အပြစ်ရှိသူကို ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်ရန်လိုပြီး အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား  

အပြစ်ရှိသူကို ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်ရန်လိုပြီး အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား  
Published 21 December 2022

အပြစ်ရှိသူကို ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်ရန်လိုပြီး အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 

ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသည့် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ကိုးရပ်တို့ကိုချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်တွင်လည်း ခေတ်ကာလနှင့်မလျော်ညီသည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် နိုင်ငံတော်၏ အာဏာကြီး (၃)ရပ်တွင် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျင့်သုံး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေးကြီးသည့်မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးအတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ပြောကြားသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ဆန္ဒနှင့်အညီ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အားလုံး မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီ ခိုင်မာရေးဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းစသည့် အခြေခံလိုအပ်ချက်များကို ဖြစ်ပေါ်စေရေးအတွက် တရားရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော် သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် “ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ” ဟူသည့်အတိုင်း အဘက်ဘက်က မှန်ကန်တိကျပြီး တရားမျှတမှုရှိသည့် စီရင်ဆုံးဖြတ်ချက်များနှင့် နိုင်ငံနှင့်ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း ၎င်းက ဆိုသည်။ 

တရားစီရင်ရေးဆိုရာတွင် ပြည်သူလူထုက ယုံကြည်အားကိုးရသည့် တရားစီရင်ရေးဖြစ်ရန် အရေးကြီးသည်ကို အထူးပြောရန်မလိုကြောင်း၊ ထိုကဲ့သို့ ယုံကြည်ကိုးစားမှုရှိနိုင်ရေး တရားရုံးများက ဥပဒေနှင့်အညီ လွတ်လပ်မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း၊ အဂတိတရား ကင်းစင်ခြင်း၊ မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ အဆုံးအဖြတ်ပြုနိုင်ခြင်းများသည် အရေးပါသည်ဖြစ်သကဲ့သို့ တရားရုံးများ၏ အသွင်အပြင်တင့်တယ်မှု၊ ခန့်ညားထည်ဝါမှု၊ တရားရုံးဝန်ဆောင်မှုများကို ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မှုရှိရန်လည်း လိုအပ်ကြောင်း၊ တရားစီရင်ရေးသည် အမှားအယွင်းမခံသည့်ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန်လိုအပ်ကြောင်း၊ ကျူးလွန်သည့်ပြစ်မှုနှင့် သင့်တော်သည့်ပြစ်ဒဏ်မျိုးကို မှန်မှန်ကန်ကန် ချမှတ်နိုင်ခြင်းသည် တရားစီရင်ရေး၏ အဓိကလိုအပ်ချက်ဖြစ်ရာ တရားသူကြီးများအနေဖြင့် ဥပဒေရေးရာတွင် နှံ့စပ်ကျွမ်းကျင်ပြီး စီရင်ထုံးများကို သိရှိနားလည်အောင် အစဉ်ကြိုးစားလေ့လာနေရန် လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို နောင်တွင်နောက်ထပ်ပြစ်မှု မကျူးလွန်စေရေး ဟန့်တားနိုင်သည့် ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားများ သည် တရားရေးမဏ္ဍိုင်တွင် အလွန်အရေးကြီးသည်ကို အသိပေးမှာကြားလိုကြောင်း ၎င်းက ဆိုသည်။ 

အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

Most Read

Most Recent