ရုရှား-ယူကရိန်းစစ်ပွဲ၏ အဓိကမျက်နှာစာလေးခု

ရုရှား-ယူကရိန်းစစ်ပွဲ၏ အဓိကမျက်နှာစာလေးခု
Published 12 December 2022
Translate by ဖြိုးဟိန်းကျော်

ရုရှားအနေဖြင့် ယူကရိန်းစစ်မြေပြင်၌ အောင်ပွဲရလိမ့်မည်ဟု အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့သည်။ ၎င်းတို့၏ ကနဦးစစ်ဆင်ရေးစီမံချက်မှာ ပထမဆုံး ၁၀ ရက်အတွင်း ယူကရိန်းအနှံ့အပြားတွင်မြေပြင် ထိုးစစ်ဆင်မှုများ ပြုလုပ်ကာ ယူကရိန်းဘက်က မြန်မြန်ဆန်ဆန် အညံ့ခံလာအောင် လုပ်ဆောင်ရန်ဖြစ်သည်။ 

သို့ရာတွင် မြို့တော်ကိယက်ဗ် မကျသကဲ့သို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကလည်း မြို့တော်ကို စွန့်ခွာမည်မဟုတ်ကြောင်းနှင့် ၎င်းအတွက် စီးတော်ယာဉ်မလိုဘဲ လက်နက်ခဲယမ်းများသာ လိုသည်ဟု ကြွေးကြော်လျက် ပြည်သူများကို လှုံ့ဆော်အားပေးခဲ့သည်။

ရုရှားသည် ဧပြီလထဲတွင် ယူကရိန်းမြောက်ပိုင်းမှ ၎င်းတို့၏တပ်များကို ရုပ်သိမ်းကာ နွေဦးနှင့် နွေရာသီ အစောပိုင်းကာလတို့၌ စစ်ဆင်ရေးဒုတိယအဆင့်ကို အကန့်အသတ်ဖြင့် လုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းတောင်ပိုင်း ဒေသအချို့တွင် နယ်မြေသိမ်းပိုက်မှုများကို ချဲ့ထွင်နိုင်ခဲ့ကာ အရှေ့ပိုင်းရှိ လူဟန့်ဒေသတစ်ခုလုံးနှင့် အနီးဝန်းကျင်မှ ဒိုးနက်ဒေသ၏ နယ်မြေအချို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။

သို့ရာတွင် သြဂုတ်လမှ နိုဝင်ဘာလအထိ ကြာမြင့်ခဲ့သည့် စစ်ဆင်ရေးတတိယအဆင့်၌ ယူကရိန်းတို့က နိုင်ငံတောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် တန်ပြန်ထိုးစစ်ဆင်မှု လုပ်ဆောင်ကာ ယခင်လများတွင်ရုရှားစစ်တပ်က သိမ်းယူခဲ့သည့် နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်မြေပြင်အခြေအနေ

ခါဆန်မြို့ ပြန်လည်လွတ်မြောက်ခြင်းနှင့်အတူ ယူကရိန်းတပ်ဖွဲ့ဝင်များသည် နီပရိုမြစ်၏ အနောက်ဘက်ဒေသအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် ရုရှားတပ်များသည် ယူကရိန်းတပ်များ ထပ်ချပ်မကွာ လိုက်မလာနိုင်အောင် တားဆီးသည့်အနေဖြင့် အဓိကတံတားအားလုံးကို ဖောက်ခွဲဖျက်ဆီးကာ အဆိုပါမြစ်၏ အရှေ့ဘက်ကမ်းတွင် နေရာယူထားသည်။

သို့သော် ယူကရိန်းစစ်တပ်က နောက်တစ်ကြိမ်ထိုးစစ်ဆင်မည့် အရိပ်အယောင်များသည် ပိုမိုထင်ရှားလာခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ရှေ့ပြေးတပ်များက နီပရိုမြစ်ကိုဖြတ်ကူးကာ ကျေးရွာတစ်ရွာ၌ အခိုင်အမာခြေကုပ်ယူခဲ့သည်။ ရုရှားတို့သည် မြစ်အရှေ့ဘက်ကမ်းရှိ နယ်မြေဒေသအချို့မှ အရပ်သားများကို နေရာရွှေ့ပြောင်းပေးနေပြီး တပ်အချို့ကိုလည်း ရုပ်သိမ်းခဲ့သည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည်။

ရုရှားအနေဖြင့် ၎င်းတို့၏ခံစစ်စည်းကို မည်သည့်နေရာ၌ ပြင်ဆင်စုဖွဲ့သွားမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဆောင်းဦးကာလတစ်လျှောက် ယူကရိန်းတို့ အသုံးပြုခဲ့သည့် စစ်ပရိယာယ်ပုံစံမှာ မြေပြင်မှ ထိုးဖောက်ချီတက်မှုမတိုင်မီ သိမ်းပိုက်ခံ ခရိုင်းမီးယားဒေသနှင့် ခါဆန်ဒေသအရှေ့ပိုင်းတို့တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ကာ ရုရှား၏စစ်ရေးစွမ်းရည်ကို ချေဖျက်ခြင်းဖြစ်သည့်အလျောက် စစ်အခြေစိုက်စခန်းများ၊ စစ်လေယာဉ်များ၊ လက်နက်တိုက်များ၊ တံတားများနှင့် ထောက်ပံ့ပို့ဆောင်ရေးနေရာများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

စက်တင်ဘာလထဲတွင် ယူကရိန်းတို့က နယ်မြေစိုးမိုးထိန်းချုပ်မှုများကို အလျင်အမြန်လုပ်ဆောင်လာနိုင်ခဲ့ပြီး ထိုအခြေအနေကို ဆက်ထိန်းနိုင်ရန် အခိုင်အမာပြင်ဆင်နေစဉ် ရုရှားတို့က လက်နက်ကြီးပစ်အားဖြင့် အဆက်မပြတ် ဖိအားပေးကာ နှောင့်ယှက်ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် ရုရှားတို့သည် ယူကရိန်းအရှေ့ပိုင်း ဒိုးနက်ဒေသရှိ ဘက်ခ်မွတ်မြို့ကို သိမ်းယူခြင်းဖြင့် အောင်ပွဲကြီးတစ်ခုကို ကြေညာရန် သီတင်းပတ်များနှင့်ချီကာ ကြိုးပမ်းခဲ့သည်။

အဆိုပါတိုက်ပွဲသည် စစ်ပွဲ၏သွေးထွက် သံယိုအများဆုံး တိုက်ပွဲများထဲတွင် ပါဝင်ခဲ့သော်လည်း ရုရှား၏အောင်ပွဲသည် မဟာဗျူဟာအရေးပါမှု နည်းပါးလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းတို့၏ ဆောင်းဦးတန်ပြန်ထိုးစစ်က တောင်ဘက်အစွန်ဆုံး ခံစစ်စည်းဖြစ်သော ဘက်ခ်မွတ်မြို့၏ အနေအထားထက် အရေးပါနေခြင်းကြောင့်ဖြစ်သည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ယူကရိန်းအနေဖြင့် လူဟန့်ဒေသ၌ ရုရှား၏ခံစစ်စည်းများကို ချိုးဖျက်နိုင်ခြင်းရှိမရှိနှင့် ရုရှား၏နွေရာသီ ချီစစ်ကို တွန်းလှန်ချေဖျက်ကာ ရုရှားလက်အောက်သို့ သွတ်သွင်းခံခဲ့ရသည့် နယ်မြေဒေသလေးခုအပေါ် ရုရှား၏ထိန်းချုပ်မှုကို ထပ်မံချေဖျက်နိုင်ခြင်း ရှိမရှိဆိုသည့် အချက်ပင်ဖြစ်သည်။

စွမ်းအင်ကဏ္ဍ

အသာစီးပြန်ယူနိုင်ရန် ပူတင်၏ နောက်ဆုံးမျှော်လင့်ချက်မှာ ယူကရိန်း၏စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန်ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်ကစတင်ကာ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည့်အတွက် ယူကရိန်းဓာတ်အား ကွန်ရက်စနစ်၏ ထက်ဝက်ခန့် ဖျက်ဆီးခံခဲ့ရသည်။ သို့တိုင်အောင် ယူကရိန်းက မနားမနေ ပြန်လည်ပြင်ဆင်ခြင်း၊ အရေးပေါ်အစီအမံများနှင့် အလှည့်ကျ ဓာတ်အားဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ရုရှားအနေဖြင့် ယင်းကဲ့သို့ တရစပ်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာသည့် လက္ခဏာများ မြင်တွေ့လာရသည်။ ဥပမာအားဖြင့်ဆိုရသော် ဒီဇင်ဘာ ၅ ရက်၌ ရုရှားက ဒုံးကျည်အစင်း ၇၀ ကျော် ပစ်လွှတ်ခဲ့သည့်အနက် ၆၀ ကျော်ကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

အီရန်လုပ်ဒရုန်းများ တစ်စတစ်စနည်းပါးလာပြီဖြစ်ကာ အီရန်ထံမှ ဒရုန်းများထပ်မံရရှိရန် သဘောတူညီမှု မရရှိသေးကြောင်း အနောက်နိုင်ငံများ၏ တာဝန်ရှိသူများက ဆိုသည်။ လက်ရှိရုရှား၏ ဒရုန်းလက်ကျန်အရေအတွက်သည် နောက်ထပ်အကြီးစား တိုက်ခိုက်မှုနှစ်ကြိမ်သို့မဟုတ်သုံးကြိမ် လုပ်ဆောင်ရန်အတွက်သာ လုံလောက်တော့သည်ဟု ယူကရိန်းသမ္မတ၏ အကြံပေးဖြစ်သူ မီခေလိုပိုဒိုယက်ခ်က ပြောကြားခဲ့သည်။

ထိုစဉ်အတောအတွင်း ရုရှားသည် စွမ်းအင်ပို့လွှတ်မှုများကို အလုံးစုံရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်လျက် ယူကရိန်းအပေါ် ဥရောပ၏ ကျောထောက်နောက်ခံပေးမှုကို ဖြိုဖျက်ရန် ကြိုးပမ်းလာခဲ့သည်။ ရုရှားသည် Nord Stream 1 ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ်ခဲ့ပြီး ဘောလ်တစ်ပင်လယ်ရှိ Nord Stream 1 နှင့် Nord Stream 2 ပိုက်လိုင်းနှစ်ခုလုံးကို ထိခိုက်ပျက်စီးစေခဲ့သည့် ပေါက်ကွဲမှုများ၏နောက်ကွယ်တွင် ၎င်းတို့ရှိနေသည်ဟုလည်း သံသယဝင်ခြင်းခံနေရသည်။

သို့သော် စွမ်းအင်ကိုအကြောင်းပြု၍ ခြိမ်းခြောက်ခြင်းနှင့် နှံစားသီးနှံစစ်ပွဲတို့သည်လည်း ယူကရိန်းဘက်တွင် ရပ်တည်ရန် ဥရောပ၏စိတ်ပိုင်းဖြတ်မှုကို ယိမ်းယိုင်သွားအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ စင်စစ်အားဖြင့် ဥရောပနိုင်ငံများသည် တစ်နိုင်ငံချင်းစီသော်လည်းကောင်း၊ ဥရောပသမဂ္ဂအဖွဲ့အနေနှင့်သော်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများကို တိုး၍ပင် ပေးအပ်လာခဲ့သည်။

ဥပဒေရေးရာနှင့် သံတမန်ရေးရာမျက်နှာစာ

သံတမန်ရေးမျက်နှာစာတွင် ဆွေးနွေးညှိနှိုင်းမည့်အလားအလာများ မတွေ့ရသေးဘဲ ယူကရိန်း၏ ကြိုတင်တောင်းဆိုချက်မှာ ယခုနှစ်ထဲတွင် သိမ်းပိုက်ခဲ့သည့်နယ်မြေများမှ ရုရှားတပ်များကို ရုပ်သိမ်းပေးရန်ဖြစ်သည်။

သို့သော် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရှိရေးအပေါ် အာရုံစိုက်လုပ်ဆောင်မှုများလည်း ရှိလာခဲ့ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တို့သည် ယူကရိန်း၏ လွတ်မြောက်နယ်မြေများ၌ စုံစမ်းစစ်ဆေးမှုများပင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ပို၍ပဓာနကျသည့်အချက်မှာ ရုရှားခေါင်းဆောင်များနှင့် ရာဇဝတ်မှုကျူးလွန်သည့် တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအား တရားစွဲဆိုရန် အခိုင်အမာကြိုးပမ်းလာခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ကာ အပြစ်ပေးရေးအတွက် ယူကရိန်းသမ္မတဇယ်လန်စကီး၏ တောင်းဆိုမှုကိုလည်း ပြင်သစ်၊ နယ်သာလန်နှင့် ဘောလ်တစ်ဒေသနိုင်ငံများက ထောက်ခံကြသည်။

ဥရောပသမဂ္ဂ (အီးယူ)သည်လည်း ကုလသမဂ္ဂနှင့်အတူ အထူးခုံရုံးဖွဲ့စည်းရေးကို ထောက်ခံကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ သုံးသပ်ဆွေးနွေးရန် ဆုံးဖြတ်ချက် အဆိုမူကြမ်းတစ်စောင်ကိုလည်း ပြင်ဆင်နေပြီဖြစ်သည်။

ရုရှားပြည်တွင်းရေး

ထိုစဉ်အတောအတွင်း ရုရှားသမ္မတပူတင်သည် ပြည်တွင်း၌ ဘက်ပေါင်းစုံမှ ဖိအားများနှင့် ရင်ဆိုင်နေရသည်။ စစ်ပွဲအပေါ်မူတည်၍ ရုရှား၏စီးပွားရေးသည် ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အထိ ရှစ်ရာခိုင်နှုန်းအထိ ကျုံ့ဝင်နိုင်ခြေရှိကြောင်း ခန့်မှန်းထားသည်။

မော်တော်ယာဉ်ထုတ်လုပ်ရေးကဲ့သို့သော ကုန်ထုတ်လုပ်မှုကဏ္ဍသည် အကြီးအကျယ်ကျဆင်းလျက်ရှိကာ ရုရှား၏ ရေနံမှရရှိသော ဝင်ငွေသည်လည်း အီးယူ၊ ဂျီ ၇ နိုင်ငံများနှင့် သြစတြေးလျတို့က စျေးနှုန်းကန့်သတ်မှု မပြုလုပ်မီကတည်းကပင် ကျဆင်းလျက်ရှိခဲ့သည်။ 

ရုရှားအာဏာပိုင်များသည် အတိုက်အခံများကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ကာလရှည်ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ဖိနှိပ်ထားသော်လည်း သမ္မတပူတင်၏ တပ်သားသစ်အမြောက်အမြား စုဆောင်းမှုနှင့် ယူကရိန်း၏ စစ်ရေးတိုးတက်မှုတို့သည် ၎င်း၏အစိုးရအဖွဲ့တွင်း၌သာမက ရုရှားပြည်သူများကြားတွင်လည်း မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။                

Ref:CNA

Most Read

Most Recent