မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြန်လည်ပျံသန်းခဲ့ရာ မြန်မာနိုင်ငံသားများစီးနင်းမှု ပိုမိုခဲ့ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ Boeing လေယာဉ်ဖြင့် ပျံသန်းရန် စီစဉ်ထား

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြန်လည်ပျံသန်းခဲ့ရာ မြန်မာနိုင်ငံသားများစီးနင်းမှု ပိုမိုခဲ့ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ Boeing လေယာဉ်ဖြင့် ပျံသန်းရန် စီစဉ်ထား
Published 13 December 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြန်လည်ပျံသန်းခဲ့ရာ မြန်မာနိုင်ငံသားများစီးနင်းမှု ပိုမိုခဲ့ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ Boeing လေယာဉ်ဖြင့် ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။  

“ဒီရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ခုလောလောဆယ်တော့ ATR လေယာဉ်တွေနဲ့ ပျံသန်းနေပြီး ခရီးသည်ရရှိမှုပေါ်မူတည်ပြီး ဘိုးရင်းလေယာဉ်နဲ့ ပျံသန်းသွားဖို့ရှိပါတယ်။ ဒီချင်းမိုင်မှာ မြန်မာနိုင်ငံကနေ ကျောင်းလာတက်သူတွေ ရှိတယ်။ နောက် Tour တွေပေါ့။ အများစုက ဘန်ကောက်ကနေ ချင်းမိုင်ကို လေယာဉ်နဲ့ လာတယ်။ ဘန်ကောက်-ချင်းမိုင် လေယာဉ် လက်မှတ်စျေးနှုန်းက ရန်ကုန်-ဘန်ကောက်လက်မှတ်စျေးနှုန်းထက်ပိုများတယ်။ ဒါကိုတွေ့တဲ့အခါ ခရီးသည်ရရှိမှု အရလည်း ဆွဲနိုင်တယ့် အနေအထားရှိတယ်။ မြန်မာခရီးသည်တွေကလည်း တောင်းဆိုတာကြောင့် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ပြန်လည်ပျံသန်းဖြစ်တာပါ။ လက်မှတ်စျေးနှုန်းကလည်း ဒေါ်လာ ၁၆၀ ကနေစတင်  ရောင်းချနေတာဖြစ်လို့ အခြားလေကြာင်းလိုင်းတွေရဲ့ ရန်ကုန်-ဘန်ကောက်-ချင်းမိုင်ထိ စျေးနှုန်းထက် ကျွန်တော်တို့ ရန်ကုန်-ချင်းမိုင် စျေးနှုန်းကအများကြီး ပိုမိုသက်သာတဲ့ နှုန်းထားနဲ့ ပျံသန်းနေတာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောကြားခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှသုံးကြိမ် သို့ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း  သိရသည်။    

ဒီဇင်ဘာလ ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါရန်ကုန်-ဘန်ကောက်ခရီးစဉ်အား အသွားအပြန် round trip အား အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံသား ခရီးသည်တွေအသွားများတဲ့ ဘန်ကောက်ခရီးစဉ်ကို နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေနဲ့ ပျံသန်းပေးတာ ဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့်အချိန်ကို www.flymna.com တွင် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ယခုနှစ်ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန်ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်အတွက်ပထမဆုံး ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ် မူတည်၍ အပတ်စဉ် ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသောပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့်တစ်ခုအတွက် ၁၅ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်ရန် စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

Most Read

Most Recent