သမ္မတပူတင်အနေဖြင့် ယူကရိန်းစစ်မြေပြင်တွင် နျူကလီးယားလက်နက် အသုံးပြုလာနိုင်ပါသလော။ အလွန်လေးနက်သည့် ၎င်းမေးခွန်းသည် ယူကရိန်းနှင့် ဥရောပအတွက်သာမက တရုတ်နိုင်ငံအတွက်လည်း အရေးပါနေသည်။
တရုတ်အနေဖြင့် ၎င်း၏မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်သော ရုရှားနှင့်သာမက ၎င်း၏အရေးပါသော ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ယူကရိန်းနှင့် ဆက်ဆံရေးကိုလည်း သတိဖြင့် ချဉ်းကပ်လုပ်ဆောင်နေသည်။ ယခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန့်မြို့တွင် ပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၌ ရုရှားသမ္မတပူတင်က တရုတ်သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ မျှတသည့်သဘောထားရှိသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ရုရှားက တိုက်ပွဲသုံး တာတိုပစ်နျူကလီးယားလက်နက်များကိုထုတ်သုံး၍ ယူကရိန်းအား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်ဆိုလျှင် တရုတ်အနေဖြင့် လက်ရှိရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲရန် ခဲယဉ်းသွားပေလိမ့်မည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက တရုတ်နှင့် ယူကရိန်းနိုင်ငံအကြား ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် တရုတ်အနေဖြင့် ယူကရိန်းအား နျူကလီးယားလက်နက်အသုံးပြုခြင်း သို့တည်းမဟုတ် နျူကလီးယားလက်နက် အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းမပြုရန်နှင့် အခြားနိုင်ငံတစ်နိုင်ငံက ယူကရိန်းအား ယင်းကဲ့သို့ ခြိမ်းခြောက်မှုမျိုး လုပ်ဆောင်လာပါက တရုတ်က လုံခြုံရေးအာမခံချက်ပေးမည်ဟု သဘောတူညီခဲ့သည်။
သို့ဖြစ်ရာ သမ္မတပူတင်၏ ခြိမ်းခြောက်မှုပြောဆိုမှုများ ပိုမိုမြင့်တက်လာခြင်းသည် တရုတ်အတွက် ပို၍ပင်ခေါင်းခဲစရာဖြစ်လာခဲ့သည်။ ရုရှား၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို နည်းလမ်းမျိုးစုံသုံး၍ ကာကွယ်ရန် အသင့်ရှိနေမည်ဖြစ်ကြောင်း ပူတင်က ပြီးခဲ့သည့်လထဲတွင် ပြောဆိုထားသည်။
ယူကရိန်းစစ်တပ်က ဆုံးရှုံးသွားသည့် ၎င်းတို့၏နယ်မြေများကို ပြန်လည်သိမ်းယူရန် တန်ပြန်ထိုးစစ်ဆင်နေသည့် ခါကိဗ်ကဲ့သို့ ဒေသများတွင် ရုရှားတပ်များ အကျပ်ရိုက်နေသည်ဆိုပါက ရုရှားအနေဖြင့် တာတိုပစ်နျူကလီးယားဒုံးလက်နက်များ တပ်ဖြန့်လာနိုင်သည့် ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာမည် ဖြစ်သည်။
နျူကလီးယားစစ်ပွဲကို တားဆီးရာ၌ တရုတ်၏လုပ်နိုင်စွမ်း
တရုတ်သည် လက်ရှိအချိန်အထိ ရုရှားအား စစ်ရေးအရအကူအညီပေးခြင်းကို ရှောင်ရှားခဲ့သည်။ သို့ရာတွင် တရုတ်က ရုရှားအပေါ် သြဇာလွှမ်းမိုးမှု ကြီးမားသည့်အခြေအနေကို ထောက်ရှုပါက တရုတ်အနေဖြင့် နျူကလီးယားစစ်ပွဲကို တားဆီးရာ၌ ပိုမိုလုပ်နိုင်စွမ်းရှိသည့် အနေအထားတွင် ရှိနေသည်။
ဇန်နဝါရီလထဲတွင် နျူကလီးယား အင်အားကြီးနိုင်ငံ ငါးနိုင်ငံ၏ ပူးတွဲကြေညာချက်ဖြစ်သော နျူကလီးယားစစ်ပွဲကို အနိုင်ရနိုင်မည်မဟုတ်သကဲ့သို့ နျူကလီးယားစစ်ပွဲကို ဘယ်သောအခါမှ မတိုက်ခိုက်သင့်ဟူသော အချက်ကို လေးစားလိုက်နာရန် တရုတ်က ရုရှားကို အဦးဆုံးပြောကြားသင့်ပေသည်။
ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်အင်အားအကြီးဆုံးဖြစ်သော ရုရှားအနေဖြင့် နျူကလီးယား လက်နက်များကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည့် ယူကရိန်းအပေါ် ခြိမ်းခြောက်နေခြင်းသည် ၎င်း၏ဂုဏ်သတင်းကို မှေးမှိန်စေခဲ့သည်။ ရုရှားနှင့် ယူကရိန်းသည် လူမျိုးတစ်မျိုးတည်းဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည့် သမ္မတပူတင်အနေဖြင့် ယူကရိန်းပြည်သူများအပေါ် ၎င်းခြိမ်းခြောက်ပြောဆိုနေသည့်အတိုင်း နျူကလီးယားလက်နက်အသုံးပြု၍ တိုက်ခိုက်လာမည်ဆိုပါကလည်း အလွန်ဆိုးရွားသော လုပ်ရပ်ဖြစ်လာလိမ့်မည်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ရုရှားက ယူကရိန်းစစ်မြေပြင်၌ နျူကလီးယားလက်နက်အသုံးပြုခြင်းသည် တရုတ်အား အလွန်အကျပ်ရိုက်စေမည့် အခြေအနေသို့ တွန်းပို့ခြင်းပင်ဖြစ်ကြောင်း တရုတ်က ရုရှားအား ရှင်းရှင်းလင်းလင်း ပြောဆိုသင့်သည်။ တရုတ်သည် မိမိကစတင်၍ နျူကလီးယားလက်နက်များ အသုံးမပြုရေးမူဝါဒကို ရာစုနှစ်ဝက်ကျော်တိုင်တိုင် ဆုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။
အခြားသောကာကွယ်ရေးဆိုင်ရာမူဝါဒများ ပြောင်းလဲလာသည့်တိုင် တရုတ်အနေဖြင့် နျူကလီးယားအင်အားကြီးနိုင်ငံများအကြား အတည်ငြိမ်ဆုံး၊ ရေရှည်ထိန်းသိမ်းနိုင်စွမ်းအရှိဆုံးနှင့် ထင်သာမြင်သာအရှိဆုံး နျူကလီးယားဆိုင်ရာ မဟာဗျူဟာများ ပိုင်ဆိုင်ထားသည်ဟူသော ဂုဏ်ပုဒ်အတွက် ဂုဏ်ယူလျက်ရှိသည်။
တရုတ်က နောက်ထပ်ဆန္ဒရှိနေသောအရာမှာ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးယိုယွင်းနေမှုကို ပြန်ကုစားရန်ပင်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုမြင့်တက်နေစဉ် ဥရောပအနေဖြင့် အမေရိကန်ဘက်မှသာ အမြဲတစေမရပ်တည်ရန် အရေးကြီးပေသည်။
ယူကရိန်းအား ရုရှား၏ကျူးကျော်မှုနှင့်ပတ်သက်၍ တရုတ်တွင် မေးခွန်းထုတ်စရာများနှင့် စိုးရိမ်မှုများ ရှိနေကြောင်း သမ္မတပူတင်ကိုယ်တိုင်က ဝန်ခံထားသည်။ သို့သော်ငြားလည်း ပူတင်က နျူကလီးယားလက်နက်များ ထုတ်သုံးလာမည်ဆိုပါက တရုတ်၏တုံ့ ပြန်မှုသည် မေးခွန်းထုတ်စရာများ၊ စိုးရိမ်မှုများ ရှိနေသည်ဆိုသည့် အဆင့်ထက်များစွာ ကျော်လွန်သွားပေလိမ့်မည်။
နိုင်ငံတကာက ရုရှားအပေါ် ဆန့်ကျင်ကန့်ကွက်နေချိန်တွင် တရုတ်အနေဖြင့် ကြားနေနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ပါဦးမည်လော။ ထိုနည်းတူစွာပင် ရုရှား၏လုပ်ရပ်များအပေါ် ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ရာတွင်လည်း တရုတ်အနေဖြင့် မဲမပေးဘဲကြားနေခြင်းကို ဆက်၍လုပ်ဆောင်နိုင်ပါမည်လော။
ဂုဏ်သိက္ခာဆယ်ခြင်း
နောက်ဆုံးတွင် တရုတ်အနေဖြင့် ရုရှားနှင့် နေတိုးမဟာမိတ်အုပ်စုအကြား သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်လာနိုင်သည်။ ဥပမာအားဖြင့်ဆိုရသော် နေတိုးအဖွဲ့အနေဖြင့် သြဇာချဲ့ထွင်မှုများကို ရပ်တန့်ရန် ကတိပြုပြီး တစ်ဖက်တွင် ရုရှားဘက်က နျူကလီးယားလက်နက်များ အသုံးမပြုရန် သဘောတူသည့်အခြေအနေမျိုးလည်း ဖြစ်လာနိုင်သည်။ ယင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် သိက္ခာဆယ်နိုင်မည့် ညှိနှိုင်းမှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အရေးအခင်း၌လည်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဆိုဗီယက်ခေါင်းဆောင် နီကီတာခရူးရှက်ဗ်တို့အကြား အလားတူသဘောတူညီတစ်ရပ်ကို ရယူခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ဆိုဗီယက်က ကျူးဘားရှိ ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည်များကို ဖယ်ရှားရန် သဘောတူခဲ့ပြီး အပြန်အလှန်အနေဖြင့် အမေရိကန်ဘက်ကလည်း ကျူးဘားကို မကျူးကျော်ရန် ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် ရုရှားအားတိုက်ခိုက်ရန် အသုံးပြုနိုင်ဖွယ်ရှိသော ဂျူပီတာတာ လတ်ပစ်ပဲ့ထိန်းဒုံးကျည်များကို တူရကီ၌ ဖြန့်ကြက်ထားမှုအား အလုံးစုံရုပ်သိမ်းရန်လည်း လျှို့ဝှက်သဘောတူညီခဲ့သည်။
ရုရှား၏ အဓိကစိုးရိမ်မှုမှာ နေတိုးမဟာမိတ်အဖွဲ့၏ သြဇာချဲ့ထွင်မှုဖြစ်သည့်အလျောက် သမ္မတပူတင်အဖို့ ထိုအချက်သည် ရွေးချယ်သင့်သည့် နည်းလမ်းတစ်ခုဖြစ်နိုင်သကဲ့သို့ နေတိုးမဟာမိတ်အဖွဲ့အတွက်လည်း စဉ်းစားသင့်သည့် နည်းလမ်းတစ်ခုဖြစ်နိုင်သည်။ ရုရှားက သတိပေးနေသည့်ကြား၌ပင် နေတိုးအဖွဲ့က သြဇာချဲ့ထွင်ခြင်းသည် ဥရောပကို နျူကလီးယားစစ်ပွဲ ဖြစ်လုဆဲဆဲ အခြေအနေသို့ တွန်းပို့သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
သမ္မတပူတင်သည်လည်း လက်ရှိဖြစ်ပွားနေသော စစ်ပွဲသည် ယူကရိန်းနှင့်သာမကဘဲ အနောက်နိုင်ငံများနှင့်ပါ ဖြစ်ပွားနေသည့် စစ်ပွဲအဖြစ် ကောက်ချက်ချသွားနိုင်သည်။ အပြုသဘောဆောင်သည့် အပြုအမူအဖြစ် နေတိုးမဟာမိတ်အဖွဲ့က ရုရှား သို့မဟုတ် ရုရှား၏သြဇာနယ်ပယ်အား နျူကလီးယားလက်နက်ဖြင့် စတင်တိုက်ခိုက်ခြင်းမပြုပါဟူသော ကတိကဝတ်ကိုလည်း ပေးနိုင်သည်။
၂၀၁၈ ခုနှစ်တွင် ဖြန့်ချိခဲ့သည့် မှတ်တမ်းရုပ်ရှင်တွင် သမ္မတပူတင်က “ရုရှားမရှိတဲ့ ကမ္ဘာကြီးကို ဘာကြောင့် လိုအပ်နေပါသလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။ ထိုမေးခွန်း၏အဖြေသည် “ကမ္ဘာကြီး မရှိရင် ရုရှားရော ဘယ်ရောက်နေမလဲ” ဟူ၍သာ ဖြစ်သင့်သည်။
သမ္မတပူတင်အနေဖြင့် စစ်အေးကာလကပင် ထုတ်မသုံးခဲ့သည့် နျူကလီးယားလက်နက်တိုက်ကို အသုံးပြုမည်ဆိုပါက အလွန်မိုက်မဲသော အခိုက်အတန့်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ တရုတ်အနေဖြင့်လည်း “အဆွေတော်သမ္မတကြီး… နျူကလီးယားလက်နက်တွေကို ထုတ်မသုံးလိုက်ပါနဲ့” ဟု ဖျောင်းဖျပြောဆိုရုံမျှဖြင့် ကမ္ဘာကြီးကို ကူညီကယ်တင်နိုင်လိမ့်မည်ဖြစ်သည်။
Ref: CNA










