ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သင့်ဟု NLD ပါတီ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သင့်ဟု NLD ပါတီ တိုက်တွန်း
Published 8 November 2022

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုအလုပ်ကော်မတီက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ တစ်နေ့တစ်ခြား ဆုတ်ယုတ်ကျဆင်းနေမှုများမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်လာနိုင်သည့်အလားအလာအပေါ် သတိကြီးစွာထားပြီး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းလာသည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။ 

သို့သော် ကူညီဖြေရှင်းနိုင်ရေး ကြိုးပမ်းဖော်ဆောင်ရာတွင် ပြည်သူလူထု၏ဆန္ဒမှန်ကို အသိအမှတ်ပြုထင်ဟပ်စေသော ရည်ရွယ်ချက်နှင့် လက်တွေ့ကျသော လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ကြောင်း၊ လတ်တလောပြဿနာများ ပြေလည်ရေးကိုသာ ရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများကို ထိခိုက်ပျက်သုဉ်းစေနိုင်ပြီး အနာဂါတ်မြန်မာနိုင်ငံအား အနိဋ္ဌာရုံများအတွင်းသို့ တွန်းပို့လိုက်ရာ ရောက်စေနိုင်သဖြင့် ယင်းသို့မဖြစ်စေရေးအတွက် အထူးသတိပြုရန်လိုအပ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်အားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ကို NLD ပါတီအနေဖြင့် ယုံကြည်ကြောင်း၊ စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သင့်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ တိုင်းရင်းသားအင်အားစုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက် ပိုမိုထိရောက်စွာ ကူညီပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် COVID-19 ကပ်ရောဂါ စိန်ခေါ်မှုကြားမှ ကျင်းပနိုင်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဦးရှိရာ၌ ပြည်သူ့လွှတ်တော်တွင် လာရောက်ဆန္ဒမဲပေးသူ ၂၇၅၁၂၈၅၅ ဦးရှိသဖြင့် ၇၁ ဒသမ ၈၉ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၆ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်တွင် လာရောက်ဆန္ဒမဲပေးသူ ၂၇၄၉၅၅၅၅ ဦးရှိသဖြင့် ၇၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၇ ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၂၈၆၆၇၄၁ ဦးရှိရာ၌ လာရောက်ဆန္ဒမဲပေးသူ  ၃၀၄၅၉၁၁၃ ဦးရှိသဖြင့် ၇၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲ  ၉၇ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ် ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းမဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်ရှိရာ၌ စုစုပေါင်း ၁၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲဆန္ဒနယ် ၉၂၀ တွင် အနိုင်ရရှိခဲ့သဖြင့် ၈၂ ဒသမ ၄ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent