(၁) ဒေါ်လာတန်ဖိုးအားကောင်းလာမှုသည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးများ အဆောက်အအုံများအားလုံးအပေါ် ဖိအားများ ကျရောက်လျက်ရှိလာနေရာ အာရှဒေသတွင်း ရှိ စီးပွားရေး အဆောက်အအုံများ (နိုင်ငံများ) သည်လည်း မလွတ်ကင်း ခဲ့။ အထူးသဖြင့် စီးပွားရေးအင်အားနည်းနေသော ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိုးရိမ်စရာများ ပို၍တွေ့လာနေရသည်။
အာရှဒေသရှိစီးပွားရေးအဆောက်အအုံများကို လေ့လာကြည့်လျှင် ကွဲပြားခြားနားသော အခြေအနေမျိုးစုံရှိနေကြပြီး ဒေါ်လာ ငွေကြေးတန်ဖိုး အားကောင်းလာမှုကြောင့် ဖြစ်ပေါ်လာသော ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများသည်လည်း မတူညီကြပေ။ အချို့သော စီးပွားရေး အဆောက်အအုံများတွင် သိသာသော နိုင်ငံခြား ကြွေးမြီ ပမာဏရှိနေပြီး နိုင်ငံခြား သီးသန့်အရန်ငွေ ပိုင်ဆိုင်မှုမှာလည်းအကန့်အသတ်ဖြင့်သာ ရှိနေသည်။ထိုကဲ့သို့အခြေအနေများ ရှိနေသော စီးပွားရေးအဆောက်အအုံများတွင် ယခုကဲ့သို့ အခြေအနေမျိုး၌ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲအကျပ်အတည်းများ ဖြစ် ပေါ်နေသည်မှာ အထူးအဆန်း မဟုတ်ပေ။
(၂) သီရိလင်္ကာနိုင်ငံသည် ယခုနှစ် အစောပိုင်းက ၎င်းတို့၏ဘွန်းစာချုပ် ချေးငွေများအပေါ် ကြွေးမြီပြန်လည် ပေးဆပ်ရန်ပျက်ကွက်မှုများရှိခဲ့ပြီး ယခုအချိန်တွင် ပြည်ပကြွေးမြီ ဖွဲ့စည်းမှုအခြေအနေကို ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးစားနေရသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့မှ နောက်ထပ်ထောက်ပံ့ကူညီမှု ကတိကဝတ်များနှင့်အတူ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ (အိုင်အမ်အက်ဖ်)ထံမှ အရေးပေါ် ဘဏ္ဍာရေးအစီအစဉ်ကို ရှာဖွေနေခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း သူ့ဒုက္ခနှင့် သူပင်။ ကုန်သွယ်ရေး အခြေအနေ ရုတ်တရက် အပြောင်းအလဲများကို ရင်ဆိုင်ရပြီးနောက် အိုင်အမ်အက်ဖ်ထံက ဘဏ္ဍာရေးအကူအညီကို ပြင်းပြင်းထန်ထန် ရှာဖွေနေခဲ့သည်။ လာအိုနိုင်ငံသည်လည်း တရုတ်နိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးအောက်တွင် ပိနေလေပြီ။ လက်ရှိ အခြေအနေမှ သက်သာရာရစေရေး စီမံလုပ်ဆောင်နိုင်မှုမှာ တရုတ်နိုင်ငံဘဏ်များ၏ မူဝါဒများကို မည်မျှ သည်းခံနိုင်စွမ်းရှိသည့်အပေါ် မူတည်နေသည်ဟု ဆိုသည်။ ထိုနိုင်ငံများအားလုံး အရေးတကြီး တင်သွင်းနေကြရသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် ငွေကြေး ပေးဆောင်နိုင်ရေး ရုန်းကန်နေကြရသည်ကို တွေ့မြင်နေကြရသည်။
