■ လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက် 
Photo: Barcelona Twitter
Photo: Barcelona Twitter
Published 4 November 2022

ဂီတာဖေး - ကာဒစ်ဇ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက် ည ၇:၃၀ နာရီ)

ဂီတာဖေးကွင်းမှာတော့ ကာဒစ်ဇ်တို့ အိမ်ရှင်ကိုယှဉ်နိုင်လေ့မရှိပါဘူး။ လက်ရှိကာဒစ်ဇ်ရဲ့ အဝေးကွင်းကစားပုံ၊ ကစား အားအရလည်း စိတ်ချထားလို့မရလို့ အိမ်ကွင်းကစားပုံမာကျောတဲ့ ဂီတာဖေးအတွက် အခက်အခဲမရှိနိုင်တဲ့ပွဲမျိုးပါပဲ။ ဂီတာဖေးနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

 

ဗယ်လာဒိုလစ် - အယ်လ်ချီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက် ည ၉:၄၅ နာရီ)

အယ်လ်ချီကတော့နိုင်ပွဲရှာနေတုန်းပဲ။ လက်ရှိခြေစွမ်းအရလည်း ဗယ်လာဒိုလစ်ကို ထိန်းချုပ်နိုင်ဖို့ခက်နေတယ်။ ဒါပေမဲ့ အဝေးကွင်းနောက်ဆုံး (၂)ပွဲမှာ ဗလင်စီယာနဲ့ အက်စ်ပန်ညိုကို (၂-၂)ဂိုးနဲ့ချည်းသရေကျအောင်ဖွင့်ကစားနိုင်ခဲ့ပုံအရတော့ အခုပွဲမှာ အမှတ်ရဖို့မျှော်လင့်နိုင်မှာပါ။ ဂိုးအနည်းသရေပွဲပါပဲ။



ဆယ်လ်တာဗီဂို - အိုဆာဆူနာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက် ည ၁၂:၀၀ နာရီ)

အိုဆာဆူနာဟာ ဆယ်လ်တာဗီဂိုရဲ့ ဘလိုင်ဒေ့ါစ်ကွင်းမှာတော့ အိမ်ရှင်ကို ယှဉ်နိုင်လေ့သိပ်မရှိဘူး။ ဒါပေမဲ့ လက်ရှိ ဆယ်လ်တာဗီဂိုကစားပုံအားနည်းနေပြီး ခံစစ်ကစားပုံလည်းလျော့ရဲနေလို့ အိုဆာဆူနာသတိထားပြီးချဉ်းကပ်ကစားနိုင်ရင်တော့ အမှတ်ရဖို့ မခက်လှဘူးထင်တယ်။ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲကောင်းမယ်။



ဘာစီလိုနာ - အယ်မယ်ရီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၆ ရက် နံနက် ၂:၃၀ နာရီ)

ယူရိုပါလိဂ်ရောက်သွားတဲ့ ဘာစီလိုနာတို့ လာလီဂါဘက်ကို ပိုပြီးအားပြုကစားလာတော့မှာ သေချာနေတယ်။ အခုရင် ဆိုင်ရမယ့် အယ်မယ်ရီယာကလည်း အဝေးကွင်းခြေစွမ်းအားနည်းလွန်းတယ်။ ပွဲစဉ် (၂)အဝေးကွင်းမှာ အယ်လ်ချီနဲ့သရေကျပြီးနောက်ပိုင်း အဝေးကွင်း (၄)ပွဲဆက်တိုက်ရှုံးနိမ့်ထားတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကစားခဲ့တဲ့ အဝေးကွင်း (၃)ပွဲဆို ပေးဂိုးချည်း (၉)ဂိုးအထိတောင်ရှိနေလို့ ဒီလိုအဝေးကွင်း ခံစစ်မျိုးနဲ့ နူးကမ့်မှာ ဘာစီလိုနာကိုတောင့်ခံကစားပြဖို့ မျှော်လင့်ထားလို့မရပါဘူး။ ဘာစီလိုနာတိုက်စစ်ကလည်း အိမ်ကွင်းဆိုဂိုးပိုမြူးနေပြီး လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းခြေစွမ်းကတားမရ၊ ဆီးမရဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ဒါ့ပြင် ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အယ်မယ်ရီယာကို တစ်ဖက်သတ်အသာရနေပါတယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။