘာ ၂၆ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀ တို့နှင့်ပတ်သက်၍ အမှုများဖြင့် အပြီးသတ်အမိန့်ချမှတ်ရန် သင့် မသင့် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်​​ပေးခဲ့ပြီး လာမည့်ဒီဇင်ဘာ ၃၀ ရက် ရုံးချိန်တွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရ ခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်းငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စင်း ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေသည့် စွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ​​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းအပေါ် တရားစွဲဆိုထားမှုများအနက် စစ်ဆေးပြီး စီးသွားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရပြီး နေပြည်တော်အကျဉ်းထောင်တွင် သီးခြားထားရှိကြောင်း သိရသည်။

Most Read

Most Recent