Photo - - ကမာဝက်/မုဒုံ Information
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာမှ နေအိမ် (၁၃) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုဖြစ်စဉ်မှာ ကမာဝက်မြို့၊ (၁၁) ရပ်ကွက်၊ ရှမ်းစုရပ်နေ ဒေါ်လှသိန်း ဆိုသူ၏ မြေးဖြစ်သူ မောင်ချစ်ဘိုသန်း မှာ နေအိမ် အိပ်ရာအနီးတွင် ဖယောင်းတိုင်မီးထွန်းထားရာမှတဆင့် ခြင်ထောင် နှင့် အိပ်ယာသို့ မီးကူးစက်လောင်ကျွမ်းရာမှ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေမီးသတ်စခန်းထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ ကမာဝက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ ကမာဝက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ ညောင်ကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီး၊ နိုင်လုံအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် မုဒုံမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဖုန်းမြင့်အေး ဦးစီးသော် သန္ဓေ္ဓနှင့် အရန်မီးသတ်တပ်ဖွဲ့တင်များ၊ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းများ နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၂) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် စုစုပေါင်း (၁၃) လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မီးလောင်နေတဲ့အချိန်မှာ လေပါတိုက်နေတော့ တခြားအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းမှုက မြန်သွားတာပါ။ အိမ်တွေကလည်းအများအားဖြင့် သစ်သားအိမ်တွေများတယ်။ ဆိုင်ကယ်တွေလည်း မီးလောင်တဲ့အထဲပါသွားကြတယ်လို့ သိရတယ်။ လူနိုင်သွားလို့သာ မြန်မြန်ငြိမ်းသတ်နိုင်ခဲ့ကြတာပါ။ မဟုတ်ရင်တော့ ဆုံးရှုံးမှုတွေပိုများသွားနိုင်ပါတယ်” ဟု ကမာဝက်မြို့ခံပြည်သူတစ်ဦး က ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးသွားသည့်နေအိမ် (၁၃) လုံးမှ မီးဘေးသင့်ပြည်သူ (၅၆) ဦး အား အောင်တော်မူဘုန်းကြီးကျောင်းတွင် ယာယီနေရာချထားပေးထားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်မှ ဒေါ်လှသိန်း အား ကမာဝက်နယ်မြေရဲစခန်းတွင် မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၇) ရက် နံနက်ပိုင်းကလည်း မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၊ ရွာကြီး (ကမ်းနားပိုင်း) တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ နေအိမ် (၅) လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ ဒီဇင်ဘာလ (၁၄) ရက် မွန်းလွဲပိုင်းအချိန်ကလည်း မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ရန်ပြေလမ်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ နေအိမ် (၂) လုံးနှင့် မော်တော်ဆိုင်ကယ် (၂) စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ဒီဇင်ဘာလ (၁၈) ရက် ညပိုင်းကလည်း ချောင်းဆုံမြို့နယ် တကူကနာကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ နေအိမ် (၂) လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။















