စီမံကိန်း (Plan or Planning) နှင့် လုပ်ငန်းစီမံကိန်း (Project)

စီမံကိန်း (Plan or Planning) နှင့် လုပ်ငန်းစီမံကိန်း (Project)
Published 31 October 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် တိုင်းပြည်နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ၏ အကျိုးကိုရှေးရှုလျက် စာရေးသူ၏ အတွေ့အကြုံများ၊ လေ့လာသိမြင်ရသည့် အချက်အလက်များကို အခြေခံကာ တွေးခေါ်မျှော်မြင်ပြီး ရေးသားတင်ပြလျက်ရှိပါသည်။ ယနေ့အချိန် တိုင်းပြည်နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွင်း ပကတိ တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှာ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဖြတ်လမ်းနည်းနှင့်ဖြစ်စေ၊ လက်နက်ကိုင် အင်အားများကို အသုံးပြု၍ဖြစ်စေ၊ ပြည်သူပြည်သားများအား ကြောက်ရွံ့တုန်လှုပ်နေစေရန် ခြိမ်းခြောက်ကာ ခြောက်လှန့်နည်းများကို အသုံးပြု၍ဖြစ်စေရယူနိုင်ရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြသည့် အခြေအနေ ဖြစ်ပြီး အချို့သော လူပုဂ္ဂိုလ်ကြီးများသည်လည်း အာဏာရရှိထားသူများထံတွင် ချဉ်းကပ်ကာ ထားရာနေ၊  စေရာသွားဘဝများနှင့် မိမိ၏ရပိုင်ခွင့် ခွင်ကိုအသုံးပြုပြီး ငွေကြေး ပစ္စည်းဥစ္စာများ ကြီးပွားချမ်းသာခြင်းကို ရှာဖွေလျက်ရှိကြရာ စာရေးသူ၏ ရေးသားတင်ပြချက်များအား အထက်ဖော်ပြပါ ရာထူး၊ အာဏာကို လက်ဝယ်ပိုင်ပိုင်ရရှိ၊ ကိုင်စွဲနေကြသူများအနေဖြင့် စိတ်ဝင်စားရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်သည်ကို စာရေးသူ အနေနှင့်သိမြင်နားလည် သဘောပေါက်လက်ခံထားရှိ ပြီးဖြစ်ပါသည်။

သို့သော်လည်း စာရေးသူအနေနှင့် ဤနိုင်ငံတွင် တည်ရှိသည့် ကျေးရွာတွင်မွေးဖွားပြီး ဤနိုင်ငံတွင်ကြီး ပြင်းကာ ဤနိုင်ငံရှိ ရေနှင့်အစားအစာများကို စားသောက်ပြီးကြီး ပြင်းခဲ့ရသူတစ်ဦးအနေဖြင့် မကွယ်လွန်မီ၊ မသေဆုံးမီ ဤတိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုးကိုရှေးရှုပြီး စာရေးသူ၏ အတွေ့အကြုံများ၊ လေ့လာသိမြင်ရ သည့်အချက်အလက်များကို အခြေခံကာ တွေးခေါ်မျှော်မြင်ပြီးတတ်နိုင်သမျှ ရေးသားတင်ပြရန် ဆုံးဖြတ်ချက် ချမှတ်ထားရှိပြီးဖြစ်ပါသည်။

စာရေးသူ ငယ်ရွယ်စဉ် မုဆိုးချုံ ရွာမကျေးရွာရှိ လူကြီးသူမများ၏ဆုံးမသြဝါဒဖြစ်သည့် “မိမိကိုယ်ကို အာဏာရူး၊ ဥစ္စာရူး၊ ကာမရူးသည့် လူပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ခြင်းမပြုဘဲ တိုင်းပြည်နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ၏အကျိုးကို အစွမ်းကုန်ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် ဖြစ်ပါသည်”။

အလျဉ်းသင့်သဖြင့် စာရေးသူ မုဆိုးချုံရွာမကျေးရွာတွင် နေထိုင်စဉ်ကြားသိရသည့်အချက်ကလေးကို ဝေမျှလိုပါသည်။ မုဆိုးချုံရွာမကျေးရွာတွင် စာရေးသူတို့ထက် အသက်အရွယ်၊ အတွေ့အကြုံ၊ ဗဟုသုတ ကြီးမားသည့် လူပုဂ္ဂိုလ်ကြီးက ပြောပြသည့် အချက်အလက်များ ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်ကြီးသည် စာလည်းအလွန်ဖတ်သူတစ်ဦးဖြစ်ပြီး ၎င်းသိမြင်သည့် ဗဟုသုတများကို ပြန်လည်မျှဝေရန် စိတ်ဝင် စားသူတစ်ဦးလည်း ဖြစ်ပါသည်။

တစ်နေ့မနက် အဆိုပါ ပုဂ္ဂိုလ်ကြီးသည် အိန္ဒိယနိုင်ငံတွင် မစ္စ(စ်) အင်ဒီရာဂန္ဓီ လုပ်ကြံခံရသည့် သတင်းကို ကြားသိရသဖြင့် ဖော်ပြပါသတင်းကို ပြောပြပြီး မစ္စ (စ်) အင်ဒီရာဂန္ဓီအကြောင်းကို ဆွေးနွေးလို သည့်စိတ်ဖြစ်ပေ ါ်လျက်ရှိရာ ဆွေးနွေးမည့် လူပုဂ္ဂိုလ်ရှာမတွေ့သဖြင့် အိမ်အနီးတွင် ခြေနင်းစက်ကို အသုံး ပြုပြီး ကောက်ရိုးများ (ရိုက်ဖတ်) ကို နွားစာစဉ်းနေသည့် မူလတန်းကျောင်းကိုပင် ပြီးဆုံးအောင်တက် ဖူးခြင်းမရှိသည့် မိန်းကလေးအား အင်ဒီရာဂန္ဓီ လုပ်ကြံခံရသည့် သတင်းကို ပြောပြမိရာ မိန်းကလေးက သူမ မကြားဖူးသည့် အမည်များကို ပြောပြခြင်းအား ကြောင်တောင်တောင်နှင့် ကြည့်ပြီး “ဟုတ်ကဲ့  ဟုတ်ကဲ့” ဟု ပြောသွားကြောင်း အဆိုပါ ပုဂ္ဂိုလ်ကြီး၏ အတွေ့အကြုံကိုကြား သိခဲ့ရပါသည်။ စာရေးသူအနေဖြင့်လည်း “ဟုတ်ကဲ့ ဟုတ်ကဲ့” ပြောမည့် လူပုဂ္ဂိုလ်များ ရှိနေလျှင်ပင် ကျေနပ်နေရမည့် အခြေအနေဖြစ်ပါသည်။

ယခုဆောင်းပါးတွင် တင်ပြမည့် အကြောင်းအရာများသည် အနည်းငယ် အကဲဒမစ်ဆန်သည့်အတွက် အလွယ်တကူ သိမြင်နားလည် နိုင်စေရန်ခက်ခဲသည့်အပြင် စီးပွားရေးဒီဇိုင်းပုံစံ (Economic Model) နှင့် စီမံကိန်းဒီဇိုင်းပုံစံ (Planning Model) များကို တည်ဆောက်အသုံးပြုရခြင်းများဖြစ်သောကြောင့် စီးပွား ရေးကိန်းရှင်များ (Economic Variavles) အမြောက်အမြားကို တစ်ပြိုင်နက်တည်း အသုံးပြုပြီး စာရင်းအင်း ပညာရပ်များကို အသုံးပြုကာ လေ့လာဆန်းစစ်ရသဖြင့် လွန်စွာရှုပ် ထွေးနက်နဲသည့်အကြောင်းအရာ များဖြစ်ပါသည်။ စာရေးသူအနေဖြင့် ခက်ခဲနက်နဲသည့် အစိတ်အပိုင်းများကို တင်ပြခြင်းမပြုဘဲ စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေမည့် အစိတ်အပိုင်းများကို ဦးစားပေးတင်ပြပါမည်။

ယေဘုယျအားဖြင့် စီးပွားရေးစနစ်တို့မည်သည် တိုင်းပြည်နိုင်ငံက လက်ခံကျင့်သုံးလျက်ရှိသည့် နိုင်ငံ ရေးစနစ်အပေါ်တွင် မူတည်ကာတည်ဆောက် အကောင်အထည် ဖော်ကျင့်သုံးကြရလေ့ရှိပါသည်။ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်သည့် စီးပွားရေးစနစ် အပေါ်တွင် မူတည်ကာ စီးပွားရေး ဒီဇိုင်းပုံစံ (Economic Model)နှင့် စီမံကိန်းဒီဇိုင်းပုံစံ (Planning Model)များကို တည်ဆောက်အသုံးပြုရ ခြင်းကြရခြင်းဖြစ်ပါသည်။ စီးပွားရေးဒီဇိုင်းပုံစံ (Economic Model) နှင့် ပတ်သက်သည်များကို ယခု ဆောင်းပါးတွင် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများက ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဒီဇိုင်းပုံစံ (Planning Model)များသည် တိုင်းပြည်နိုင်ငံများ၏အခြေအနေ၊ အချိန်အခါအလိုက် အမြဲတမ်းပြောင်းလဲနေသည့် သဘောသဘာဝရှိပါသည်။ စီမံကိန်းဒီဇိုင်းပုံစံ (Planning Model)များအား ယေဘုယျအားဖြင့် အမျိုးအစားများ ခွဲခြားကြည့်ပါလျှင် အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်ပါသည်။

(၁)  ဗဟိုချုပ်ကိုင်မှု ကြီးမားပြင်းထန်သည့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စသည့် တိုင်းပြည်နိုင်ငံများတွင် အသုံးပြုကြသည့် ဗဟိုစီမံကိန်း (Central Planning) သို့မဟုတ် အမိန့်သုံးစီမံကိန်း (Imperative Plan) သို့မဟုတ် တိုက်ရိုက်စီမံကိန်း (Direct Planning) သို့မဟုတ် ဆိုဗီယက်စီမံကိန်း စသည်ဖြင့် ခေါ် ဆိုကြပါသည်။

(၂) ဒီမိုကရေစီအရင်းရှင်စနစ်ကို ကျင့်သုံးသည့် တိုင်းပြည်နိုင်ငံများတွင် အသုံးပြုကြသည့် လမ်းညွှန်စီမံကိန်း (Indicative) သို့မဟုတ် သွယ်ဝိုက်စီမံကိန်း (Indirect Plan) သို့မဟုတ် ပြင်သစ်စီမံကိန်းစသည်ဖြင့် ခေါ်ဆိုကြပါသည်။

(၃)  ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုကြသည့် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) တို့ ဖြစ်ကြပါသည်။ (Reference:1,pp-15-26).

စီမံကိန်းဒီဇိုင်းပုံစံ (Planning Model)များ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင်မူ အမှတ်စဉ် (၁)ရှိ စီမံကိန်းများမှာ အများအားဖြင့် အမိန့်ဖြင့် တိုက်ရိုက်အကောင်အထည်ဖော်လေ့ရှိကြပြီး အမှတ်စဉ်(၂) ရှိ စီမံကိန်းများမှာမူ သွယ်ဝိုက်သောနည်းကို အသုံးပြုကာ စီးပွားရေးပေါ်လစီ (Economic Policy)များကို ချမှတ်အသုံးပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်လေ့ရှိကြပါသည်။ အမှတ်စဉ် (၁)၊ (၂) နှင့် (၃) သုံးခုစလုံးတွင် အချို့ သော စီမံကိန်းများမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိ သည့်အတွက်  အဆိုပါစီမံကိန်းများကို စက္ကူပေါ်ရှိ စီမံကိန်း (Paper Plan) သို့မဟုတ် ဟန်ဆောင်စီမံကိန်းများအဖြစ် ခေါ်ဆိုသတ်မှတ်လေ့ရှိကြောင်းကို လေ့လာတွေ့ရှိရပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့ တိုင်းပြည် နိုင်ငံတွင် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းမရှိသော စီမံကိန်းကြီးများ သို့မဟုတ် စက္ကူပေါ်ရှိ စီမံကိန်းကြီးများ သို့မဟုတ် ဟန်ဆောင်စီမံကိန်းကြီးများ ပြုလုပ်ဆောင်ရွက်သည့် အလေ့အထများ လျော့နည်းကျဆင်း ပျောက်ကွယ်စေပြီးလျှင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေပြီး လုပ်ငန်းစီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် လိုက်လျောညီထွေရှိစေမည့် တိုင်းပြည်နိုင်ငံတော် အကျိုး၊ ပြည် သူပြည်သားများ၏အကျိုးကို အစွမ်းကုန် ဆောင်ကြဉ်းပေးနိုင်စေမည့် စီးပွားရေးစီမံကိန်းကြီးများဖြစ် ထွန်းပေါ်ပေါက်လာစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ စီးပွားရေးစီမံကိန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ၀ိသေသလက္ခဏာရပ်များကို တင်ပြပါမည်။ ဖော်ပြပါအကြောင်းအရာများကို ဆရာကြီး ဦးမြတ်သိန်း၏ စာအုပ် (Reference:1) အပေါ်တွင် အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ စီးပွားရေး စီမံကိန်း၏ အဓိပ္ပာယ်ကိုတင်ပြရပါလျှင် “စီးပွားရေး စီမံကိန်း

ဆိုသည်မှာ တိုင်းပြည်၏ပစ္စုပ္ပန်နှင့် အနာဂတ်ကာလထုတ်လုပ်မှုအဆင့်နှင့် အသွင်သဏ္ဍာန်တို့ အကောင်း ဆုံးဖြစ်စေရေးအတွက် စီးပွားရေးအင်အားစုများကို စနစ်တကျ ခွဲဝေအသုံးချနိုင်ရန် ဆီလျော်ညီညွတ်မှုရှိပြီး ဖြစ်နိုင်ခြေရှိမည့် ဆုံးဖြတ်ချက်များကို သုံးသပ်ညှိနှိုင်း၍ အတိအကျ ရေးဆွဲချမှတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်သည်။” (Reference:1,PP-8).

စီးပွားရေးစီမံကိန်း တစ်ရပ်အနေနှင့် အောက်ပါ ၀ိသေသလက္ခဏာရပ်များဖြင့် ပြည့်စုံရမည် ဖြစ်ပါသည်။

(၁) စီးပွားရေး စီမံကိန်းမှန်သမျှသည် ပစ္စုပ္ပန်ကာလအခြေအနေနှင့် အနာဂတ်ကာလအတွက် မျှော်မှန်းချက် များကို ရည်မှန်းချက် သို့မဟုတ် လျာထားချက် (Objective or Target)များ ထားရှိရေးဆွဲရပါသည်။

(၂) အထက်တွင် ဖော်ပြခဲ့သည့် ရည်မှန်းချက် သို့မဟုတ် လျာထားချက်များအား အရေအတွက်ဖြင့် အတိ အကျကို အချိန်ကာလနှင့်တကွ ဖော်ပြရပါမည်။ ဥပမာအားဖြင့် လယ်ယာကဏ္ဍ (Agriculture)၊ စက်မှုကဏ္ဍ (Industry)၊ ဝန်ဆောင်မှုကဏ္ဍ (Service) စသည်တို့၏ ရည်မှန်းချက်များအား အရေအတွက်အတိအကျကို အချိန်ကာလနှင့်တကွ ဖော်ပြနိုင်ရပါမည်။

(၃) စီးပွားရေးဒီဇိုင်းပုံစံ (Economic Model)ကို တည်ဆောက်ရပါမည်။

(၄) စိစစ်မှုနှင့် ညှိနှိုင်းမှု (Analysic and Coordination) နှင့် ပတ်သက်သည့် စီမံကိန်းချဖြစ်စဉ် (Planning Process) တစ်ရပ်ကို စနစ်တကျ တည်ဆောက်ထားရှိရပါမည်။

(၅) အကောင်အထည်ဖော်ဆောင်ရွက်သည့် စီးပွားရေး စီမံကိန်းတစ်ရပ်ဖြစ်ရပါမည်။ (Reference:1,PP-2-7).

ဒုတိယအနေဖြင့် စီးပွားရေးစီမံကိန်းများ၏ သဘောသဘာဝနှင့် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ၏ အခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် လေ့လာတင်ပြပါမည်။ စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက ယနေ့ အချိန်အထိ အချိန်ကာလတာရှည် ကျင့် သုံးခဲ့ကြသည်မှာ ဗဟိုချုပ်ကိုင်မှုကြီးမားပြင်းထန်သည့် ဆိုရှယ်လစ်စနစ်နှင့် စစ်အုပ်ချုပ်ရေးတို့ဖြစ်ပြီး အရင်းရှင် ဒီမိုကရေစီစနစ်မှာ လွတ်လပ်ရေး ရရှိပြီးစ အချိန်ကာလ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိနှင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အချိန်ကာလအထိသာ ကျင့်သုံးခဲ့ရပါသည်။

ထို့ကြောင့် စီးပွားရေးစနစ်သည်လည်း အမိန့်ပေးစီးပွားရေး (Command Economy) စနစ်သာ လျှင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ပါသည်။

အကျိုးဆက်အဖြစ် စီးပွားရေးစီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် အရေးပါခြင်း မရှိတော့ဘဲ ခေါင်းဆောင်လုပ်သူ အကြီးအကဲလုပ်သူက ပါးစပ်ဖြင့် အမိန့်ပေးစေခိုင်းသည်သာ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်လုပ်ငန်း အဆင့်ဆင့် အဖြစ်လည်ပတ်လျက် ရှိနေပါတော့သည်။ ခေါင်းဆောင်လုပ်သူ၊ အကြီးအကဲလုပ်သူများကလည်း ဗျူရိုကရေစီယန္တရားအတွင်းသို့ ၎င်းတို့ပါးစပ်ဖြင့် အမိန့်ပေးသည်များကို လိုက်နာဆောင်ရွက်မည့် လူပုဂ္ဂိုလ်များအားအစားထိုးခန့်အပ်ခြင်းများ ပြုလုပ်စေခဲ့ပါသည်။ ယနေ့ အချိန်အခါတွင်မူ အစိုးရယန္တရားနှင့် လွတ်လပ်စွာတည်ရှိရမည့် ဗဟို ဘဏ်ကဲ့သို့သော အဖွဲ့အစည်းမျိုးကိုပင်လျှင် ၎င်းတို့၏ပါးစပ်ဖြင့် အမိန့်ပေးလျှင် လိုက်နာဆောင်ရွက်မည့် လူပုဂ္ဂိုလ်များအား ပြောင်းရွှေ့ခန့်အပ်ထားရှိသည်ဟု ကြားသိရပါသည်။

အထက်ပါကဲ့သို့ အခြေအနေများ တည်ရှိဖြစ်ပေါ်နေခြင်းများကြောင့် တိုင်းပြည်နိုင်ငံတွင် ပြဋ္ဌာန်းထားရှိသည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ တရားဝင်ထုတ်ပြန်ထားရှိသည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များစသည်တို့သည် မည်သို့မျှ အကျိုးရှိထိရောက်ခြင်း၊ အရေးပါ အရာရောက်ခြင်း မရှိနိုင်တော့ပါ။ ဟန်ဆောင်ဥပဒေများ နည်းဥပဒေများအဖြစ်သာ တည်ရှိနေပြီးလျှင် အုပ်ချုပ်ရေးလုပ်ငန်းများတွင်လည်း ဥပဒေများကို အခြေပြုသည့် ယန္တရားများ  လည်ပတ်နိုင်စေခြင်းမရှိတော့ဘဲ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ရန်မှာ လုံးဝမဖြစ်နိုင်သည့်အခြေအနေတွင် ရောက်ရှိတည်ရှိနေပါသည်။

တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ၏ အကျိုးကို ဆောင်ကြဉ်းပေးနိုင်မည့် စီးပွားရေးဒီဇိုင်းပုံစံ (Economic Model) နှင့် စီမံကိန်းဒီဇိုင်းပုံစံ (Planning Model) များအား တည်ဆောက် အသုံးပြုနိုင်မည့် အခြေခံကိန်းဂဏန်း အချက်အလက်များ (Data)နှင့် စာရင်းအင်း ကိန်းဂဏန်းအချက် အလက်များ (Statistic) တို့သည်လည်း ပြည့်စုံစွာမရှိနိုင်သဖြင့် မည်သည့်စီးပွားရေး စီမံကိန်းကိုမျှ စနစ်တကျ တည်ဆောက်နိုင်ခြင်း မရှိ တော့ပါ။ ထို့ကြောင့် ရေးဆွဲပြဋ္ဌာန်းအတည်ပြုခဲ့ကြသည့် စီးပွားရေး စီမံကိန်းများသည်လည်း အပြည့်အဝ အကောင်အထည်ဖော်ဆောင် ရွက်ခြင်းမရှိသည့် စက္ကူပေါ်ရှိ စီမံကိန်း (Paper Plan) သို့မဟုတ် ဟန်ဆောင် စီမံကိန်းများသာ ဖြစ်နေပါသည်။

