စပါးနှင့် ပဲတီစိမ်းစိုက်တောင်သူများကို ငွေမချေးဘဲ မြေသြဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးပြီး မြေသြဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများကို ပေါက်စျေးဖြင့် ပြန်လည်ရောင်းချပေးဆပ်ရမည်

စပါးနှင့် ပဲတီစိမ်းစိုက်တောင်သူများကို ငွေမချေးဘဲ မြေသြဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးပြီး မြေသြဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများကို ပေါက်စျေးဖြင့် ပြန်လည်ရောင်းချပေးဆပ်ရမည်
Published 22 November 2022

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအတွက် လိုအပ်လျက်ရှိသည့် သွင်းအားစုများကို တစ်ရာခိုင်နှုန်း ဝန်ဆောင်မှုစရိတ်ဖြင့် ငွေမချေးဘဲ မြေသြဇာနှင့်ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေသြဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့်ပဲတီစိမ်းများအား တောင်သူများက ပေါက်စျေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် နိုဝင်ဘာ ၂၁ ရက်က တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းစစ်ဆေးပြီး ဆွေးနွေးမှုများ ပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်နှုန်းအပါအဝင် မြေသြဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား ပေါက်စျေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်ခြင်း၊ တောင်သူများ၏လက်ဝယ်သို့ သွင်းအားစုများ သတ်မှတ်အချိန်မီအတွင်း အချိန်မီရောက်ရှိ အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဝန်ဆောင်ခတစ်ရာခိုင်နှုန်းငွေများအား မပျောက်ပျက်၊ မဆုံးရှုံးအောင် စီမံဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ဌာနများအနေဖြင့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီပြီး စျေးနှုန်းသက်သာသည့် သွင်းအားစုများ စိုက်ပျိုးချိန်အမီ ရောက်ရှိစေရေးအစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ထွက်ရှိလာသည့်စပါးနှင့် ပဲတီစိမ်းများစျေးကွက် ပေါက်စျေးအတိုင်း ဝယ်ယူရောင်းချနိုင်ရေးစပါးနှင့် ပဲတီစိမ်းဝယ်ယူမည့်အစုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုမရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

Most Read