စီးပွားရေးနယ်ပယ်အတွင်း ဂယက်ထအောင် နည်းပညာအလွဲပြုသူအချို့က လူမှုကွန်ရက်နှင့် နည်းပညာအသုံးပြုပြီး ဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီးပြောကြား

စီးပွားရေးနယ်ပယ်အတွင်း ဂယက်ထအောင် နည်းပညာအလွဲပြုသူအချို့က လူမှုကွန်ရက်နှင့် နည်းပညာအသုံးပြုပြီး ဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီးပြောကြား
ကုန်သည်စက်မှုအသင်းချုပ်၏(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို တွေ့ရစဉ်
ကုန်သည်စက်မှုအသင်းချုပ်၏(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို တွေ့ရစဉ်
Published 22 December 2022

စီးပွားရေးနယ်ပယ်အတွင်း ဂယက်ထအောင် နည်းပညာအလွဲပြုသူအချို့က လူမှုကွန်ရက်နှင့် နည်းပညာအသုံးပြုပြီး ဆောင် ရွက်နေကြောင်းနှင့် ယင်းအခြေအနေများတွေ့ရှိနေရသည့်အတွက် သတင်းအမှန်များ ပြန်လည်ထုတ်ပြန်ပြီး ချေဖျက်ပေးစေ လိုကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက ကုန်သည်စက်မှုအသင်းချုပ်သို့ တိုက်တွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ခေတ်ကာလဟာ နယ်ပယ်ကဏ္ဍအသီးသီးမှာ ပွင့်လင်းမြင်သာမှုရှိရေးဟာ အရေးပါတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။  တဖက်မှာလည်း သတင်းအချက်အလက်နည်းပညာဟာ အရှိန်အဟုန်နဲ့တိုးတက်မြင့်မားလာတာကြောင့်  သတင်းဖြန့်ကျက်နိုင် မှုဟာ ထုထည်အားဖြင့်ရော အမြန်နှုန်းအားဖြင့်ရော  တစ်စထက်တစ်စ ပိုမိုကြီးမားလာတာ တွေ့ရပါတယ်။  အဆိုပါအခြေအနေမှာ မိမိတို့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာကို အကျိုးရှိစွာအသုံးချနိုင်ခဲ့ရင် နိုင်ငံသားအားလုံးအတွက် အလားအလာကောင်းတွေကို ဆောင်ကျဉ်းပေါ်ပေါက်ပေးစေမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး က ဆိုသည်။

“သို့သော်လည်း ဒီနေ့ခေတ်ကာလမှာ နည်းပညာအလွဲပြုသူအချို့ဟာ စီးပွားရေးနယ်ပယ်အတွင်းမှာ ဂယက်ထအောင် လူမှု ကွန်ရက်နဲ့ နည်းပညာအသုံးပြုပြီး ဆောင်ရွက်နေကြတာကို စိတ်မကောင်းဖွယ်တွေ့ရှိရပါတယ်။ နိုင်ငံသားပြည်သူများအကြား စီးပွားရေးနှင့် ပတ်သက်သည့် သတင်းအမှားတွေ၊ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာအောင် လုပ်ကြံသတင်းထုတ်လွှင့်နေမှုများကို တွေ့ရှိနေရတဲ့အတွက် ဒီလိုလှုပ်ရှားမှုများကို အသင်းချုပ်ကြီးအနေနဲ့ သတင်းအမှန်များ ပြန်လည်ထုတ်ပြန်ပြီး ချေဖျက်ပေးစေလိုကြောင်း အသင်းချုပ်ကြီးကို တိုက်တွန်းလိုပါတယ်”ဟု  ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် နှစ်ပေါင်း ၁၀၀ ကျော် ရှင်သန်လျှောက်လှမ်းခဲ့ရာတွင် နိုင်ငံတော်စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကကျသည့်အစိုးရနှင့် ပုဂ္ဂလိက (Public & Private)၊ ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း(B2B)၊ ပုဂ္ဂလိကကဏ္ဍအချင်းချင်း (Private to Private) အပြန်အလှန်ထိရောက်စွာ ဆက်သွယ်ပေးသည့်ပေါင်းကူး တံတားအဖြစ်လည်းကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံတကာစျေးကွက်ထိုးဖောက်ရေး၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူလုပ်ငန်းရှင်များဝင်ရောက်လာနိုင်ရေးအတွက် “Business Gateway”အဖြစ်လည်းကောင်း တစ်စိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

Most Read

Most Recent