အရင်းအနှီး (Capital) အမျိုးအစားများ   

အရင်းအနှီး (Capital) အမျိုးအစားများ   
Published 12 December 2022
ပါမောက္ခ၊ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (International Non-Government Organization (INGO)အဖွဲ့ တစ်ဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်သည့် အသက်မွေးဝမ်း ကျောင်းဘဝ လုံခြုံရေးနှင့် ပတ် သက်သည့် လုပ်ငန်းစီမံကိန်းများ (Livelihood Security Projects) တွင် အတိုင်ပင်ခံအရာရှိအဖြစ် (Baseline Survey) တိုင်းတာခြင်းများနှင့် (Endline Evaluation Survey) တိုင်းတာခြင်း လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။

အထက်ပါကဲ့သို့ ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့သဖြင့် အသက်မွေးဝမ်း ကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် သဘောတရားများ၊ ဒီဇိုင်း မိုဒယ်ပုံစံများ၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကို ကိုယ် တိုင်ကိုယ်ကျ နက်နက်နဲနဲ လေ့လာဆန်းစစ်ခြင်းများတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ ထို့ အပြင် စာရေးသူ၏ ဒေါက်တာဘွဲ့ (Ph. D.) အတွက် တင်သွင်းသည့် ကျမ်းကြီးကို ပြုစုရာတွင်လည်း အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံ ရေးနှင့် ပတ်သက်သည့် သဘောတရားများကို အခြေခံကာ ပြုစုရေးသား တင်ပြခဲ့ပါသည်။ ဖော်ပြပါကဲ့သို့ ထဲထဲဝင်ဝင် နက်နက်နဲနဲ အသေးစိတ် လေ့လာမိချိန်တွင် ယခင် စာရေးသူ သိမြင်နားလည်ထင်မြင်သည့် အယူအဆများမှာ လုံးဝ ပြောင်းလဲသွားစေခဲ့ပါသည်။

အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးနှင့်ပတ်သက်သည့် သဘောတရားများ၊ ဒီဇိုင်းမိုဒယ်ပုံစံများ၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများတွင် အရင်းအနှီးများ (CAPTIAL) တည်ရှိနေခြင်း သို့မဟုတ် အရင်းအနှီးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဆောင်ရွက်ခြင်းများသည် လွန်စွာအရေးပါသည့် အခြေအနေဖြစ်သည်ကို သိမြင်နားလည် သဘောပေါက်စေခဲ့ပါသည်။ အရင်းအနှီးများ၏ အရေးပါမှုအခြေအနေ များကိုလည်း သိမြင် နားလည်စေခဲ့ပါသည်။

အသက်မွေးဝမ်းကျောင်း ဘဝလုံခြုံရေးကို လေ့လာခြင်းမပြုမီ ယခင်အချိန်ကာလများက စာရေးသူအနေနှင့် ထင်မြင်ယူဆချက်မှာ လူတစ်ဦး၊ အိမ်ထောင်စုတစ်စု၊ ကျေးရွာတစ်ရွာစသည်တို့၏ အသက်မွေးဝမ်းကျောင်း ဘဝများ လုံခြုံသည့် အခြေအနေဖြစ်ပေါ်နေစေခြင်းမှာ အဆိုပါ လူပုဂ္ဂိုလ်၊ အိမ်ထောင်စုများ၊ ကျေးရွာတွင် နေထိုင် လျက်ရှိကြသူများအနေနှင့် ကောင်းမွန်မှန်ကန်စွာ နေထိုင်စေပြီး၊ အလုပ်ကို လုံ့လဝီရိယစိုက်ထုတ်ကာ ကြိုးပမ်းဆောင်ရွက်နေခြင်းများကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဘဝများမှာ အလိုအလျောက် လုံခြုံမှုကို ရရှိဖြစ်ပေါ်နေစေသည်ဟု ထင်မြင်ယုံကြည်ခဲ့ပါ သည်။

သို့သော်လည်း လက်တွေ့အခြေအနေမှာ မည်သို့ပင် ကောင်းမွန်မှန်ကန်စွာ နေထိုင်ပြီး အလုပ်များကို လုံ့လဝီရိယစိုက်ထုတ်ကာ ကြိုးစားဆောင်ရွက်ကြပါသော်လည်း ၎င်းတို့၏ လုပ်ငန်းများအတွက် သင့်တော်ကောင်းမွန်စေမည့် အရင်းအနှီးများ တည်ရှိဖြစ်ပေါ်စေခြင်းမရှိပါက လုံ့လဝီရိယစိုက်ထုတ်ပြီး ကြိုးစားဆောင်ရွက်ခြင်းများသည် မည်သို့မျှ အရာရောက်မည် မဟုတ်ဘဲ ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်းဘဝများသည်လည်း လုံခြုံမှုများ ဖြစ်ပေါ်လာမည်မဟုတ်ပါ။ ဥပမာအနေနှင့် တင်ပြရပါလျှင် ကြိုးချည်ထားသည့် လှေကို အားသွန် ခွန်စိုက် ကြိုးပမ်းပြီး လှော်ခပ်နေသကဲ့သို့ အချိန်ကုန်လူပန်းပြီး မူလနေရာမှ ရွေ့လျားသွားမည် မဟုတ်ပါ။

ဤတွင် စာဖတ်သူများအတွက် အရင်းအနှီးကို အခြေခံလျက် စီးပွားရေးနှင့် သက်ဆိုင်သည့် သဘောတရားများ၊ ဘာသာရပ်များ တည်ရှိ ဖြစ်ပေါ်လျက်ရှိသည်များကို အနည်းငယ် ရှင်းလင်းတင်ပြပါမည်။ တိုင်းပြည် နိုင်ငံတစ်နိုင်ငံအတွင်း ပြည်သူပြည်သားများ၊ လူတို့၏ စီးပွားရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဘာသာရပ်များအဖြစ် သင်ယူ လေ့လာနိုင်ရန် ယေဘုယျအားဖြင့် တည်ရှိနေသည်မှာ စီးပွားရေးပညာ (ဘောဂဗေဒ) (Economics) နှင့် သက်ဆိုင်သည့် ဘာသာရပ်များ (Business)၊ စီးပွားရေးလုပ်ငန်းပညာ (Business) နှင့် ပတ်သက်သည့် ဘာသာရပ်များ၊ ယခုနောက်ဆုံးပေါ်ပေါက်လာခဲ့သည့် အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံခြင်း (Livelihood Security) နှင့် ပတ်သက်သည့် ဘာသာရပ်များအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်စေလျက်ရှိပါသည်။

အထက်ဖော်ပြပါဘာသာရပ် နယ်ပယ်အားလုံးတို့တွင် အရင်းအနှီးနှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ သဘောတရားများ၊ အသုံးပြုသည့် နယ်ပယ်များမှာ သီးခြားစီ လွန်စွာကြီးမားကျယ်ပြန့်စွာ တည်ရှိ ဖြစ်ပေါ်စေလျက်ရှိရာ ယခု ဆောင်းပါးအဆင့်နှင့် ဘာသာရပ် တစ်ခုချင်းအလိုက် အသုံးပြုလျက် ရှိကြသည့် အရင်းအနှီး၏ အဓိပ္ပာယ်များ၊ သဘောတရားများကို ပြည့်စုံစွာ ရှင်းလင်း တင်ပြရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် စာရေးသူအနေနှင့် စီးပွားရေးပညာ (ဘောဂဗေဒ) (Economics) နှင့် ပတ်သက်သည့် အရင်း အနှီး၏ အဓိပ္ပာယ်နှင့် သဘောတရားများ၊ စီးပွားရေးလုပ်ငန်းပညာ (Business) နှင့် ပတ်သက်သည့် အရင်းအနှီး၏ အဓိပ္ပာယ်နှင့် သ ဘောတရားများကို အကျဉ်းသာ မိတ်ဆက်တင်ပြမည်ဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံ ခြင်း (Livelihood Security) နှင့် ပတ်သက်သည့် အရင်းအနှီး၏ အဓိပ္ပာယ်၊ သဘောတရားများကို အနည်းငယ် အကျယ်ချဲ့ကာ ရှင်း လင်း တင်ပြမည်ဖြစ်ပါသည်။

စီးပွားရေးပညာ (ဘောဂဗေဒ) (Economics) နှင့် ပတ်သက်သည့် အရင်းအနှီး၏ အဓိပ္ပာယ်၊ သဘော တရားများကို စတင်ဖော်ထုတ်ပြီး အကျယ်တဝင့် ရေးသားရှင်းလင်း တင်ပြခဲ့သည်မှာ ဆရာကြီး ကားလ် မာ့(ခ်)(စ်) ဖြစ်ပါသည်။ ဆရာကြီး ရေးသားတင်ပြခဲ့သည့် စာအုပ်များအနက် အရင်းအနှီးနှင့် ပတ်သက် သည့် စာအုပ်အချို့ကို တင်ပြရပါ လျှင် - (Capital: A Critique of Political Economy acgif;pOf atmufwGif Volume I, Book One: The Process of Production of Capital, Volume II, Book One: The Process of Circulation of Capital, and Volume III: The Process of Capitalist Production as a Whole) တို့ ဖြစ်ကြပါသည်။ ဖော်ပြပါစာအုပ်များကို အချို့သော ပညာရှင်ကြီးများက “အရင်းကျမ်း” အဖြစ် သတ်မှတ်ခေါ်ဆိုကြပါသည်။

စီးပွားရေး လုပ်ငန်းပညာ (Busin-ess

) နှင့် ပတ်သက်သည့် အရင်းအနှီး များ၏ အဓိပ္ပာယ်၊ သဘောတရား များမှာ လုပ်ငန်းရပ်များတွင် တိုက် ရိုက်အသုံးပြုသည့် အခြေအနေဖြစ် သဖြင့် လွှမ်းခြုံသည့် အဓိပ္ပာယ်၊ သဘောတရားများထက် သီးခြား တစ်ခုချင်းစီ၏ အခေါ်အဝေါ် အသုံး ပြုပုံများအရသာ ဖော်ပြနိုင်ပါသည်။ ဥပမာအားဖြင့် လှည့်လည်ငွေရင်း (Owner’s Capital)၊ ပိုင်ရှင်၏ ရင်းနှီးငွေ (Working Capital)၊ အရင်းအနှီးစျေးကွက် (Capital Market) စသည်တို့ ဖြစ်ကြပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်ရင်းမှာ စာဖတ်သူများအနေနှင့် စီးပွားရေးနှင့် သက်ဆိုင်သည့် နယ်ပယ်များတွင် အရင်းအနှီး (CAPTIAL) ၏ အရေးပါပုံကို သိမြင်နားလည်နိုင်စေရန်နှင့် မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများအနေနှင့် အသက်မွေးဝမ်းကျောင်း ဘဝလုံခြုံခြင်း၏ အကျိုးရလဒ်များကို အပြည့်အဝ ခံစား စံစားနိုင်စေရန် အလို့ငှာ အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးတွင် အရေးပါ အဓိကကျသည့် အရင်းအနှီးများ တည်ရှိ ဖြစ်ထွန်းပေါ်ပေါက်နေစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ အသက်မွေးဝမ်း ကျောင်းဘဝ လုံခြုံရေးတွင် အရေးပါ အဓိကကျသည့် အရင်းအနှီးများ၏ အဓိပ္ပာယ်ဖွင့်ဆိုထားချက်များကို တင်ပြပါမည်။ ယခုရှင်းလင်းတင်ပြ မည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် စာရေးသူ ရေးသားတင်ပြခဲ့သည့် အိမ်ထောင်စုများ၏ အသက်မွေး ဝမ်းကျောင်းဘဝလုံခြုံရေးကို အခြေခံထားရှိသည့် အဓိပ္ပာယ်အဖြစ် သတ်မှတ်ထားရှိချက်များဖြစ်ကြပါသည်။ အခြားသော အဓိပ္ပာယ် သတ်မှတ်ချက်များလည်း သီးခြားတည်ရှိ နိုင်ပါသည်။ စာရေးသူ တင်ပြမည့် အရင်းအနှီးအမျိုးအစားများကို ပုံတွင် ဖော်ပြထားပါသည်။

စာရေးသူအနေနှင့် အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် အရင်းအနှီး (Capital) အမျိုးအစားများကို ရှင်းလင်း တင်ပြရာတွင် ယခင်ကကဲ့သို့ အင်္ဂလိပ်စာနှင့် တင်ပြထားချက်များ ကို ဖော်ပြပြီး ဘာသာပြန်ဆို ရှင်း လင်း တင်ပြခြင်းမဟုတ်ဘဲ၊  မြန်မာဘာသာပြန်ဆိုထားခြင်းများကို အရင် ရှင်းလင်းတင်ပြ ပြီးလျှင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းရေးသား တင်ပြချက်များကို စာဖတ်သူများ စိတ်ဝင်စားပါက လေ့လာနိုင်စေ ရန် ကပ်လျက် တင်ပြထားပါသည်။ အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် မူဘောင်များအရ အဓိပ္ပာယ်များကို အောက်ဖော်ပြပါအတိုင်း အသုံးပြုကြပါသည်။ ၎င်းအဓိပ္ပာယ် သတ်မှတ်ချက် များမှာ (Reference : 1) ကို အခြေခံ ပြီး တင်ပြခြင်းဖြစ်ပါသည်။

အရင်းအနှီးဆိုသည်မှာ လက် နှင့် ထိတွေ့ကိုင်တွယ်၍ ရနိုင်သော သို့မဟုတ် လက်နှင့် ထိတွေ့ကိုင်တွယ်၍ မရနိုင်သော လုပ်ငန်း၏ ရပိုင်ခွင့်များ သို့မဟုတ် လုပ်ငန်းသုံး ပစ္စည်းများကို ခေါ်ဆိုပါသည်။ ဖော်ပြပါ ရပိုင်ခွင့် နှင့် ပစ္စည်းများကို လူတစ်ဦး သို့မဟုတ် အိမ်ထောင်စု တစ်စုက ၎င်းတို့ အသုံးပြုရန်အတွက် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန်အတွက် ကိုင်တွယ်အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ဓနဥစ္စာ ချမ်းသာကြွယ်ဝမှု အနေနှင့် မည်သည့်ပုံစံအရ တည်ရှိနေသည်ဖြစ်စေ ဓနဥစ္စာ ချမ်းသာ ကြွယ်ဝမှု ပိုမိုရရှိနိုင်စေရေးအတွက် ထုတ်လုပ် အသုံးပြုနိုင်သည့် စွမ်းရည်ပင် ဖြစ်ပါသည်။

အရင်းအနှီးအမျိုးအစားများသည် စုဆောင်းနိုင်သည်။ လဲလှယ် နိုင်သည်။ မျှော်လင့်နိုင်သည်။ ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် အိမ်ထောင်စုတစ်စု၏ အသက်မွေးဝမ်းကျောင်း လုံခြုံမှု အခြေအနေပေါ်တွင်သော်လည်းကောင်း၊ ဘဝ၏ အရည်အသွေးအပေါ်တွင်သော်လည်းကောင်း၊ အခက်အခဲများကို ကျော်လွှားလွန်မြောက်နိုင်စေမည့် နည်းလမ်းများကို ရွေးချယ်ရာတွင်သော်လည်းကောင်း အကျိုးသက်ရောက် စေနိုင်ပါသည်။

Capital: Capital means tangible or intangible assets that are held by a person or household for use or investment; wealth, in whatever form, capable of being used to produce more wealth; any source of benefit or assi-stance.  Various forms of capital can be accumulated, exchanged, expected and lost, thereby affecting a household’s level of livelihood security, quality of life, and its options for coping strategies. ဘဏ္ဍာရေးအရင်းအနှီး ဆိုသည်မှာ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ငွေဖြစ်လွယ် ငွေပေါ်လွယ် သော စီးပွားရေးဆိုင်ရာအရင်းအမြစ်များ ဖြစ်ပါသည်။ (ဥပမာအားဖြင့် စုဆောင်းခြင်းများ၊ အကြွေး၊ ပို့ငွေ လွှဲပြောင်းငွေများ၊ ပင်စင်များ စသည်တို့ပါဝင်ပါသည်။)

Financial Capital

Financial Capital is the financial and liquid economic resources (e.g. sav-ings, credit, remittances, pen-sions, etc.).  ရုပ်ဝတ္တုအရင်းအနှီးဆိုသည်မှာ အခြေခံအဆောက်အအုံများ ပါ ဝင်ပြီး (ဥပမာအားဖြင့် ပို့ဆောင်ရေး၊ နေထိုင်ရေး၊ စွမ်းအင်၊ ဆက်သွယ် ရေး စနစ်များ) ကုန်ထုတ်လုပ်သည့် ပစ္စည်းကိရိယာများနှင့် ပြည်သူ လူထုအနေဖြင့် တို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အခြားသော နည်းလမ်းများလည်း ပါဝင်ပါသည်။

Physical Capital

Physical Capital is basic infrastructure (e.g. transport, shelter, energy, communications, and water system), production equipment, and other means that enable people to pursue their livelihoods.လူသားအရင်းအနှီးဆိုသည်မှာ ကျွမ်းကျင်မှုများ၊ အသိပညာ၊ လုပ်သားစွမ်းရည် နှင့် ကျန်းမာရေး ကောင်းမွန် ခြင်းတို့ ဖြစ်ပြီး၊ အသက် မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို အင်တိုက် အားတိုက် အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးကြီးသည့် အခြေအနေများ ဖြစ်ကြပါသည်။

Human Capital

Human Capital is the skills, knowledge, capacity of labor and good health, which are important to the pursuit of livelihood strategies.သဘာဝအရင်းအနှီးဆိုသည်မှာ လူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အသုံးပြုဆောင်ရွက် လုပ်ကိုင်နိုင်ရန်အတွက် တည်ရှိနေသည့် အရင်းအမြစ်များထဲမှ ကျန်ရှိ၊ တည်ရှိနေသည့် သဘာဝအရင်းအမြစ်များ ဖြစ်ပါသည်။ (ဥပမာအား ဖြင့် မြေကြီး၊ ရေ၊ သားရဲတိရစ္ဆာန်၊ သဘာဝ အပင် တိရစ္ဆာန်အမျိုးမျိုးနှင့် သဘာဝပတ်ဝန်းကျင်တို့နှင့် သက် ဆိုင်သည့် အရင်းအမြစ်များ။)

Natural Capital

Natural Capital is the natural resource stocks from which resource flows useful for livelihoods are derived (e.g. land, water, wildlife, biodiversity, and environmental resources). လူမှုရေးအရင်းအနှီးဆိုသည်မှာ လူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု လုပ်ကိုင်နိုင်မှုအပေါ်တွင် တည်မှီလျက်ရှိသည့် အရည်အသွေးနှင့် အရေအတွက် တို့နှင့် သက်ဆိုင်သော လူမှုရေးအရင်းအမြစ်များ ဖြစ်ပါသည်။ (ဥပမာအားဖြင့် လူ့အဖွဲ့အစည်းအတွင်း တည်ရှိသော အင်စတီကျူးရှင်းများတွင် ကျယ်ကျယ် ပြန့်ပြန့် လက်လှမ်းမီ ပါဝင်ခွင့်ရရှိခြင်းနှင့် လူမှုရေးအရ အဆက်အသွယ်ပြုလုပ်နိုင်ခြင်း၊ အဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိခြင်း၊ လူမှုကွန်ရက်အမျိုးမျိုးတွင် ပါဝင်နိုင်ခြင်း တို့ဖြစ်ကြပါသည်။)

လူမှုကွန်ရက်များ၏ အရည် အသွေးဆိုသည်မှာ လူမှုကွန်ရက်များအတွင်း အဖွဲ့ဝင်များ၊ ပါဝင်ဆောင်ရွက်ခွင့် ရကြသူများအတွင်း တည်ရှိနေသည့် စံချိန် စံနှုန်းများနှင့် အဖွဲ့ဝင်များအကြား တည်ဆောက်ထားရှိသည့် ယုံကြည်မှု အဆင့်အ တန်းများက ဆုံးဖြတ် သတ်မှတ်ပေးခြင်းပင် ဖြစ်ပါသည်။

ဖော်ပြပါ လူမှုကွန်ရက်များကို အသုံးပြုနိုင်ပါက စရိတ်အနည်းငယ်ဖြင့် လိုအပ်မည့် သတင်းအချက် အလက်များကို ရရှိနိုင်ခြင်းနှင့် လူမှုဒုက္ခများမှ မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ခြင်း၊ လူထုဝန်ဆောင်မှု များကို လက်လှမ်းမီ ရရှိနိုင်ခြင်း၊ ကျ ရောက်လာနိုင်သည့် ဘေးအန္တရာယ် အမျိုးမျိုးကို လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

Social Capital

Social Capital is the quantity and quality of social resources (e.g. networks, membership in groups, social relations, and access to wider institutions in society) upon which people draw in pursuit of livelihoods.  The quality of the networks is determined by the level of trust and shared norms that exist between network members.  People use these networks to reduce risks, access services, protect themselves from deprivation, and to acquire information to lower transaction costs.နိုင်ငံရေးအရင်းအနှီးဆိုသည် မှာ အသက်မွေးဝမ်းကျောင်းလုပ် ငန်းများ ရွေးချယ်လုပ်ကိုင်နိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များမှ ရလဒ်ကောင်းများ ထွက်ရှိနိုင်မှု၊ ရရှိနိုင်မှုအပေါ်တွင် အကျိုးသက် ရောက်မှု ရှိနိုင်စေမည့် နိုင်ငံရေးအခြေအနေ သို့မဟုတ် စီးပွားရေးအခြေအနေ အဆင့်အတန်းများ လက်လှမ်းမီ ရရှိနိုင်စေရန် အာဏာ ပါ၀ါကို အသုံးပြုနိုင်သည့် စွမ်းရည် အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားရှိပါ သည်။

နိုင်ငံရေးအရင်းအနှီးသည် အာဏာပါ၀ါနှင့် အခွင့်အရေးကို တရားဝင် ဖြန့်ဝေထားရှိခြင်းကို ရည်ညွှန်းပါသည်။ ဥပဒေနှင့် ဆန့်ကျင် ပြီး တရားမဝင် အာဏာပါ၀ါကို အသုံးပြုဆောင်ရွက်ခြင်းများသည် ဆင်းရဲနွမ်းပါးသူများ၏ ခံစားပိုင် ခွင့်များကို ကာကွယ်ခြင်းများနှင့် ဆင်းရဲနွမ်းပါးသူများက လက်လှမ်း မီရရှိနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းများကို အနှောင့်အယှက် ဖြစ်စေနိုင် ပါသည်။

နိုင်ငံတော်တာဝန်ရှိ လူပုဂ္ဂိုလ်ကြီးများနှင့် အကျိုးတူ လူ့အဖွဲ့အ စည်းတွင်ရှိ လူ့မလိုင် အခွင့်ထူးခံ လူပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံရေးအာဏာပါ၀ါကို ဥပဒေနှင့် ဆန့်ကျင်ပြီး တရားမဝင် အသုံးပြုဆောင်ရွက် ခြင်းများသည် အရေးပါသည့် အရင်းအမြစ်များကို ဆင်းရဲနွမ်းပါးသူများ လက်လှမ်းမီ ရရှိသုံးစွဲနိုင်ခြင်းမှ ဝေးကွာသည့် အဖြစ်သို့ လမ်းကြောင်းလွဲ ရောက်ရှိသွားစေနိုင်ပါသည်။

Political Capital

Political capital is defined broadly as the ability to use power to further political or economic positions, which in turn affects livelihood options and outcomes.  It refers to the legitimate distribution of rights and power, and how illicit operations of power can frustrate efforts of the poor to access and defend entitlements.  Illicit use of political power by state officials and community elites can divert significant resources away from the poor. အလျဉ်းသင့်သဖြင့် တင်ပြလိုသည့်အချက်မှာ ဆရာကြီး ဂျက်ဖာရီ ဆာ့(ချ်) (Jeffery D. Sachs) က အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ အောက်ဖော်ပြပါ အရင်းအနှီး ၆-မျိုး မတည်ရှိ မဖြစ်ပေါ်ခြင်းကြောင့် ဖြစ် သည်ဟု အခိုင်အမာ တင်ပြခဲ့ပါ သည်။ (Reference: 2) ၎င်းင်းတို့မှာ (၁) လူသားအရင်းအနှီး (Human Capital)၊ (၂) စီးပွားရေးလုပ်ငန်း အရင်းအနှီး (Business Capital)၊ (၃) အခြေခံ အဆောက်အအုံ (In-frastructure)၊ (၄) သဘာဝ အရင်း အနှီး (Natural Capital)၊ (၅) ပြည်သူနှင့် တိုက်ရိုက် သက်ဆိုင်သည့် အင်စတီကျူးရှင်း အရင်းအနှီး (Public Institutional Capital) နှင့် အသိပညာဆိုင်ရာ အရင်းအနှီး (Knowledge Capital) တို့ ဖြစ်ကြပါသည်။ အသေးစိတ်ကို ရှင်းလင်း တင်ပြခြင်း မပြုတော့ပါ။

ဒုတိယအနေနှင့် အသက်မွေး ဝမ်းကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် မူဘောင်များ (Livelihood Framework) ရေးဆွဲချမှတ် ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ (Livelihood Strategies) ချမှတ် ကျင့်သုံးရာတွင် သော်လည်းကောင်း အရင်းအနှီး (CAPTIAL) အမျိုးအစား များကို အသုံးပြုခြင်းအားဖြင့် ထွက် ပေါ်လာစေနိုင်မည့် အသက်မွေး ဝမ်းကျောင်းနှင့် ပတ်သက်သည့် အကျိုးရလဒ်များ (Livelihood Outcomes) ကို ရှင်းလင်း တင်ပြပါ မည်။ အသက်မွေးဝမ်း ကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် မူ ဘောင်များ (Livelihood Frame-works) ရေးဆွဲခြင်းနှင့် မဟာဗျူဟာ၊ နည်းဗျူဟာများ (Livelihood Strategies) ချမှတ်ကျင့်သုံးခြင်း များကို အဆင်ပြေ သင့်တော်သည့် အချိန်တွင် သီးခြား ဆောင်းပါးများ ဖြင့် ရေးသားတင်ပြပါမည်။

အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များတွင် အရင်းအနှီး (CAPTIAL) အမျိုးအစားများကို မှန်ကန်စွာ အသုံးပြုခြင်းအားဖြင့် ထွက် ပေါ်လာစေနိုင်မည့် အကျိုးရလဒ်များမှာ (၁) အာဟာရပြည့်ဝစေခြင်း (Nutritional Security)၊ (၂) စား နပ်ရိက္ခာ ဖူလုံစေခြင်း (Food Security)၊ (၃) ကျန်းမာရေး လုံခြုံစေ ခြင်း (Health Security)၊ (၄) စီး ပွားရေး လုံခြုံစေခြင်း (Economic Security)၊ (၅) ပညာရေး လုံခြုံစေ ခြင်း (Educational Security)၊ (၆) သဘာဝပတ်ဝန်းကျင် လုံခြုံစေခြင်း (Environmental security)၊ (၇) နေစရာ၊ ခိုလှုံစရာ၊ အိမ် လုံခြုံစေခြင်း (Habitat Security)၊ (၈) လူမှုရေးကွန်ရက် လုံခြုံစေခြင်း (Social Network Security (Community Empowerment)) နှင့် (၉) တစ်ဦးချင်း လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့်ရရှိ နိုင်စေခြင်း (Personal Empowerment) တို့ ဖြစ်ကြပါသည်။

အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များတွင် အရင်းအနှီး (Capital) အမျိုးအစားများကို မှန်ကန် စွာ အသုံးပြုခြင်းအားဖြင့် ထွက်ပေါ်လာစေနိုင်မည့် အကျိုးရလဒ်များမှာ လူသားလုံခြုံရေး (Human Security) နှင့် ပတ်သက်သည့် အောက်ဖော် ပြပါ အခြေခံ လုံခြုံရေး အမျိုးအစား များ ဖြစ်ထွန်းပေါ်ပေါက်လာစေ ရန်အတွက်လည်း များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါ သည်။

