ပရော်ဖက်ရှင်နယ်လစ်ဇင်ဟူသည် ...

ပရော်ဖက်ရှင်နယ်လစ်ဇင်ဟူသည် ...
Published 21 December 2022

“နိုင်ငံရေးနဲ့ ပြည့်တန်ဆာအလုပ်ကပဲ  အတွေ့အကြုံမရှိတာကို ကောင်းကွက်လို့ ယူဆတဲ့ အလုပ်တွေ ဖြစ်မှာပါ။ တခြားဘယ်အလုပ်မှာများ ရှင်တို့အနေနဲ့ ကိစ္စရပ်တွေ မသိတဲ့အကြောင်း ကြွားဝါလို့ရမှာလဲ။ ကျွန်မက ဟားဗတ်ဆင်း နှလုံးခွဲစိတ်ဆရာဝန်တွေထဲက တစ်ယောက် မဟုတ်ဘူးလေ။။ ကျွန်မက အိပ်မက်တစ်ခုရှိတဲ့ လိုင်စင်မဲ့ရေပိုက်ပြင်သမားတစ်ယောက် ဆိုပါစို့။ ကျွန်မ ရှင့်ရဲ့ရင်ဘတ်ကို ခွဲဖြတ်ပစ်ချင်တယ်။ ရမလား”

တီနာဖေး (၁၉၇၀ ဖွား)

အမေရိကန် ရုပ်ရှင်မင်းသမီး၊ လူရွှင်တော်၊ စာရေးဆရာမ၊ ရုပ်ရှင်ထုတ်လုပ်သူနှင့် ပြဇာတ်ရေးသူ

ပရော်ဖက်ရှင်နယ်လစ်ဇင် (Professionalism) ဟူသည် အလုပ်တစ်ခုအတွက် ကောင်းစွာလေ့ကျင့်ပေးထားသူတစ်ဦးထံ၌ ရှိရမည့်ကျွမ်းကျင်မှု၊ ကောင်းမွန်သောဆုံး ဖြတ်ချက်ချနိုင်မှုနှင့် ယဉ်ကျေးသိမ်မွေ့သောအပြုအမူကို ဆိုလိုသည်။ အလုပ်တစ်ခု သို့မဟုတ် လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ပေးသောကျင့်ဝတ်၊ ရည်ရွယ်ချက် နှင့် အရည်အသွေးကို ဖော်ပြသည်။ ပရော်ဖက်ရှင်နယ်လစ်ဇင်တွင် အသိဉာဏ် ဗဟုသုတ၊ ကျွမ်းကျင်မှုတို့အပြင် တာဝန်ယူမှုအပါအဝင် ကျင့်ဝတ်များက မရှိမဖြစ် အရေးပါသည်။ လူတစ်ဦး၏ အလုပ်ကျင့်ဝတ်ဟူသည် သူ၏စရိုက်ကို ကိုယ်စားပြု၏။ အားကောင်းသည့် အလုပ်ကျင့်ဝတ်တစ်ရပ်ရှိခြင်းသည် ထိုသူအနေဖြင့် ကောင်းမွန်သည့် အလုပ်တစ်ခုကို လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ တန်ဖိုးမြင့်မားစွာထားသည့်အပြင် အခြားသူများကိုလည်း လေးစားကာ သမာဓိရှိရှိ ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ပရော်ဖက်ရှင်နယ်လစ်ဇင်သည် လူတစ်ဦးအနေဖြင့် အလုပ်သို့ ရောက်ရှိလာပုံနှင့် အလုပ်နှင့် ပတ်သက်၍ သူကိုယ်တိုင် ဆောင်ရွက်ပုံတို့ကို ဖော်ပြသည့် အလုပ်ကျင့်ဝတ်ဆိုင်ရာ သဘောတရား အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု (Profession) ၌ ပါဝင်သူကို ပရော်ဖက်ရှင်နယ် (Professional) ဟု ခေါ်ဆိုသည်။ ပရော်ဖက်ရှင်တစ်ခု၏ အခန်းကဏ္ဍ၌ပါဝင်ရန် လိုအပ်သော သက်ဆိုင်ရာအသိဉာဏ်ဗဟုသုတနှင့် ကျွမ်းကျင်မှုများရှိစေရန် ပညာသင်ကြားပေးရေးနှင့် လေ့ကျင့်ပေးရေး စံသတ်မှတ်ချက်များကို ဖော်ပြရာ၌လည်း ပရော်ဖက်ရှင်နယ်ဟူသောစကားလုံးကို အသုံးပြုသည်။ ပရော်ဖက်ရှင်နယ်အများစုသည် တင်းကျပ်သောကျင့် ဝတ်ဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ခံမှုများကို ဖော်ပြသည့် တိကျသော ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများကို လိုက်နာရသည်။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တစ်ခုအတွက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ချက်များကို ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုကာ လိုက်နာထိန်းသိမ်းရန် သဘောတူကြသည်။

ဥပမာအားဖြင့် အနောက်တိုင်းနိုင်ငံများနှင့် အနောက်တိုင်း စံသတ်မှတ်ချက်များကို လက်ခံသည့် မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများတွင် ဆရာဝန်များသည် Hippocartic Oath ကို လုပ်ငန်းဆိုင်ရာကျင့်ဝတ်အဖြစ် လိုက်နာရသည်။ ယနေ့ခေတ် ဆေးပညာလောကတွင် ပရော်ဖက်ရှင်နယ်လစ်ဇင်သည် ဆုံးဖြတ်ချက်ချခြင်းနှင့်ပတ်သက်သော အချက်အလက်များကို လူနာက သိပိုင်ခွင့်ရှိခြင်းအား လေးစားလိုက်နာခြင်းမှသည် တာဝန်ခံမှုရှိ ခြင်းသို့လည်းကောင်း၊ ကျွမ်းကျင်သော ထင်မြင်ချက်မှသည် အထောက်အထားကို အခြေခံသော ဆေးပညာအဖြစ်သို့လည်းကောင်း၊ မိမိကိုယ်ကိုယ်အခြေပြုခြင်းမှသည် အဖွဲ့လိုက် ဆောင်ရွက်ခြင်းနှင့် တာဝန်ခံမှု မျှယူခြင်းသို့လည်းကောင်း ဆင့်ကဲပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ပရော်ဖက်ရှင်နယ်လစ်ဇင်တွင် အရေးကြီးသည့် အချက်များစွာရှိသည့်အနက် အရေးအကြီးဆုံးမှာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်သည်။ လုပ်သမျှ အလုပ်အားလုံးအတွက် တာဝန်ခံခြင်း ဖြစ်သည်။ ပရော်ဖက်ရှင်နယ်လစ်ဇင် အဆင့်မြင့်မားသူတစ်ဦးသည် သူလက်ခံထားသည့်အလုပ်များ၊ သူ၏လုပ်ဆောင်ချက်များနှင့် သူ၏ အလုပ်မှ ထွက်ပေါ်လာသောပြဿနာရပ်များအားလုံးအတွက် တာဝန်ယူသူဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ပရော်ဖက်ရှင်တစ်ခု၏ ပရော်ဖက်ရှင်နယ်တစ်ဦးသည် ပရော်ဖက်ရှင်နယ်လစ်ဇင်အတိုင်း လိုက်နာရမည်ဖြစ်သည်။ သက်ဆိုင်ရာလုပ်ငန်းတစ်ရပ်အတွက် လေ့ကျင့်သင်ကြားပေးခံထားရသူသည် ယင်းနှင့်ပတ်သက်၍ အသိဉာဏ်ဗဟုသုတ၊ ကျွမ်းကျင်မှုတို့တွင်သာမက တာဝန်ယူမှုနှင့် ကျင့်ဝတ်လိုက်နာစောင့်ထိန်းမှုတွင် သူ၏ဝန်ဆောင်မှုကို ခံယူမည့်သူများ အတွက် ယုံကြည်စိတ်ချရမှု ရှိရမည်ဖြစ်သည်။ မည်သို့သော အနေအထား၌မဆို မိမိသည် ပရော်ဖက်ရှင်နယ်ပီသကြောင်း ပြသနိုင်ရမည်ဖြစ်သည်။ သက်ဆိုင်ရာ ပရော်ဖက်ရှင်တစ် ခုကို ရွေးချယ်ခဲ့မှုအတွက် ယင်းနှင့်အတူ တွဲလျက်သားပါလာသော ပရော်ဖက်ရှင်နယ်လစ်ဇင်ကို မဖြစ်မနေလက်ခံရတော့မည် ဖြစ်သည်။

ထို့ကြောင့် ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ပရော်ဖက်ရှင်တစ်ခုကို လုပ်ကိုင်နေသူ တစ်ဦးသည် ပရော်ဖက်ရှင်နယ်လစ်ဇင်အတိုင်း လိုက်နာရမည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent