ရုရှား-ယူကရိန်းစစ်ပွဲ ကိုးလအတွင်း ဝင်ရောက်လာမှုနှင့် ရုရှား၏ အနေအထား

ရုရှား-ယူကရိန်းစစ်ပွဲ ကိုးလအတွင်း ဝင်ရောက်လာမှုနှင့် ရုရှား၏ အနေအထား
ယူကရိန်းအမျိုးသားအစောင့်တပ်သားများက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် ခါကိဗ်မြို့အနီး၌ ရုရှားတို့ ယူထားရာနေရာများကို မော်တာများဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဉ် (Photo:AP)
ယူကရိန်းအမျိုးသားအစောင့်တပ်သားများက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် ခါကိဗ်မြို့အနီး၌ ရုရှားတို့ ယူထားရာနေရာများကို မော်တာများဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဉ် (Photo:AP)
Published 29 October 2022
နရီမင်း

ယူကရိန်းတွင် ရုရှား၏စစ်ပွဲသည် ကိုးလမြောက်သို့ ဝင်ရောက်လာသည်နှင့်အမျှ ရုရှားစစ်တပ်သည် ပိုမိုအားကောင်းလာသော အီရန်၏ထောက်ပံ့မှုကို မှီခိုနေရပုံရပြီး ၎င်းတို့စစ်တပ်၏ အားနည်းချက်များ လည်း ပိုမိုထင်ရှားလာခဲ့သည်။

တီဟီရန်က ငြင်းဆိုနေသော်လည်း ယူကရိန်း အရပ်သားများသည် အီရန်လုပ် Shahed-136 “အသေခံဗုံးခွဲ” ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ခံနေရပြီး ယူကရိန်း တပ်ဖွဲ့များသည် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိနယ်မြေများကို ပိုမိုသိမ်းပိုက်လျက်ရှိသည်။

ဤအတောအတွင်း အမေရိကန် လွှတ်တော်အမတ်များနှင့် ပြင်သစ်သမ္မတတို့သည် ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် ၎င်းတို့၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရောထွေးသော အချက်ပြမှုများ ပေးပို့နေပုံရသည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်းရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ခံစစ်များကို မချိုးဖျက်ဘဲ အရှေ့ပိုင်းရှိ ဘက်ခမွတ်မြို့ကို ဆက်တိုက်ထိုးနှက်ခဲ့သည်။

လူဟန့်ဒေသတွင် ယူကရိန်းတပ်ဖွဲ့များသည် ခရီမင်နာနှင့် ဆီဗတုတ်ဗ်ဆက်သွယ်ထားသော အဝေးပြေးလမ်းကို သိမ်းပိုက်ခဲ့ပြီး ယင်းမြို့နှစ်မြို့သည် အဓိကထောက်ပံ့ပို့ ဆောင်ရေးဗဟိုဖြစ်သည့် ဆတာရိုဘစ်စကာမြို့သို့ လမ်းဖွင့်ပေးနေသည့် မြို့များဖြစ်ကြသည်။

မကြာသေးမီက ၎င်းတို့အနေဖြင့် မြေပြင်စတုရန်းကီလိုမီတာ ၈၀၀၀ (၃,၀၈၈ စတုရန်းမိုင်) ကျော် ဆုံးရှုံးခဲ့သည့် ခါကိဗ်၌ ပြန်လည်ထိုးစစ်ဆင်ရန် ရုရှားတပ်များ၏ ကြိုးပမ်းမှုမှာ ထိရောက်မှုမရှိခဲ့ပေ။ ယူကရိန်းတပ်ဖွဲ့များသည် ယခုအခါ အဆိုပါ ဒေသတွင် လူနေရပ်ကွက် ၅၄၄ ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ၃၂ နေရာသာ ကျန်ရှိတော့သည်ဟု ဆိုသည်။

ရုရှားတပ်ဖွဲ့ဝင်များက တပ်ရင်း ၄၅ ခုမှ နည်းဗျူဟာအဖွဲ့များကို စုစည်းထားရာ တောင်ပိုင်းရှိ ခါဆန်မြို့သည် နောက်လာမည့် အဓိကအချက်အချာကျသော လှုပ်ရှားမှုအဖြစ် တိုက်ခိုက်ခံရလိမ့်မည်ဟု မျှော်လင့်ရသည်။

ယူကရိန်း၏ တန်ပြန်တိုက်ခိုက်မှုကို မျှော်လင့်ကာ ရုရှားတပ်ဖွဲ့များသည် နီပါမြစ်ကိုဖြတ်သန်းသည့် မြစ်ကူးဆိပ်များနှင့် တံတားများကို ဖောက်ခွဲခဲ့ကြောင်း ယူကရိန်းဘက်မှ သိရသည်။

“ရုရှား သြဇာခံတပ်ဖွဲ့များမှ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် (နီပါမြစ်၏အရှေ့ဘက်ကမ်း) ကို မိုင်းခွဲပြီး ၎င်းတို့၏တပ်များကို ညာဘက်ကမ်းမှ ဆုတ်ခွာနိုင်စေရန်အတွက် အလားအလာရှိသော လမ်းငယ်များကို ချန်ထားခဲ့သည်”ဟု ယူကရိန်း စစ်တပ်၏ စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

ရုရှားသည် အနောက်ပိုင်း ခါဆန်မှ ဆရာဝန်များ၊ ဆရာများနှင့် ဘဏ်လုပ်ငန်းရှင်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေး ကြီးကြပ်ရန်အတွက် အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင် ၂,၀၀၀ ကို စေလွှတ်ခဲ့သည်ဟု ဝန်ထမ်းများက ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် လမ်းပေါ်တိုက်ပွဲများအတွက် ခါဆန်မြို့ကို ပြင်ဆင်နေကြောင်း၊ “အာဏာပိုင်များ”သည် ဆရာဝန်များ၊ ဆရာများနှင့် ဘဏ်ဝန်ထမ်းများကို နေရာအနှံ့မှ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရုရှား၏ Tass သတင်းဌာနက ဖော်ပြခဲ့သည်။

“ခါဆန်မှ အရပ်သားအားလုံး မြို့မှချက်ချင်း ထွက်ခွာရမည် ... အရပ်ဘက်အုပ် ချုပ်ရေးဌာနများနှင့် ဝန်ကြီးဌာနများအား လုံးသည် နီပါမြစ်၏ ဘယ်ဘက်ကမ်းသို့ ယနေ့ ဖြတ်ကူးရမည်”ဟု မြို့၏ အလုပ်အကိုင်စီမံခန့်ခွဲရေးဋ္ဌာနက အောက်တိုဘာလ ၂၂ ရက်တွင် Telegram ရုပ်သံလိုင်းမှ မက် ဆေ့ခ်ျတွင် ပြောကြားထားသည်။

မော်စကို၏ အဆိုအရ ယခုအထိ ခါဆန်မြို့မှ လူပေါင်း ၇၀,၀၀၀ ခန့် ထွက်ပြေးခဲ့ကြောင်း သိရသည်။ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများကို ရုရှား သို့မဟုတ် သိမ်းပိုက်ထားသော နယ်မြေများဆီသို့ အတင်းအကျပ် နှင်ထုတ်ခြင်းဟု ဖော်ပြခြင်းက ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူကရိန်းဘက်က ပြောကြားခဲ့သည်။

ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ကီရီလိုဘူဒါနော့ဗ်က ခါဆန်မြို့ကို နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ကြောင်း ယူကရိန်း၏ Pravda သတင်းဌာနသို့ ပြောကြားခဲ့သည်။

သြဂုတ် ၂၉ ရက်က တန်ပြန်ထိုးစစ်တစ်ခုသည် ဒေသတွင်း၏ ၅၀၀ စတုရန်းကီလိုမီတာ (၁၉၀ စတုရန်းမိုင်) ကျော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ ရုရှား၏ပြင်ဆင်မှုများသည် ကာကွယ်ရေးနှင့် ပျံသန်းရေးတို့ကို အာရုံစိုက်နေပုံရသည်။

ရုရှားသည် နီပါမြစ်ပေါ်ရှိ ကာခေါ့ဗ်ကာ ရေအားလျှပ်စစ်ဆည်၏သော့ခလောက်များနှင့် အင်ဂျင်ခန်းများကို မိုင်းခွဲနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးက အစီရင်ခံခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ၎င်းတို့၏ဆုတ်ခွာမှုကို အကာအကွယ်ရန် ဆည်အားထိုးနှက်နိုင်ဖွယ်ရှိကြောင်း စစ်ပွဲလေ့လာရေး အင်စတီကျုက ပြောကြားခဲ့သည်။

ဆည်ကို တစ်စိတ်တစ်ပိုင်း ဖောက်ခွဲခြင်းကြောင့် ခါဆန်အနောက်ပိုင်းကို ရေလွှမ်းမိုးစေပြီး ယူကရိန်းတို့၏ စစ်ချီမှုကို နှစ်ပတ်ကြာ နှောင့်နှေးစေနိုင်သည်ဟု ဘူဒါနော့ဗ်က ပြောကြားခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် အဓိကအားဖြင့် ယင်းဆည်သည် တံတားနှင့် သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းအဖြစ် ဆောင်ရွက်နေသောကြောင့်ဟု ဆိုသည်။

 

■ ရုရှားတို့၏ ပြတ်လပ်မှုများ

ရုရှားသည် ဒုံးကျည်များနှင့် ခဲယမ်းမီးကျောက်များ ကုန်သွားပြီဖြစ်ကြောင်း အနောက်တိုင်းနှင့် ယူကရိန်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

“Shahed(ဒရုန်းတွေ) အသုံးပြုမှုကို ထိတ်လန့်မှုက အချိန်အတော်ကြာအောင် ရှိနေနိုင်တယ်”ဟု ဘူဒါနော့ဗ်က ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အားလုံးကိုမတည်ဆောက်ရသေးသော်လည်း ရုရှားက အီရန်နိုင်ငံက ထုတ်လုပ်သည်ဟု ယူဆရသော အဆိုပါလက်နက် ၁,၇၀၀ ကို မှာယူထားသော ကြောင့်ဖြစ်သည်ဟု ဆိုသည်။ 

“ဒါပေမဲ့ ဒုံးကျည်တွေတော့ အသုံးမပြုနိုင်တော့ပါဘူး။ သိုမှီးထားတာတွေ ကုန်လုနီးပါး ဖြစ်နေလို့ပါ။ သိုလှောင်ထားတာတွေရဲ့ ၁၃ ရာခိုင်နှုန်းလောက်က Iskander ဒုံးကျည်တွေအတွက်၊ Kalibr-PL၊ Kalibr-NK ဒုံးကျည်တွေအတွက် ၄၃ ရာခိုင်နှုန်းနဲ့ Kh-101 နဲ့ Kh-555 ဒုံးကျည်တွေအတွက် ၄၅ ရာခိုင်နှုန်းလောက် ချန်ထားတာပါ။ အကြမ်းအားဖြင့်တော့ ရာခိုင်နှုန်း ၃၀ အောက် ကျဆင်းရင် အရမ်းအန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ (အဲဒါက) ထိလို့မရတဲ့ သိုလှောင်မှု ဖြစ်နေလို့ပါ”ဟု ၎င်းက ဆိုသည်။

ဒရုန်းများအပြင် အီရန်သည် ရုရှားအား Fateh-110 နှင့် Zulfighar ဒုံးကျည်များ ထောက်ပံ့ပေးရန်လည်း စဉ်းစားနေကြောင်း ယူကရိန်းက ပြောကြားခဲ့ပြီး ယင်းတို့မှာ Iskander ဒုံးကျည်နှင့် အနီးစပ်ဆုံးဖြစ်သည်။ မှာယူထားမှုများမှာလည်း ဒါဇင်နှင့်ချီသော ဒုံးကျည်များ ဖြစ်လိမ့်မည်ဟု ဆိုသည်။

ရုရှားသည် ှ-၃၀၀ ဒုံးကျည်များကို ဆီးရီးယားမှ ယူကရိန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်းနှင့် အကြီးအကျယ် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယူဆထားခဲ့ရသည့် အဆိုပါလက်နက်ခဲယမ်းများသည်ပင်လျှင် ပြတ်လပ်နေသည်ကို ညွှန်ပြနေကြောင်း New York Times က ဖော်ပြခဲ့သည်။

ထိုအတောအတွင်း Wagner Group တည်ထောင်သူ ယဲ့ဗ်ဂေးနီ ပရီဂိုဇင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စကားပြောဆိုရာတွင် ရုရှား၏စစ်ပွဲကို ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်ခဲ့သည်ဟု Washington Post က ဖော်ပြခဲ့သည်။

ရုရှားလက်နက်ကိုင်တပ်ဖွဲ့များသည် အထူးသဖြင့် အရှေ့ပိုင်းတွင် Wagner Group အား ပိုမိုအားကိုးနေရသော်လည်း ၎င်းတို့ကို လက်နက်များနှင့် ငွေကြေးများ ထောက်ပံ့မှုညံ့ဖျင်းသည်ဟု အဆိုပါသတင်းစာက ဆိုသည်။

Wagner ကြေးစားစစ်သား ၈,၀၀၀ ခန့်သည် ယူကရိန်းမြေပေါ်တွင် လှုပ်ရှားနေပြီး အများစုမှာ ရုရှားအကျဉ်းထောင်များမှ စုဆောင်းခံရသူများ ဖြစ်သည်ဟု ယူကရိန်း စစ်ထောက်လှမ်းရေးက ဆိုသည်။

နယ်မြေကို အနိုင်ယူခြင်း သို့မဟုတ် ထိန်းထားနိုင်ခြင်းမရှိသော ရုရှားသည် အီရန် “အသေခံဗုံးခွဲ” ဒရုန်းများကို အဓိကအသုံးပြု၍ ယူကရိန်း၏ အခြေခံအဆောက် အအုံများကို ဝေဟင်မှ ဆက်လက်ဖိအားပေးလျက်ရှိသည်။ (ယင်းဒရုန်းများ ထောက်ပံ့မှုကို အီရန်က  တရားဝင်ငြင်းဆိုထားသည်။) ရုရှား၏ တိုက်ခိုက်မှုများသည် အရပ်ဘက်အခြေခံအဆောက်အအုံများကိုသာ ဖြစ်ကြောင်း ဘူဒါနော့ဗ်က ပြောကြားခဲ့သည်။

ရုရှားလွှတ်တော်အမတ် အင်ဒရေဂူရူ လော့ဗ်က ရုရှားရုပ်မြင်သံကြားတွင် အဆိုပါမဟာဗျူဟာကို ရှင်းပြခဲ့သည်။

“လျှပ်စစ်မီး မရှိဘူးဆိုတာ ရေမရှိတာ၊ ရေခဲသေတ္တာ မရှိတာ၊  မိလ ္လာစွန့်ဖို့ မရှိတာကို ဆိုလိုတယ်။ လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး တစ်ပတ်ကြာရင် ကိယက်ဗ်မြို့ဟာ မိလ ္လ ာတွေထဲမှာ ကူးခတ်နေရတော့မှာ။ ကပ်ရောဂါရဲ့ခြိမ်းခြောက်မှုတစ်ခုက သိသိသာသာ ရှိလာပါလိမ့်မယ်“ဟု ဂူရူလော့ဗ်က ပြောကြားခဲ့သည်။

         

“ကျွန်တော်တို့ ထိန်းချုပ်ရေးစင်တာတွေကို အလဲထိုးပစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ဒီဂျစ်တယ်ခေတ်မှာ ရှိနေပါတယ်။ ဆာဗာတွေနