မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ဒီဇင်ဘာလ (၅) ရက် နံနက် (၁၀) နာရီခွဲအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။
“မနက် (၁၀) နာရီခွဲလောက်မှာ မြို့မ (၂) ရပ်ကွက်ရုံးအထဲက ပေါက်ကွဲတဲ့အသံကြားလိုက်ရတယ်။ အပြင်ကနေ ဗုံးပစ်သွားလို့ပေါက်တာလား။ အထဲမှာပဲ မိုင်းပေါက်တာလားတော့ မသိရဘူး။ လောလောဆယ် ရုံးစာရေးမတစ်ယောက်အပါအဝင် လူ (၄) ယောက်် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။ နှစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ပေါက်ကွဲသံကြားရပြီးတော့ လူနာတင်ယာဉ်တွေ သွားလာနေကြတာတော့တွေ့ရတယ်” ဟု မုဒုံမြို့ခံတစ်ဦး ကပြောကြားသည်။
အဆိုပါ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအပြင် မုဒုံမြို့အဝင်အထွက်နေရာများတွင် လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မုဒုံမြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက် နံနက် (၉) နာရီအချိန်ခန့်က မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် ကျောင်းသစ်ရပ်၊ ကျောင်းသစ်ဘုန်းကြီးကျောင်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီးပျက်ဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။