(၃) ကမ္ဘာ့စီးပွားရေးနယ်ပယ်အတွင်း ပိုမိုကျယ်ပြန့်စွာလှုပ်ရှားနိုင်သည့် အာရှစီးပွားရေး အဆောက်အအုံများမှာ အခြေအနေကောင်းသည့် နိုင်ငံခြားငွေရှင်းတမ်း ရှိနေသည်ဟု ဆိုသည်။ ထိုစီးပွားရေး အဆောက်အအုံများပေါ်တွင် ချက်ချင်းလက်ငင်း ဖြစ်လာနိုင်သည့် ဘဏ္ဍာရေးပူပင်သောက မရှိနိုင်။ ၎င်းတို့၏ ဘဏ္ဍာရေးလိုငွေကို ဖြည့်ဆည်းမှုသည်လည်း ပြည်တွင်းငွေကြေးဖြင့် လည်ပတ်နေသော ဘွန်း စျေးကွက်များပေါ်တွင် မှီခိုနေသည်။ ထို့ကြောင့် ဒေါ်လာငွေကြေး အတက်အကျကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘဏ္ဍာရေးဆိုင်ရာတိုက်ရိုက် ထိခိုက်မှုများကိုလည်း ကန့်သတ် နိုင်စွမ်းရှိ၏။
အိန္ဒိယနိုင်ငံအခြေအနေကို ကြည့်ရာတွင် အစိုးရကြေညာချက်ကြောင့် ငွေချေးစာချုပ် ဘွန်းများ ၏ပြန်ရချက် မြင့်တက်ခဲ့သည့် ၂၀၁၃၊၂၀၁၄ ခုနှစ်များကထက် ပိုမို ခိုင်မာသော အခြေအနေတွင် ရှိနေ သည်။ နိုင်ငံခြား သီးသန့်အရန်ငွေမှာ ၂၀၁၂ခုနှစ်တွင်ရှိသည့် ပမာဏ၏ နှစ်ဆကျော် ရှိသော အမေရိကန် ဒေါ်လာ ၆၅ဝဘီလီယံဖြင့် ယခုနှစ် ( ၂၀၂၂)ကို စတင်ခဲ့ခြင်းဖြစ်သည်။ အစိုးရ ၏ပြင်ပကြွေးမြီမှာ အဓိက အားဖြင့် စုစုပေါင်း အမေရိကန် ဒေါ် လာ ၁၂၅ ဘီလီယံသာရှိခဲ့သည်။ ထိုင်းနိုင်ငံသည်လည်း ယခုနှစ်စ၌ နိုင်ငံခြားငွေသီးသန့် အရန်ငွေမှာ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ ကျော် ရှိခဲ့၏။
အခြားနိုင်ငံများတွင် အားသာချက်အချို့ရှိနေသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံတန်ဖိုးရှိငွေချေးစာချုပ်များသည် ဂျပန်ယန်း ငွေဖြင့်ထားရှိသည်ကို တွေ့ရသည်။ သို့သော် ဒေါ်လာငွေကြေးအားကောင်းမှုကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များမှ နိုင်ငံစီးပွားရေးကို အကာအကွယ် မပြုနိုင်ခြင်းရှိ၊မရှိကို သတိထား နေကြရသေးသည်။ နိုင်ငံ့ဘဏ္ဍာရေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု အနည်းငယ်သာရှိသော တိုင်းပြည်များပင်လျှင် ၎င်းတို့ ၏ ငွေကြေး အားနည်းလာမှုကြောင့် အိမ်ထောင်စုများ၏ နေထိုင်မှုကုန်ကျစရိတ်အပေါ် ဖိအားသက်ရောက်လာမည်ကို သတိပြုနေကြရသည်။
(၄) ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် ဆက်စပ်၍ အာရှဒေသတွင်းရှိ အဓိကကျသောငွေကြေးများ အချင်းချင်းကြားဆက်စပ်မှုမှာ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ အားကောင်းသော စီးပွားရေး အဆောက်အအုံများရှိ ငွေကြေးများသည် ဆင်းရဲနွမ်းပါးသည့် စီးပွားရေးအဆောက်အအုံများရှိ ငွေကြေးများထက် တန်ဖိုးပိုမိုကျဆင်းခဲ့သည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံကို ကြည့်နိုင်သည်။ ဂျပန်နိုင်ငံတွင် အစိုးရပင်စင် ရန်ပုံငွေ၊ အာမခံကုမ္ပဏီများတွင် ဒေါ်လာငွေကြေးဖြင့် နိုင်ငံခြားငွေ အက်ဆက် (Foreign Asset) ပမာဏ ကြီးကြီးမားမား ရှိနေသည်။ ထိုအခြေအနေအောက်၌ ဂျပန်နိုင်ငံသည် ပြည်တွင်း ငွေကြေးကျဆင်းမှု အခြေအနေအဆိုးရွားဆုံး ကြုံတွေ့နေရသည်။ ထိုင်ဝမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည်လည်း ထိုအခြေအနေ မျိုးဖြစ်လာနေပုံ ရှိနေသည်။ ထိုအတောအတွင်း အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၌လည်း ငွေတန်ဖိုးကျဆင်းမှာအခြေအနေ မပြင်းထန်သည့်တိုင် သိသိသာသာရင်ဆိုင်နေကြရသည်။
