စီးပွားရေး လုံခြုံမှု (Economic Security)

စီးပွားရေး လုံခြုံမှု (Economic Security)
Published 18 December 2022
■ ရဲကျော်စွာ

စီးပွားရေး လုံခြုံမှု (Economic Security) သည် “ လူ့ လုံခြုံရေး “ (Human Security) ၏ အခြေခံအုတ်မြစ် ပင်မဒေါက်တိုင် တစ်ခု ဖြစ်သည် ။

အခြားသော နယ်ပယ်များ နှင့် ဆက်သွယ်ချက်

 စီးပွားရေး လုံခြုံမှု က စားနပ်ရိက္ခာ လုံခြုံမှု ၊ အလုပ်အကိုင် လုံခြုံမှု ၊ ဝင်ငွေ လုံခြုံမှု ၊ ကျန်းမာရေး လုံခြုံမှု နှင့် လူနေမှု အဆင့်အတန်း လုံခြုံမှုများ ကို တိုက်ရိုက် ပြဌာန်း ပေးနိုင်သည် ။ 

ထို့အပြင် နိုင်ငံရေး လုံခြုံမှု ၊ စစ်ရေး လုံခြုံမှု ၊ အရပ်ဖက် လုံခြုံမှု ၊ ပြည်သူ့ ရေးရာ လုံခြုံမှု ၊ အုပ်ချုပ်မှု လုံခြုံရေး ၊ ဥပဒေပြုမှု လုံခြုံရေး ၊ တရားစီရင်မှု လုံခြုံရေး ၊ လူမှုရေး လုံခြုံမှု ၊ ဓလေ့ယဉ်ကျေးမှု လုံခြုံရေး များ အပေါ်သို့လည်း စီးပွားရေး လုံခြုံမှု ဆိုင်ရာ အခြေအနေများက အကောင်း နှင့် အဆိုး နှစ်မျိုးလုံးတွင် အင်အားကြီးမားသော သက်ရောက်မှုများကို ပေးစွမ်းနိုင်သည် ။

စီးပွားရေး လုံခြုံမှု၏ အဆင့်အလွှာများ

 စီးပွားရေး လုံခြုံမှု သည် မတူညီသော လူမှု ယူနစ်များ အလိုက် အဆင့်အလွှာ (Levels) အသီးသီး တည်ရှိသည် ။

၁ ။ ကမ္ဘာလုံးဆိုင်ရာ အဆင့် စီးပွားရေး လုံခြုံမှု

(Global Level Economic Security)

၂ ။ နိုင်ငံတကာ အဆင့် စီးပွားရေး လုံခြုံမှု (International Level Economic Security)

၃ ။ ဒေသဆိုင်ရာ အဆင့် စီးပွားရေး လုံခြုံမှု (Regional Level Economic Security)

၄ ။ နိုင်ငံတော် အဆင့် ( ဝါ ) အမျိုးသား အဆင့် စီးပွားရေး လုံခြုံမှု (National Level Economic Security)

၅ ။ နယ်မြေ ဒေသန္တရ အဆင့် စီးပွားရေး လုံခြုံမှု (Local Level Economic Security)

၆ ။ ရပ်ရွာလူမှုအစုအဝန်း အဆင့် စီးပွားရေး လုံခြုံမှု (Community Level Economic Security)

၇ ။ စီးပွားရေး လုပ်ငန်း အဆင့် စီးပွားရေး လုံခြုံမှု (Business Level Economic Security)

၈ ။ အိမ်ထောင်စု အဆင့် စီးပွားရေး လုံခြုံမှု (Household Level Economic Security)

၉ ။ လူတစ်ဦးချင်း အဆင့် စီးပွားရေး လုံခြုံမှု (Individual Level Economic Security)

-အစရှိသော အဆင့်အလွှာများ တည်ရှိနေသည် ။ 

မတူညီသော အဆင့်အလွှာများ အလိုက် မတူညီသော စီးပွားရေး လုံခြုံမှု ဆိုင်ရာ မူဝါဒများ ၊ မဟာဗျူဟာများ ၊ စီမံကိန်းများ ၊ စံလုပ်ထုံးများ ၊ စံချိန်စံညွှန်းများ ၊ နည်းနိဿယများ (Technicals) နှင့် နည်းစနစ်ဗေဒများ (Methodologies) ကို မတူညီစွာ ချမှတ် ကျင့်သုံး ဆောင်ရွက်ရသည် ။

မတူညီသော အဆင့်အလွှာများ အတွက် ၊ နေရာဒေသများ အတွက် စီးပွားရေး လုံခြုံမှု လုပ်ငန်းများကို တပြေးညီ ပုံတူကူး ထပ်တူ လိုက်လံ ကျင့်သုံး၍ မရပါ ။

စီးပွားရေး လုံခြုံမှု၏ နယ်ပယ်များ 

 စီးပွားရေးများ (Economies) ၏ မတူညီသော ကဏ္ဍနယ်ပယ်များ အလိုက် သီးသန့် ဝိသေသအချင်းအရာများ (Particular Characteristics) ကိုယ်စီ ရှိကြသော စီးပွားရေး လုံခြုံမှု၏ အထူးပြု နယ်ပယ်များ တည်ရှိနေသည် ။

၁ ။ စက်မှုလုပ်ငန်း စီးပွားရေး လုံခြုံမှု (Industrial Economic Security)

၂ ။ ကုန်ထုတ်လုပ်ငန်း စီးပွားရေး လုံခြုံမှု (Productive Economic Security)

၃ ။ စွမ်းအင် စီးပွားရေး လုံခြုံမှု (Energy Economic Security)

၄ ။ ဘဏ္ဍာရေး နှင့် ငွေကြေးလုပ်ငန်း စီးပွားရေး လုံခြုံမှု (Financial and Monetary Economic Security)

၅ ။ ဝန်ဆောင်မှုလုပ်ငန်း စီးပွားရေး လုံခြုံမှု  (Service Economic Security)

၆ ။ ကုန်သွယ်မှု နှင့် ကူးသန်းရောင်းဝယ်မှု စီးပွားရေး လုံခြုံမှု (Trade and Commercial Economic Security)

၇ ။ စီမံကိန်းရေးရာ စီးပွားရေး လုံခြုံမှု (Planning Economic Security)

၈ ။ ဈေးကွက်ရေးရာ စီးပွားရေး လုံခြုံမှု (Market Economic Security)

၉ ။ ဓနအရင်း နှင့် ရင်းနှီးမြှုပ်နှံမှု‌ ရေးရာ စီးပွားရေး လုံခြုံမှု (Capitals and Investment Economic Security)

၁၀ ။ စားသုံးမှု ရေးရာ စီးပွားရေး လုံခြုံမှု (Consumption Economic Security)

၁၂ ။ စုဆောင်းမှု ၊ သိုလှောင်မှု နှင့် အရန်ထားရှိမှု ရေးရာ စီးပွားရေး လုံခြုံမှု (Saving, Storage and Reserving Economic Security)

      အစရှိသော အထူးပြု နယ်ပယ် တည်ရှိသည် ။

အမှန်စင်စစ်အားဖြင့် -

 စက်မှုလုပ်ငန်း နှင့် စွမ်းအင် သည် ကုန်ထုတ်လုပ်ငန်း နယ်ပယ်တွင် ပါဝင်သော်လည်း ယင်းတို့၏ သီးသန့် ထူးခြားမှု နှင့် အရေးကြီးမှုများ ကြောင့် သီးခြား ခွဲခြား၍ ဖေါ်ပြရခြင်း ဖြစ်သည် ။

  အလားတူပင် ဘဏ္ဍာရေး နှင့် ငွေကြေးလုပ်ငန်း သည် ဝန်ဆောင်မှု လုပ်ငန်း နယ်ပယ်တွင် ပါဝင်သော်လည်း ယင်း၏ သီးသန့် ထူးခြားမှု နှင့် အရေးကြီးမှုကြောင့် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများ ထံမှ ခွဲထုတ်ကာ သီးသန့် ဖေါ်ပြပေးရခြင်း ဖြစ်သည် ။

 မတူညီသော စီးပွားရေး လုံခြုံမှု အထူးပြု နယ်ပယ်များ အတွက် မတူညီသော ကျွမ်းကျင်မှုများ (Particular Skills) နှင့် ညဏ်ပညာလုပ်ငန်းများ (Particular Intellectual Works) ကို အသုံးပြု ဆောင်ရွက်ရသည် ။

စီးပွားရေး လုပ်ငန်း အဆင့် စီးပွားရေး လုံခြုံမှု

(Business Level Economic Security)

 စီးပွားရေး လုပ်ငန်းများ (Businesses) ၏ အရွယ်အစား (Sizes) နှင့် အမျိုးအစား (Types) များက ယင်းတို့ကို စီးပွားရေး လုံခြုံမှု ၏ မတူညီသော အဆင့်အလွှာများ နှင့် အထူးပြု နယ်ပယ်များ အတွင်း ထပ်ဆင့်တွဲ တိုက်ရိုက် ပါဝင်နေစေသည် ။

     ဥပမာ အားဖြင့် -

၁ ။ ကော်ပရိတ် အဆင့် စီးပွားရေး လုပ်ငန်းများ (Corporate Level Businesses) - နိုင်ငံတော် အဆင့် (National Level) စီးပွားရေး လုံခြုံမှု

၂ ။ အလတ်စား စီးပွားရေး လုပ်ငန်းများ  (Medium Businesses) - နိုင်ငံတော် အဆင့်  (National Level) နှင့် နယ်မြေ ဒေသန္တရ အဆင့် (Local Level) စီးပွားရေး လုံခြုံမှု

၃ ။  အသေးစား စီးပွားရေး လုပ်ငန်းများ (Small Businesses) - နယ်မြေဒေသန္တရ အဆင့် (Local Level) စီးပွားရေး လုံခြုံမှု

၄ ။  အငယ်စား မီနီ စီးပွားရေး လုပ်ငန်းများ (Mini – Businesses) - ရပ်ရွာ လူမှုအစုအဝန်း အဆင့် (Community Level) စီးပွားရေး လုံခြုံမှု

၅ ။  အသေးငယ်ဆုံး မိုက်ခရို စီးပွားရေး လုပ်ငန်းများ  ( Micro – Businesses) - အိမ်ထောင်စု အဆင့် နှင့် လူတစ်ဦးချင်း အဆင့်  (Households Level and Individuals Level) စီးပွားရေး လုံခြုံမှု

     ဟု မတူညီသော အဆင့်အလွှာ အမျိုးမျိုးကို ချိတ်ဆက် နေတတ်သည် ။

စီးပွားရေး လုပ်ငန်းများ၏ ပိုင်ဆိုင်မှု နှင့် အခြေခံ အမျိုးအစားများ

      စီးပွားရေး လုပ်ငန်းများ (Businesses) ၏ ပိုင်ဆိုင်မှု အခြေခံ အမျိုးအစား နှစ်ရပ် ရှိသည် ။

၁ ။ အကျိုးအမြတ် ရယူသော အဖွဲ့များ (Profit Organizations) က ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ နှင့်

 ၂ ။ အကျိုးအမြတ် မယူသော အဖွဲ့များ (Non-Profit Organizations) က ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ 

    ဟူ၍ အခြေခံ အမျိုးအစား နှစ်ရပ် ရှိသည် ။

    ကုလသမဂ္ဂ အေဂျင်စီများ ၊ နိုင်ငံတကာ အေဂျင်စီများ ၊ နိုင်ငံစုံအစိုးရများ၏ ပူးပေါင်း အဖွဲ့များ (Inter Governmental Organizations) ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့များ (INGOs) ၊ အမျိုးသား အစိုးရများ (National Governments) ၊ နယ်မြေ ဒေသန္တရ အစိုးရများ နှင့် အာဏာပိုင် အဖွဲ့များ (Local Governments and Authorities) ၊ ပြည်သူ့ရေးရာ အာဏာပိုင် အဖွဲ့များ (Public Authorities) ၊ ပြည်သူပိုင် အင်စတီကျူးရှင်းများ (Public Institutions) ၊ ဘာသာရေး အသင်းအဖွဲ့များ ၊ နိုင်ငံရေး အသင်းအဖွဲ့များ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ လူထုလူတန်းစား အဖွဲ့အစည်း သမဂ္ဂများ (Mass Organizations) ၊ အစိုးရ မဟုတ်သော အဖွဲ့များ (NGOs) ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ဆိုင်ရာ အသင်းအဖွဲ့များ (CSOs-Civil Society Organizations) ၊ ရပ်ရွာလူမှုအစုအဝန်း အခြေပြု အသင်းအဖွဲ့များ (CBOs-Community Based Organizations) အစရှိသော အဖွဲ့များသည် စီးပွားရေး သဘောအရ ငွေကြေးဆိုင်ရာ အမြတ်အစွန်းကို မရယူသော အဖွဲ့များ (Non-Profit Organizations -NPOs) အတွင်း ပါဝင်သည် ။

     

 NPOs များ၏ ပိုင်ဆိုင်မှုသည် ဈေးကွက်၏ မမြင်ရသော လက်များ အတွင်းတွင်လည်း အလိုအလျောက် ပါဝင် ဖွဲ့စည်း နေတတ်သည် ။ 

ဥပဒေကြောင်း တရားဝင်ဖြစ်မှု ဆိုင်ရာ အမျိုးအစားများ

စီးပွားရေး လုပ်ငန်းများ၏ ဥပဒေကြောင်းအရ တရားဝင် ဖြစ်မှု (Legality) အဆင့်အတန်းများသည် စီးပွားရေး လုံခြုံမှု အတွက် အထူးပြု ကိုင်တွယ်ရသည့် အရေးကြီးသော ကဏ္ဍနယ်ပယ်များ ဖြစ်သည် ။

၁ ။ တရားဝင် အဖွဲ့များ (Legal Organizations) ၏ ပိုင်ဆိုင်မှုများ

၂ ။ တရားမဝင် အဖွဲ့များ (illegal Organizations) ၏ ပိုင်ဆိုင်မှုများ

၃ ။ တရားဝင် ဖြစ်ခြင်း ၊ မဖြစ်ခြင်းကို ဥပဒေကြောင်း အရ အငြင်းပွားမှု ဖြစ်နေဆဲ အဖွဲ့များ (Organizations of Still in the Legality Conflicts) ၏ ပိုင်ဆိုင်မှုများ

၄ ။ တရားဝင် အဖွဲ့ ဖြစ်လာနိုင်သော ဥပဒေကြောင်း အရ အလားအလာများ နှင့် အခွင့်အရေးများ ရှိနေသော အဖွဲ့များ (Organizations in the Process of Legalization or with the Potentials of Legalization) ၏ ပိုင်ဆိုင်မှုများ

     ဟု စီးပွားရေး လုပ်ငန်းများ၏ ဥပဒေကြောင်း အရ တရားဝင် ဖြစ်မှု ဆိုင်ရာ အဆင့်အတန်း အမျိူးမျိုး ရှိသည် ။

ပွင့်လင်း မြင်သာမှု အဆင့်အတန်းများ

၁ ။ ပွင့်လင်းမြင်သာသော စီးပွားရေး လုပ်ငန်းများ (Transparent Businesses)

၂ ။ ပွင့်လင်းမြင်သာမှု မရှိသော စီးပွားရေး လုပ်ငန်းများ (Non-Transparent Businesses)

၃ ။ လျှို့ဝှက် စီးပွားရေး လုပ်ငန်းများ (Secret Businesses)

       ဟု သုံးမျိုး ရှိသည် ။

လျှို့ဝှက် စီးပွားရေး လုပ်ငန်းများ

လျှို့ဝှက် စီးပွားရေး လုပ်ငန်းများ တွင် -

၁ ။ တရားဝင် လျှို့ဝှက် စီးပွားရေး လုပ်ငန်းများ (Legal Secret Businesses) (ဥပမာ - စစ်ရေး စက်မှုလုပ်ငန်းများ ၊ အဏုမြူ စွမ်းအင် လုပ်ငန်းများ )

၂ ။ နက်ရှိုင်းသော စီးပွားရေး လုပ်ငန်းများ (Deep Businesses) ( အနုပညာရှင်များ ၊ ထင်ရှားကျော်ကြားသူများ ၊ အထက်တန်း အရာရှိများ နှင့် နိုင်ငံရေးခေါင်းဆောင်များ၏ လူသိမခံသော ၊ သို့မဟုတ် အများပြည်သူကို အသိပေးမထားသော ပိုင်ဆိုင်မှု လက်အောက်ခံ စီးပွားရေး လုပ်ငန်းများ )

၃ ။ တရားမဝင် စီးပွားရေးလုပ်ငန်းများ (illegal Businesses) 

    ဟု သုံးမျိုး တည်ရှိ‌သည် ။

တရားမဝင် စီးပွားရေး လုပ်ငန်းများ

 တရားမဝင် (illegal) စီးပွားရေး လုပ်ငန်းများ တွင် -

၁ ။ ပိုင်ဆိုင်မှု အရ တရားမဝင်ခြင်း (illegal Ownership)

၂ ။ လုပ်ငန်း ဖွဲ့စည်းတည်ထောင်မှု စံပုံစံ အရ တရားမဝင်ခြင်း (illegal Business Structures and Establishments)

၃ ။ လုပ်ငန်း လည်ပတ်ဆောင်ရွက်မှု အရ တရားမဝင်ခြင်း (illegal Business Operations)

၄ ။ အကျိုးအမြတ် ခွဲဝေမှု အရ တရားမဝင်ခြင်း (illegal Profit Distributions)

၅ ။ အခွန် ထမ်းဆောင်မှု အပိုင်း အရ တရားမဝင်ခြင်း (illegal Violations on Obligations for Taxes and Revenues)

၆ ။ လုပ်ငန်း၏ မူရင်း ရည်ရွယ်ချက် အမှန် အရ တရားမဝင်ခြင်း (illegal in Real Intentions of the Business)

      အစရှိသဖြင့် တရားမဝင်မှု ပုံသဏ္ဍာန် အမျိုးမျိုး ရှိသည် ။

      တရားမဝင် စီးပွားရေး လုပ်ငန်းများ သည် စီးပွားရေး လုံခြုံမှု နယ်ပယ် တစ်ခုတည်းတွင်သာ မကပဲ ၊ နိုင်ငံတော်များ ၊ နယ်မြေဒေသန္တရများ ၊ ရပ်ရွာလူမှုအစုအဝန်းများ ၊ အိမ်ထောင်စုများ နှင့် လူတစ်ဦးချင်းများ၏ အခြားသော လုံခြုံမှု နယ်ပယ်များ အတွက်ပါ ပြင်းထန်သော အကျိုးဆက် ရိုက်ခတ်မှုများ (Severe Impacts) ကို ဖြစ်ပွားစေသည် ။

ပဋိပက္ခများ နှင့် စီးပွားရေး လုံခြုံမှု

      နိုင်ငံအချင်းချင်း ပဋိပက္ခများ (Interstate Conflicts) ၊ နိုင်ငံအတွင်း ပဋိပက္ခများ (Intrastate Conflicts) နှင့် လူမှုအစုအဝန်များ အချင်းချင်း ပဋိပက္ခများ (Inter-Communal Conflicts) သည် စီးပွားရေး လုံခြုံမှုများကို ပိုမို ဆိုးရွားစွာ ပျက်စီးစေသည် ။

အထက်ပါ ပဋိပက္ခများသည် စီးပွားရေး လုပ်ငန်းများ အချင်းချင်း ယှဉ်ပြိုင်မှုများမှ ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုများ ထက် ပိုမို ဆိုးရွား ပြင်းထန် နေတတ်သည် ။

စီးပွားရေး စစ်ပွဲများ နှင့် စစ်ဆင်မှုများ

 စီးပွားရေး စစ်ပွဲများ (Economic Wars) နှင့် စီးပွားရေး စစ်ဆင်မှုများ (Economic Warfares) သည် ယနေ့ခေတ်တွင် နိုင်ငံတော်အစိုးရ အဆင့် လှုပ်ရှားသူများ (State Actors) နှင့် နိုင်ငံတော် အစိုးရ မဟုတ်သော လှုပ်ရှားသူများ (Non – State Actors) နှစ်မျိုးလုံးက အသုံးပြုနေကြသော အနု စစ်ပွဲများ (Soft Wars) နှင့် အနု စစ်ဆင်မှုများ (Soft Warfares) အတွင်း ပါဝင်နေသည် ။

     အမျိုးသားနိုင်ငံတော်တိုင်းသည် မိမိနိုင်ငံ တစ်ခုချင်း၏ ရှင်သန်ကျန်ရစ်ရေး (Survival) ၊ ဖွံ့ဖြိုးရေး (Development) နှင့် သာယာကြွယ်ဝရေး (Prosperity) အတွက် မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေး (National Security) အတွက် အားထုတ် ဆောင်ရွက်ရာတွင် စီးပွားရေး လုံခြုံမှုသည် အ‌ထူး အရေးကြီးသော ၊ ပင်မ အသက်သွေးကြော နယ်ပယ်များ အနက် မဟာဗျူဟာကျသော ပင်မ နယ်ပယ် တစ်ခု ဖြစ်သည် ။

 

Most Read

Most Recent