အာဆီယံခေါင်းဆောင်များက အရှေ့တီမောကို အဖွဲ့ဝင်အဖြစ်ဝင်ခွင့်ပြုရန် သဘောတူညီမှုရရှိ

အာဆီယံခေါင်းဆောင်များက အရှေ့တီမောကို အဖွဲ့ဝင်အဖြစ်ဝင်ခွင့်ပြုရန် သဘောတူညီမှုရရှိ
နိုဝင်ဘာ ၁၁ ရက်က ဖနွမ်ပင်မြို့တော်တွင် ၂၅ ကြိမ်မြောက် အာဆီယံ-တရုတ်အစည်းဝေး၌ အာဆီယံခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ်ကို တွေ့ရစဉ် (Photo – AFP)
နိုဝင်ဘာ ၁၁ ရက်က ဖနွမ်ပင်မြို့တော်တွင် ၂၅ ကြိမ်မြောက် အာဆီယံ-တရုတ်အစည်းဝေး၌ အာဆီယံခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ်ကို တွေ့ရစဉ် (Photo – AFP)
Published 11 November 2022
Ref : AFP 

အရှေ့တောင်အာရှ ခေါင်းဆောင်များသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်းသို့ အရှေ့တီမောကိုဝင်ခွင့်ပြုရန် နိုဝင်ဘာ ၁၁ ရက်က သဘောတူညီခဲ့ကြသည်ဟု ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံအစည်းအဝေးတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

“အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေဟာ အရှေ့တီမောကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ ဝင်အဖြစ်ဝင်ခွင့်ပြုဖို့ မူအရ သဘောတူညီခဲ့ပါတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အရှေ့တီမောသည် အရှေ့တောင်အာရှတွင် သက်တမ်းအနုဆုံးနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှား၏ ၂၄ နှစ်ကြာ သိမ်းပိုက်ခံခဲ့ရပြီးနောက် ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။

ဖနွမ်ပင်မြို့တော်တွင်ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် အရှေ့တီမောကို အဖွဲ့ဝင်ဖြစ်ရေးအတွက် စောင့်ကြည့်နိုင်ငံစာရင်းတွင် ခွင့်ပြုပေးရန်နှင့် အာဆီယံအစည်းအဝေးများနှင့် ညီလာခံများကို တက်ရောက်ခွင့်ပေးရန်သဘောတူညီခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် အာဆီယံသည် အရှေ့တီမောကို အပြည့်အဝ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် စံသတ်မှတ်ချက်များကိုချမှတ်သည့် လမ်းပြမြေပုံတစ်ခုကို ရေးဆွဲသွားမည်ဖြစ်သည်။

ပေါ်တူဂီ၏ ကိုလိုနီဟောင်းဖြစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေသည့် အရှေ့တီမောသည် သာတူညီမျှ မရှိမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်နေမှုများနှင့် ရုန်းကန်နေရသည်။

အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာသည် အာဆီယံအဖွဲ့ဝင်အဖြစ် ကာလကြာရှည်လျှောက်ထားခဲ့ပြီး ၂၀၁၁ ခုနှစ်က ပထမဆုံးအကြိမ် အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားချက်ကို တင်သွင်းခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည့် ရာမို့စ် ဟော်တာသည် ဧပြီလက ဒုတိယမြောက်သမ္မတ သက်တမ်းကို အနိုင်ရရှိခဲ့ပြီး သူသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ကမ္ဘောဒီးယားထံမှ လွှဲပြောင်းရယူမည့် အင်ဒိုနီးရှားနိုင်ငံကလည်း လာမည့်နှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင် ဝင်ရောက်နိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် ဖိလစ်ပိုင်၏ အာဆီယံရေးရာ လက်ထောက်အတွင်းရေးမှူး ဒန်အက်ပီရီတိုကမူ အာဆီယံတွင်အရှေ့တီမော၏  အပြည့်အဝ အဖွဲ့ဝင်ဖြစ်နိုင်မည့် အချိန်ကို အတိအကျမသိရသေးကြောင်း ပြောကြားခဲ့သည်။

“သူတို့ (အရှေ့တီမော) ရဲ့ ဝင်ရောက်မှုကို ကျွန်တော်တို့က နှောင့်နှေးကြန့်ကြာစေချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အဖွဲ့အစည်းအတွင်း တာဝန်နဲ့ ဝတ္တရားတွေအတွက် တကယ်ကို အဆင်သင့်အနေအထားမှာ ရှိနေလားဆိုတာကို ကျွန်တော်တို့ သေချာအောင်လုပ်ဆောင်ရပါမယ်”ဟု ၎င်းက ဖနွမ်ပင်မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အာဆီယံကို ၁၉၆၇ ခုနှစ်က အဖွဲ့ဝင် ငါးနိုင်ငံနှင့် စတင်ဖွဲ့စည်းခဲ့ကာ နောက်ပိုင်းတွင် အဖွဲ့ဝင်များ များပြားလာခဲ့ပြီး အရှေ့ တီမောမတိုင်မီ အာဆီယံသို့ နောက်ဆုံးဝင် ရောက်ခဲ့သည့်နိုင်ငံမှာ ကမ္ဘောဒီယားဖြစ်ပြီး ၁၉၉၉ ခုနှစ်က ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

Most Read

Most Recent