၎င်းတို့မှာ (၁) စီးပွားရေး လုံခြုံရေး (၂) စားနပ်ရိက္ခာ ဖူလုံရေး (၃) ကျန်းမာရေး လုံခြုံရေး (၄) ပတ်ဝန်း ကျင် လုံခြုံရေး (၅) လူတစ်ဦးချင်း လုံခြုံရေး (၆) အကျိုးစီးပွားတူညီသည့်အုပ်စုများ လုံခြုံရေး (၇) နိုင်ငံ ရေး လုံခြုံရေးတို့ ဖြစ်ကြပါသည်။ အဆင်ပြေ သင့်တော်သည့်အချိန်တွင် ပြည့်ဝစေခြင်း၊ ဖူလုံစေခြင်း၊ လုံခြုံစေခြင်း၊ ပြည့်စုံစေခြင်း စသည့် သဘောတရားများတည်ရှိသော (Security) နှင့် ပတ်သက်သည့် အကြောင်းအရာကို သီးခြား ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသား တင်ပြပါမည်။

တတိယအနေနှင့် အရင်းအနှီး (CAPTIAL) အမျိုးအစားများကို အသုံးပြုရာတွင် စိန်ခေါ်မှုများနှင့် အကန့် အသတ်များမှာ မြောက်မြားစွာတည် ရှိနေပါသည်။ ထို့ကြောင့် တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများအနေနှင့် စီး ပွားရေးနှင့် သက်ဆိုင်သည့် မူဝါဒများ၊ လုပ်ငန်းရပ်များကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပြည်သူ ပြည်သားများ တွေ့ကြုံခံစားနေကြရသည့် အခြေအနေများအပေါ်တွင် မူတည်ကာ စီးပွားရေးပညာ (Economics) တွင် တည်ရှိနေသည့် သဘောတရားများ၊ စီးပွားရေးလုပ်ငန်းပညာ (Business) တွင် တည်ရှိနေသည့် သဘောတရား များ နှင့် အသက်မွေးဝမ်းကျောင်း ဘဝလုံခြုံရေး (livelihood Security)တွင် တည်ရှိနေသည့် သဘောတရားများကို တိုင်းပြည် နိုင်ငံတွင် အမှန်တကယ် ဖြစ်ပေါ်တည်ရှိနေသည့် အခြေအနေအပေါ်တွင် မူတည်ကာ ပြည်သူ ပြည်သားများအတွက် အကောင်းမွန်ဆုံးနှင့် အမြန်ဆုံး ရရှိ ခံစား စံစားနိုင်စေမည့် သဘောတရားများကို ရွေးချယ်ပြီး မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ စာဖတ်သူများအနေဖြင့် စီးပွားရေးနှင့် သက်ဆိုင်သည့် နယ်ပယ်များတွင် အရင်းအနှီး (CAPTIAL) ၏ အရေးပါပုံကို သိမြင်နားလည် နိုင်စေပြီးလျှင် မြန်မာနိုင်ငံတွင် နေ ထိုင်လျက် ရှိကြသည့် ပြည်သူ ပြည် သားများအနေနှင့် အသက်မွေးဝမ်း ကျောင်းဘဝ လုံခြုံခြင်း၏ အကျိုး ရလဒ်များကို အပြည့်အဝ ခံစား စံစားနိုင်စေရန်အလို့ငှာ အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးတွင် အရေးပါ အဓိကကျသည့် အရင်းအနှီးများ တည်ရှိဖြစ်ထွန်းပေါ်ပေါက်နေစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Frankenberger, Timothy R, Luther, Krishtina., Becht, James., and McCaston, M. Katherine (2002), "Household Livelihood Security Assessments" A Toolkit for Practitioners, TANGO International Inc., and CARE USA. PHLS Unit.

2. Sachs, Jeffrey D. (2005), "The End of Poverty", Economic Possibilities for Our Time, The Penguin Press, New York. (pp-244-245)

Most Read

Most Recent