အာဆီယံခေါင်းဆောင်များက အချက်ငါးချက်ပါ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဘုံသဘောတူညီချက်ကို အချိန်ဇယား ချမှတ်ဆောင်ရွက်ရန် ဆော်သြခဲ့ပြီး အတိုက်အခံ အားလုံးနှင့်ဆွေးနွေးမည်ဟု ထုတ်ပြန်

အာဆီယံခေါင်းဆောင်များက အချက်ငါးချက်ပါ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဘုံသဘောတူညီချက်ကို အချိန်ဇယား ချမှတ်ဆောင်ရွက်ရန် ဆော်သြခဲ့ပြီး အတိုက်အခံ အားလုံးနှင့်ဆွေးနွေးမည်ဟု ထုတ်ပြန်
Published 12 November 2022
Ref:Reuters,AFP

မြန်မာနိုင်ငံ၌လူမှုရေးနှင့်နိုင်ငံရေးပြဿနာများ ပြင်းထန်လာသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သိသာသောတိုးတက်မှုရရှိအောင်လုပ်ဆောင်ရမည် သို့မဟုတ် အာဆီယံအစည်းအဝေးများမှ ပိတ်ပင်ခံရမည့်အန္တရာယ်ရှိနေသည်ဟု အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့သည်။

လွန်ခဲ့သောနှစ်တွင် ပူးတွဲသဘောတူညီထားသော အချက်ငါးချက်ပါ ငြိမ်းချမ်းရေးဘုံသဘောတူညီချက် နှင့်စပ်လျဉ်း၍ တိုးတက်မှုနည်းနည်းရရှိခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်များက သတ်မှတ်အချိန်ဇယားနှင့် အတူခိုင်မာလက်တွေ့ကျ၍သိသာသောအရာများလိုအပ်နေသည်ဟု ကောက်ချက်ဆွဲခဲ့ကြကြောင်းအရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောနှစ်မှစတင်၍ မြန်မာတပ်မတော်ခေါင်းဆောင်များကို အာဆီယံထိပ်တန်းအစည်းအဝေးများ မှပိတ်ပင်ထားသည့် အာဆီယံအနေဖြင့်အစည်းအဝေးအဆင့်အားလုံးတွင် မြန်မာနိုင်ငံ၏ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်သွားမည်ဟုထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိ်ုင်ငံ၏ ထိုင်ခုံသည် လွတ်နေခဲ့့သည်။

နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်သည် နစကအစိုးရကို ပြင်းပြင်းထန်ထန်သတင်းစကားပါးမှု သို့မဟုတ် သတိပေးမှုပင်ဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပျက်ပြားရခြင်းအတွက် တပ်မတော်ကိုသာအပြစ် တင်ရမည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်တနိုမာဆူဒီ က ပြောကြားသည်။

နစကအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အာဆီယံ၏ အကြံပြုချက်များကို လိုက်နာမည်မဟုတ်ဟု ဖော်ပြခဲ့သည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိခြင်းမှာ ကူးစက်ရောဂါကြောင့်လည်းကောင်း၊ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့များ၏ ကဖျက်ယဖျက်လုပ်ခြင်းကြောင့်လည်းကောင်း ဖြစ်ရသည်ဟု တပ်မတော်အစိုးရက ယခင်ကအ ပြစ်တင်ခဲ့သည်။    

လွန်ခဲ့သောနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲပြောင်းယူခဲ့ပြီးနောက် ပဋိပက္ခများတွင် လူထောင်ချီသေဆုံးခဲ့ရသည့် သွေးထွက်သံယိုဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းကို ထိန်းသိမ်းရန် အာဆီယံခေါင်းဆောင်များက နည်းလမ်းများရှာဖွေနေသောကြောင့် ၎င်းတို့အနေဖြင့် မြန်မာအတိုက်အခံ အဖွဲ့များနှင့် စေ့စပ်ညှိနှိုင်းရန် နိုဝင်ဘာ ၁၁ ရက်တွင် သဘောတူခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ဖနွမ်ပင်မြို့တွင်ကျင်းပလျက်ရှိနေသာ အာဆီယံအစည်းအဝေး၏ ပထမနေ့တွင် မြန်မာကိစ္စက လွှမ်းမိုး ထားခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၁၂ ရက်တွင် အာဆီယံအစည်းအဝေးကိုတက်ရောက် မည်ဖြစ်သည်။

 နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ရက်ကြာ ခက်ခက်ခဲခဲဆွေးနွေးမှုများတွင် ဒူးတိုက်ဆွေးနွေးခဲ့ကြရသော ၁၅ ချက်ပါ ထုတ်ပြန်ချက်၌ အာဆီယံအနေဖြင့် မကြာမီ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် စေ့စပ် ဆွေးနွေးရန်သဘောတူခဲ့သည်။

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က အဓိကအားဖြင့် လုပ်ဆောင်ခဲ့တဲ့ စေ့စပ်ညှိ့နှိုင်းမှုကို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အလွတ်သဘောပုံစံနဲ့လုပ်ဆောင်မယ်”ဟု အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသည် NUG ၏ကိုယ်စားလှယ်များကိုတွေ့ဆုံမည့်အနေအထား ဖြစ်လာစေနိုင်ကြောင်းနှင့် NUG က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖွဲ့အဖြစ် သတ်မှတ်ထားသည်ဆိုသော်လည်း နစကကမူ NUG အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် မှတ်ယူထားသည်။ 





 

Most Read

Most Recent