(၅)
အာရှဒေသရှိ ဝင်ငွေနည်း နိုင်ငံများသည် ဂျပန်နိုင်ငံ ပြင်းပြင်း ထန်ထန် ဝင်ရောက်စွက်ဖက်မှုမလုပ် မီအချိန်အထိ အတိုးနှုန်းမြှင့်တင်ခြင်းနှင့် စျေးကွက်အတွင်း နိုင်ငံခြား သီးသန့် ရန်ပုံငွေများ ရောင်းချခြင်း တို့ဖြင့်၎င်းင်းတို့၏ ငွေကြေးများတန်ဖိုး ကျဆင်းခြင်းမှာ ကာကွယ်ခဲ့ကြသည်။ စက်တင်ဘာလနှင့်အောက်တိုဘာလများ၌ ဂျပန်နိုင်ငံစျေးကွက်အတွင်း ပြင်းပြင်းထန်ထန်ဝင်ရောက်စွက်ဖက်ခဲ့ပြီးနောက်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းငွေကြေး ဝမ်တန်ဖိုးကျဆင်းလာသောကြောင့် စိုးရိမ်နေရ၏။ ၎င်း၏ဘဏ္ဍာရေးကဏ္ဍတွင် ဒေါ်လာငွေဖြစ်လွယ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဂျပန်နိုင်ငံနှင့်အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် နည်းလမ်းများရှာဖွေနေသည်။
(၆) အမေရိကန်ဒေါ်လာအခြေအနေကို ပြန်ကြည့်မိသည်။ အောက်တိုဘာလကဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံး အခြေအနေမှ ပြန်လည် ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ထိုအခြေအနေဖြစ်ပေါ်လာပြီးနောက် အာရှဒေသရှိ ဖွံဖြိုးဆဲစီးပွားရေးအဆောက်အအုံများမှာ ဘေးအန္တရာယ်မျိုးစုံကို ဆက်တိုက်ကြုံလာရတော့သည်။
ပထမအခြေအနေမှာ အချို့ စီးပွားရေးအဆောက်အအုံများသည် ၎င်းတို့၏ ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်းများ နှင့်ပတ်သက်၍ ခန့်မှန်းမှုများ လွဲမှားပြုလုပ်၍ စျေးကွက်အတွင်း နိုင်ငံခြား ငွေကြေးများကို ဖြစ်နိုင်သည့်ကာလထက် ပိုမိုကြာမြင့်စွာ ထုတ်ရောင်းချပေးခဲ့ကြခြင်းဖြစ်သည်။ ပြောင်းလဲမှု အခြေအနေ ယာယီဖြစ်မှု (ရှော့ခ်)ကို ချေးယူခြင်း သို့မဟုတ် သီးသန့် အရန်ထားသည့် ငွေကြေးများဖြင့် ဖြေရှင်းနိုင်သော်လည်း အမြဲတမ်း ကြုံတွေ့လာသည့်အခါတွင်မူ ဘဏ္ဍာရေးဆိုင်ရာချိန်ဆလုပ်ဆောင်မှုများ လုပ်ဆောင်ရန်လိုအပ်လာသည်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာမှု၊ ဒေါ်လာငွေ ကြေးတန်ဖိုးခိုင်မာလာမှု အချိန်ကြာ မြင့်လာလေလေချိန် ညှိလုပ်ဆောင်နိုင်မှုခက်ခဲလေလေ ဖြစ်ပေသည်။
ဒုတိယအခြေအနေမှာ ဂျပန်နိုင်ငံမှတစ်ဆင့် နောက်ထပ် ရှော့ခ် ဖြစ်နိုင်ခြေအန္တရာယ်ဖြစ်သည်။ ဂျပန်ငွေကြေး “ယန်း” တန်ဖိုး ကျ ဆင်းမှုကို ထိန်းထားနိုင်ရေးအတွက် စျေးကွက်ထဲ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် လုပ်ဆောင်မှုမအောင်မြင်နိုင်။ ဂျပန်နိုင်ငံ၏အားထုတ်မှုသည် ကမ္ဘာ့စျေးကွက်များနှင့် ပေါင်းစည်း လုပ်ဆောင်မှုအားနည်းနေသော ဖွံ့ဖြိုးဆဲစီးပွားရေးအဆောက်အအုံ ငယ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုခက် ခဲလျက်ရှိနေသည်။ ဂျပန်ယန်းငွေ အားပျော့လာမှုနှင့် သွင်းကုန်များ ကြောင့် ဖြစ်လာသော အင်ဖလေး ရှင်း (ငွေကြေးဖောင်းပွမှု) သည် ဂျပန်နိုင်ငံဗဟိုဘဏ်ကို ၎င်းင်းကျင့်သုံး နေသည့် မူဝါဒကို စွန့်လွှတ်စေသည့် အခြေအနေသို့ ဦးတည်သွားစေနိုင် သည်။ ဂျပန်အစိုးရ၏ ကာလရှည် အစိုးရ ငွေချေးစာချုပ်ဘွန်းများ အခြေအနေသည်လည်း အတိုးနှုန်း များမြင့်လာစေရန် တွန်းတင်လာနိုင်သည်။ ထွန်းသစ်စ စီးပွားရေးအဆောက်အအုံများသည်လည်း ထပ်ဆင့်ဖြစ်ပေါ်လာနိုင်သည့် အင်ဖလေးရှင်းကို ရှောင်ရှားနိုင်ရန် ၎င်းတို့၏ ပြည်တွင်း အတိုးနှုန်းများကို မြှင့်တင်ရေး လုပ်ဆောင်လာနိုင်သည်။ အာရှပုံစံတန်ပြန်ငွေကြေးစစ်ပွဲ (Reverse Currency War) အသွင် ဖြစ်လာနိုင်သည်ဟုသုံးသပ်ကြသည်။
တတိယအခြေအနေမှာ တရုတ်နိုင်ငံမှ ဖြစ်လာနိုင်သည့် ငွေကြေးရှော့ခ် (currency shock) ဖြစ်သည်။ တရုတ်နိုင်ငံစီးပွားရေးသည် တရုတ်ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်သည့် ရည်ညွှန်းနှုန်းပေါ်တွင် အဓိကထား မှီခိုနေသည်မှာ ကာလကြာပြီ။ ယွမ်ငွေကိုလည်း ဗဟိုဘဏ်၏ တိုက်ရိုက် စွက်ဖက်မှု ဖြင့် စီမံထိန်းကျောင်းလျက် ရှိနေသည်။ ယနေ့အချိန်အထိ တရုတ်နိုင်ငံ စီးပွားရေး အပေါ်ကျရောက်လာသည့် ဖိအားများကို ကောင်းစွာ စီမံကိုင်တွယ်နိုင်သည်ဟု ယူဆနေကြသည်။ သတင်းများကမူ တရုတ်နိုင်ငံဗဟိုဘဏ်သည် အရောင်းအဝယ်နှုန်းထား သတ်မှတ်ချက်ကိုထိန်းကျောင်းရာတွင် အထောက်အကူ ဖြစ်စေရန် ဘဏ္ဍာရေး လက်ကျန် ရှမ်းတမ်းကို အသုံးပြုရာ၌ တရုတ်၏ နိုင်ငံပိုင်ဘဏ်ကြီးများကို မှီခိုနေရသည်ဟု မှတ်ချက်ပြုထားသည်။ အခြေအနေသည် နိုင်ငံ၏ အရန်ငွေကြေးများအပေါ် ဖိအားဖြစ်၊မဖြစ် ကောက်ချက်ချနိုင်ရန် သက်သေများစွာ မရှိသေးပေ။
သို့သော် နိုင်ငံ့စီးပွားရေးအား နည်းနေဆဲဖြစ်လျှင် တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေတန်ဖိုး ပိုမို ကျဆင်းစေရန် လုပ်ဆောင်ရသည့် အခြေအနေကို ရွေးချယ်လာရနိုင်သည်။ ကာလရှည် ပြည်တွင်းဝယ်လို ကျဆင်းနေခြင်းနှင့် ပို့ကုန်ပြန်လည် ဖွံ့ဖြိုးရန် လုပ်ဆောင်ရန်လိုအပ်နေသည်ကို ဝန်ခံရာလည်း ရောက်သွားနိုင်သည်။ ဂျပန်ယန်းငွေကဲ့သို့ အားနည်းလာသော တရုတ်ယွမ်ငွေသည် အာရှဒေသ ငွေကြေးများကြား၌ တန်ဖိုးအကျပြိုင်ပွဲ အလွယ်တကူ စတင်စေသည့်အခြေအနေမျိုး ဖန်တီးလာနိုင်ပေသည်။
(၇) ၁၉၉၇ ခုနှစ်က အာရှဒေသ ရင်ဆိုင်ခဲ့ရသည့် ဘဏ္ဍာရေးအကျပ်အတည်းကို သတိပြန်ရစေသည်။ ယခုအချိန်တွင် အာရှဒေသတစ်ခုလုံး ထိခိုက်လာနိုင်သလော။ နိုင်ငံ အားလုံး မဖြစ်နိုင်ဟု မှန်းဆကြသည်။ နိုင်ငံအားလုံး ကိုယ်နည်း ကိုယ်ဟန်များဖြင့် ဖြေရှင်းနေကြသည်။ အချို့သော နိုင်ငံများ လွတ်မြောက်သွားလိမ့်မည်ဟု ထင်မြင်ကြသည်။ အချို့နိုင်ငံများတွင် ကြွေးမြီအခက်အခဲများနှင့် အခြားသော စီးပွားရေးဆိုင်ရာ အားနည်းချက်များကြားကြောင့် ပစ်မှတ်လွဲချော်မှုများ ရှိလာနိုင်သည်။ အခြေအနေများသည် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးဘေးအန္တရာယ်များအဖြစ် ရှိနေဆဲဖြစ်သည်ကို အားလုံးမြင်တွေ့နေကြရသည်။










