ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကို အခြေခံ၍ သွင်းကုန်တင်သွင်းမှုခွင့်ပြုပြီး ကနဦးအနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်း

ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကို အခြေခံ၍ သွင်းကုန်တင်သွင်းမှုခွင့်ပြုပြီး ကနဦးအနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ ဆူးလေဆိပ်ကမ်း၌ ဆန်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ ဆူးလေဆိပ်ကမ်း၌ ဆန်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 7 November 2022

ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကိုအခြေခံ၍ သွင်းကုန်တင်သွင်းမှု ခွင့်ပြု

နိုဝင်ဘာ ၁ ရက်မှစတင်ပြီး ပို့ကုန်ရငွေ သို့မဟုတ် အခြားဝင်ငွေ ဝင်ရောက်မှုကို အခြေခံ၍ သွင်းကုန် တင်သွင်းမှုကို ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်အဖွဲ့ (Financial Action Task Force - FATF) ၏ အစီရင်ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးချေမှုစနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။

သွင်းကုန်ပစ္စည်းများတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲပို့ငွေအပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်သည်။ သွင်းကုန် တင်သွင်းသူများအနေဖြင့် အဆိုပါ ရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေးချေဆောင်ရွက်ရာတွင် ကနဦးအဆင့် အနေဖြင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သွင်းကုန်တင်သွင်းများအတွက် ပို့ကုန်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေ ဝင်ရောက်မှုများ ကိုအခြေခံ၍တင်သွင်းခွင့်ပြုမည် ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

သွင်းကုန်တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေ ဝင်ရောက်မှုများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် နောက်ပိုင်း ဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင်  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်ဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းကြရန်နှင့် သတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီသည် ရရှိသောပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့လွှဲပြောင်းပေး၍ သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ ပို့ကုန်မှရရှိသည့် ဝင်ငွေကို အသုံးပြု၍သွင်းကုန် ပစ္စည်းတင်သွင်းရာတွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်း သုံးစွဲနိုင်သည်။

ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့်ကုမ္ပဏီက တင်ပြလာသော ပို့ကုန်မှရရှိသည့် ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင် ရောက်မှုပမာဏကိုစိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံမှ  ဆန်တန်ချိန် ၂၀၀၀၀ ကျော် တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအကြား ဆန်စပါးကုန်သွယ် မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀၀၀၀ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအကြား ဆန်စပါးကုန်သွယ်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန ဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ်ဆန်ဖြူ တန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန် တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန်၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ သွားနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry pf Food, Directorate, General of Food နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီ တွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွ င် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၁၈ သန်း၊ သြဂုတ်တွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၆၈၇ ဒသမ ၂  သန်း ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပ သို့  ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တန်ချိန် မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက် လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များ အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် လေးသန်းကျော်ဆီချနေကာ ဂါလန် ခုနစ်သန်းနီးပါး ဆက်လက်ဆီချမည်

သီလဝါဆိပ်ကမ်း၌ စက်သုံး ဆီဂါလန်လေးသန်းကျော် ဆီချနေကာ ဂါလန်ခုနစ်သန်းနီးပါး ဆက်လက် ဆီချမည်ဖြစ်သဖြင့် ရန်ကုန် သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်  စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminial  များတွင် ဓာတ်ဆီ 92 Ron ၁ ဒသမ ၆၀၃ ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron ဝဒသမ၈၈ ဂါလန် သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ၆၂၂

ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Dong သင်္ဘောသည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ၂ ဒသမ ၆၇ ဂါလန် သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၉၂၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၁၃၆ ဂါ လန်သန်းတင်ဆောင်လာသည့် MT YU YI သင်္ဘောတို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရန်ကုန် သီလဝါဆီလှောင် ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ရက်က ရန်ကုန်မြို့တွင် ဒီဇယ်တစ် လီတာလျှင် ကျပ် ၂၅၇၀၊ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂၀၄၀၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၃၅ ကျပ်ရှိခဲ့ကြောင်း သိရသည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ငွေလဲနှုန်းကိုပုံသေထား၍ စင် ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Permium၊ အလျော့တွက် ၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာ တွက်ချက် ထုတ်ပြန်ပေးခြင်းဖြစ်သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူး ပေးလျက်ရှိသည်။

Most Read

Most Recent