လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာဟူသည်...

လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာဟူသည်...
Published 14 December 2022

အမှီအခိုကင်းသည့် မီဒီယာများဟူသည် အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းများ။ ကုမ္ပဏီများ၏ အကျိုးစီးပွားဆိုင်ရာ သြဇာသက်ရောက်မှုမှ လွတ်ကင်းသည့် ရေဒီယို၊ ရုပ် မြင်သံကြား၊ သတင်းစာနှင့် အင်တာနက်ကဲ့သို့သော မီဒီယာပုံသဏ္ဌာန်အမျိုးမျိုးကို ခေါ် ဆိုခြင်းဖြစ်သည်။ အမှီအခိုကင်းသည်ဟုဆိုရာတွင် အယ်ဒီတာအဖွဲ့ဆိုင်ရာ (Editorial) သာမက ဘဏ္ဍာရေးဆိိုင်ရာ (Financial) ပါ အမှီအခိုကင်းရမည်ဖြစ်သည်။ အစိုးရတစ်ရပ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဘဏ္ဍာရေးအထောက်အပံ့ကို ရယူသည့်အခါ အမှီအခိုကင်းသည့်မီဒီယာဟု မခေါ်ဆိုနိုင်တော့ပေ။ အကျိုးစီးပွားချင်းထိပ်တိုက်တွေ့မှု (Conflict of Interest) ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။ သတင်းများဖော်ပြရာတွင် ဘဏ္ဍာရေးအထောက်အပံ့ပေးသည့် အစိုးရ သို့မဟုတ် အဖွဲ့အစည်း၏ သြဇာသက်ရောက်မှုက သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ပါဝင်ပတ်သက်၍လာမည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများစွာတို့တွင် အထူးသဖြင့် နိုင်ငံအဆင့်၌ အစိုးရက ထိန်းချုပ်ထားသည့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာတို့ကိုသာ အတွေ့ရများသည်။ အစိုးရက ပေါ်ပေါ်ထင်ထင် ထိန်းချုပ်ခြင်းမပြုလျှင်ပင် ယင်းမီဒီယာများ၌ အစိုးရနှင့် အားကောင်းသော ဆက်နွှယ်မှုရှိခြင်းနှင့် အစိုးရ၏ သြဇာလွှမ်းမိုးမှုရှိခြင်းတို့ကို တွေ့ရှိရသည်။ ယင်းကဲ့သို့သော အနေအထားတွင် အမှီအခိုကင်းသည့် မီဒီယာနှင့် အစိုးရက သြဇာလွှမ်းမိုးသည့် မီဒီယာတို့ကို ခွဲခြားရခက်တတ်သည်။ ဥပမာအားဖြင့် သတင်းစာတစ်စောင်သည် စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားအကြောင်းအရာများ၌ ဘက်မလိုက်ဘဲ အရည်အသွေးရှိသည့် သတင်းများကို ဖော်ပြနိုင်သော်လည်း အစိုးရနှင့်ပတ်သက်သည့် သတင်းများ၌မူ အကြောင်းအရာအချို့ကို ရှောင်ရှားနေရဆဲဖြစ်သည်။ မိမိဘာသာဆင်ဆာဖြတ်ရခြင်း (Self Censorship) ပြုလုပ်နေရခြင်းမှာလည်း အစိုးရ၏သြဇာ မသိမသာပါဝင်ပတ်သက်နေခြင်းပင်ဖြစ်သည်။ ဤသည်မှာလည်း မလွတ်လပ်ခြင်းတမျိုး Free Press မဟုတ်ခြင်းပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ မီဒီယာများအနေဖြင့် ဝင်ငွေကျဆင်းခြင်း၊ လုပ်ငန်းပုံသဏ္ဌာန် ကျိုးပျက်သွားခြင်းနှင့် ဆင်ဆာပုံသဏ္ဌာန်သစ်တို့ကို ရင်ဆိုင်ရခြင်းတို့မှသည် ဂျာနယ်လစ်များ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခံရခြင်း၊ သတင်းမှားဖြန့်ချိရေးလှုပ်ရှားမှုများ၊ လူမှုမီဒီယာများနှင့် ပြိုင်ဆိုင်ရခြင်းနှင့် လူထု၏မယုံကြည်မှုများ ကြီးထွားလာခြင်းတို့အထိ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်လာရသည်။ ထိုအခါ မီဒီယာများအနေဖြင့် ရပ်တည်ရေးအတွက် ရုန်းကန်လာရသည်။ ယင်းကို အခွင့်ကောင်းယူလျက် အကျိုးစီးပွားအုပ်စုများက မီဒီယာများကို ငွေကြေးထောက်ပံ့ကာ သြဇာလွှမ်းမိုးရန် ကြိုးပမ်းလာကြသည်။ အမှီအခိုကင်းသည့် မီဒီယာအချို့က မိမိတို့၏ အမှီအခိုကင်းမှုကို ရပ်တည်ရေးအတွက် စတေးပစ်လိုက်ကြသည်။ သို့သော် ၎င်းတို့ စတေးလိုက်ရသည်က အမှီအခိုကင်းမှုတစ်ခုတည်းသာ မဟုတ်ပေ။ မီဒီယာ၏ ဂုဏ်သိက္ခာအပြင် လူထု၏ယုံကြည်မှုကိုပါ စတေးလိုက်ရခြင်းဖြစ်သည်။ မီဒီယာများ၌ လူ့အဖွဲ့အစည်း၏အကြောင်းများကို ပြောပြနိုင်သည့် ပါ၀ါရှိပြီး လူ့အဖွဲ့အစည်း၏ တွေးပုံ ခေါ်ပုံ၊ ယုံကြည်ချက်၊ အပြုအမူများအပေါ် သြဇာသက်ရောက်နိုင်သောကြောင့် အထူးသဖြင့် ဒီမိုကရေစီအတွက် အမှီအခိုကင်းသည့်မီဒီယာများ မရှိမဖြစ် လိုအပ်သည်။

အမှီအခိုကင်းသော မီဒီယာဟူသည် မူဝါဒအရ လွတ်လပ်ရုံသာမက၊ ဘဏ္ဍာရေးအရလည်း အမှီအခိုကင်းရမည်ဖြစ်ကြောင်းမှာ အမှန်တကယ်၌ အထူးအထွေ ပြောနေရန်ပင် မလိုအပ်လှပါ။ အဘယ်ကြောင့်ဆိုသော် ဘဏ္ဍာရေးအရ အမှီအခိုမကင်းဘဲ မူဝါဒအရ လွတ်လပ်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့်ပင်။ အစိုးရတစ်ရပ်ရပ် သို့မဟုတ် ပြည်တွင်း သို့မဟုတ် ပြည်ပအဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဦး သို့မ ဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးအထောက်အပံ့ကို မှီခိုနေရသည့် မီဒီယာတစ်ခုအ နေဖြင့် မူဝါဒဆိုင်ရာလွတ်လပ်မှု မည်သို့ ရှိနိုင်ပါမည်နည်း။ မိမိတို့အား ငွေကြေးအထောက် အပံ့ပေးထားသည့် အစိုးရ သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်အား လော်ဘီလုပ်၊ ကောင်းကြောင်းချည်းသာရေးလျက် ၀ါဒဖြန့်မပေးရပါဆိုစေဦး၊ အနည်းဆုံးအနေဖြင့်          “ကျွေးသည့်လက်ကို မကိုက်ရ”ဟူသည့် “ကျေးဇူးရှင်စည်းမျဉ်း”အရ သက်ဆိုင်ရာ အစိုးရ သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တို့၏ အကျိုးစီးပွားကို ထိခိုက်စေမည့်ကိစ္စရပ်များနှင့်ပတ်သက်သည့် သတင်းများကို Self Censorship လုပ်ရပေတော့မည်။ မူဝါဒအရ အဘယ်ကဲ့သို့ လွတ်လပ်နိုင်ပါတော့မည်နည်း။

ဤနေရာ၌ ပြောလိုသည်မှာ Eleven Media Group သည် စတင်ထူထောင်သည့် ၂၀၀၀ ပြည့်နှစ်မှစ၍ ယနေ့ထိတိုင် မည်သည့်အစိုးရ၊ မည်သည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဦး သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးထံကမျှ ငွေကြေးအထောက်အပံ့တစ်စုံတစ်ရာရယူခဲ့ခြင်း အလျဉ်းမရှိဘဲ သတင်းစာ၊ ဂျာနယ် ကော်ပီရောင်းရငွေ၊ ကြော်ငြာလက်ခံခြင်းမှ ရရှိငွေများဖြင့်သာ တစ်လျှောက်လုံးရပ်တည်လာခဲ့ကြောင်း ရဲရဲတင်းတင်း ကြေညာနိုင်ခြင်းကိုပင်ဖြစ်သည်။ ကုမ္ပဏီ၏ ငွေစာရင်းရှင်းတမ်းများကို အချိန်မရွေးအစစ်ဆေးခံနိုင်ကြောင်းလည်း ရဲရဲတင်းတင်းအာမခံနိုင်ခြင်းကိုပင် ဖြစ်သည်။ အစိုးရတစ်ရပ်ရပ် သို့မဟုတ် ပြည်တွင်း သို့မဟုတ် ပြည်ပအဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဦး သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးအထောက်အပံ့ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မှီခိုနေရသည့် မီဒီယာတစ်ခုဖြစ်ပါလျက်၊ မည်သည့်အခါတွင်မျှ ငွေစာရင်းရှင်းတမ်း ချမပြရဲပါဘဲလျက် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာဟူ၍ အသံကောင်းဟစ်နေခဲ့မည်ဆိုပါက လူအများကို လိမ်ညာလှည့်ဖြားနေသည့်လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာဟူသည် မူဝါဒအရ လွတ်လပ်ရုံသာမက၊ ဘဏ္ဍာရေးအရလည်း အမှီအခိုကင်းရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent