ရွှေကျင်မြို့နယ်ရှိ သံကူကွန်ကရစ်အမျိုးအစား ညောင်အိုင်ချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ရွှေကျင်မြို့နယ်ရှိ သံကူကွန်ကရစ်အမျိုးအစား ညောင်အိုင်ချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
Published 8 November 2022

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ သံကူကွန်ကရစ်အမျိုးအစား ညောင်အိုင်ချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ညောင်အိုင်ကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ကျောက်တန်း-ညောင်အိုင်ကျေးရွာသွားလမ်းပေါ်ရှိ အလျား ၄၄၀ ပေ၊ အကျယ် ၂၀ ပေခန့်ရှိသည့် သံကူကွန်ကရစ် အမျိုးအစား ညောင်အိုင်ချောင်းကူးတံတားကို အမည်မသိအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတံတားတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောက်တန်းကျေးရွာဘက်ခြမ်းမှ တံတား ၆၀ ပေခန့်တွင် ဝဲဘက်ကြမ်းခင်း လေးပေပတ်လည်ခန့်၊ တံတားလက်ရမ်းတိုင် သုံးတိုင်နှင့် တံတားထောက် တိုင်အမှတ် P-10 အပေါ်ရှိ သံဘောင်ပျက်စီးနေသည်ကို တွေ့ရှိရပြီး မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများ ပြတ်တောက်မှုမရှိကြောင်းနှင့် တာဝန်ရှိသူများက တံတားအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဖြစ်စဉ်တွင် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။