တတိယအနေဖြင့် ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် စီးပွားရေးစီမံကိန်းကြီးများနှင့် ပတ်သက်ပြီး တည်ရှိဖြစ်ပေါ် လျက်ရှိသည့် အခြေအနေကို တင်ပြပါမည်။ အထက်တွင်ဖော်ပြခဲ့သည့် အချက်များအား သက်သေအဖြစ် တင်ပြလိုသည်မှာ အချိန်ကာလတစ်ခုတည်းအတွက် ကွဲပြားခြားနားသည့် စီမံကိန်းကြီးနှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တစ်ပြိုင်နက်တည်းရေးဆွဲထားရှိကာ တရားဝင် အတည်ပြုပြဋ္ဌာန်း ထားရှိခြင်းပင် ဖြစ်ပါသည်။ ပုံတွင် ဖော်ပြထားပါသည်။

ထိုကဲ့သို့ ဆောင်ရွက်ထားခြင်းအားဖြင့် စီမံချက်များ၊ လုပ်ငန်းစီမံကိန်းများ (Projects)၊ စီးပွားရေးလုပ်ငန်းများ (Business) တို့သည် အတည်ပြု ပြဋ္ဌာန်းထားရှိသည့် စီးပွားရေးစီမံကိန်းကြီးနှင့် သဟဇာတရှိစွာ လမ်းကြောင်းတည့်မတ်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း မဟုတ်တော့ဘဲ ဖြစ်ချင်သလိုဖြစ်၊ လုပ်ချင်သလိုလုပ်၊ ပရမ်းပတာဖြစ်နေပြီးလျှင် ပါးစပ်ဖြင့် အမိန့်ပေးနိုင်သူကို ချဉ်းကပ်ကာ ခရိုနီလူတန်း စားများသာ ဖြစ်ထွန်းပေါ်ပေါက် လျက်ရှိနေပါတော့သည်။

စာရေးသူ လေ့လာသိမြင်ရသမျှ တင်ပြရပါလျှင် အထက်တွင် ဖော်ပြခဲ့သော တရားဝင်အတည်ပြု ပြဋ္ဌာန်းထားရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကြီးနှစ်ခုသည်လည်း တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုပြီး ဥစ္စာရင်လို၊ ဥစ္စာရင်ခဲရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထားရှိခြင်းထက် နိုင်ငံတကာအသိုင်းအဝိုင်းက ငွေကြေးနှင့် နည်းပညာများ အထောက်အပံ့ပေးသဖြင့်သာ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ နောက်ဆုံးအနေနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး ဆရာကြီးဦးမြတ်သိန်း၏ မှတ်ချက် စကားကလေးကို တင်ပြပါမည်။ “အထူးသဖြင့် စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်မှု အတွေ့ အကြုံနည်းနေသေးသရွေ့၊ စီမံကိန်းဆိုင်ရာပညာနုနေသေးသရွေ့ ပြဿနာ မြောက်မြားစွာနှင့် ရင်ဆိုင်နေရပေဦးမည်”။ (Reference:1,PP-14).

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသော စီမံကိန်းကြီးများ သို့မဟုတ် စက္ကူပေါ်ရှိ စီမံကိန်းကြီးများ သို့မဟုတ် ဟန် ဆောင်စီမံကိန်းကြီးများ ပြုလုပ်ဆောင်ရွက်သည့် အလေ့အထများ လျော့နည်းကျဆင်း ပျောက်ကွယ်စေ ပြီးလျှင် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေပြီး လုပ်ငန်းစီမံကိန်းများ၊ စီးပွားရေးလုပ် ငန်းများနှင့် လိုက်လျောညီထွေရှိစေမည့် တိုင်းပြည်နိုင်ငံတော် အကျိုး၊ ပြည်သူပြည်သားများ၏ အကျိုးကို အစွမ်းကုန် ဆောင်ကြဉ်းပေးနိုင်စေမည့် စီးပွားရေးစီမံကိန်းကြီးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့ကို အခြေပြုလျက် အစွမ်းကုန် ကြိုးပမ်းရေးဆွဲ အတည်ပြု ပြဋ္ဌာန်းနိုင်ကြပါစေကြောင်း ရေးသား တင်ပြအပ်ပါသည်။

Reference:1 မြတ်သိန်း (၂၀၁၃),“စီးပွားရေး စီမံကိန်း အခြေခံသဘောတရားများနှင့် နည်းလမ်းများ”, ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ၊ Wisdom House စာအုပ်တိုက်။

Most Read

Most Recent