ထိုင်းလိဂ်-၁ ကလပ် ရတ်ချာဘူရီအသင်းသည် မြန်မာ့လက်ရွေးစင် ဘယ်နောက်ခံလူ နန္ဒကျော်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သိရသည်။
ရတ်ချာဘူရီအသင်းနှင့် နန္ဒကျော်တို့၏ ဆွေးနွေးမှုမှာ ပြီးခဲ့သည့်ရက်များကတည်းက အပြီးသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း ကစားသမားဖြစ်သူမှာ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ၂၀၂၂ AFF Cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသောကြောင့် တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုလုပ်သေးခြင်းဖြစ်ကြောင်း သိရသည်။
နန္ဒကျော်သည် ရတ်ချာဘူရီအသင်းသို့ သွားရောက်ကစားခြင်းမှာ ပြည်ပကလပ်အသင်းတစ်သင်းသို့ ပထမဆုံးအကြိမ် သွားရောက်ကစားခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ရတ်ချာဘူရီအသင်းသည် လက်ရှိတွင် မြန်မာ့လက်ရွေးစင် ညာနောက်ခံလူ ဟိန်းဖြိုးဝင်းနှင့် ဂိုးသမား မျိုးမင်းလတ်တို့ကို ခေါ်ယူထားသောကြောင့် ယခုရာသီတွင် မြန်မာကစားသမား သုံးဦးအထိ ခေါ်ယူသော ပထမဆုံး ထိုင်းကလပ်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
နန္ဒကျော်သည် လူငယ်ကစားသမားဘဝကို အားကာသိပ္ပံ(မန္တလေး) မှ အစပြုခဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ၂၀၁၂ ခုနှစ်တွင် မကွေးလူငယ်အသင်းသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်တွင် မကွေးအသင်းကြီးသို့ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကုန်အထိ ၅ နှစ်ကြာ ကစားပေးခဲ့သည်။
နန္ဒကျော်သည် မကွေးအသင်းနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ချန်ပီယံ တစ်ကြိမ်နှင့် MFF Charity Cup ချန်ပီယံ တစ်ကြိမ် ရရှိအောင်စွမ်းဆောင်ပေးခဲ့သည်။
နန္ဒကျော်သည် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ရှမ်းယူနိုတက်အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့သလို ခြေစွမ်းပြကစားနိုင်ခဲ့သည်။
နန္ဒကျော်သည် ရှမ်းယူနိုက်တက်အသင်းနှင့်အတူ ူ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ချန်ပီယံတစ်ကြိမ်၊ MFF Charity Cup ချန်ပီယံ နှစ်ကြိမ်၊ MNL အမှတ်ပေးလိဂ် ချန်ပီယံ သုံးကြိမ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။
၂၀၂၂- ၂၀၂၃ ရာသီ ထိုင်းလိဂ် ရာသီဝက် အပြောင်းအရွှေ့ကာလကို ဒီဇင်ဘာ (၁၉)ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁၇) ရက်အထိ တစ်လဝန်းကျင် ဖွင့်လှစ်ထားပြီး ယင်းကာလအတွင်း မြန်မာကစားသမားသစ် (၃)ဦးနှင့်အထက် ရောက်ဖွယ်ရှိနေကြောင်း သိရသည်။
ယခုရာသီတွင် ထိုင်းလိဂ်များ၌ သွားရောက်ကစားနေသည့် မြန်မာကစားသမား (၁၅)ဦးအထိ ရှိနေသည်။















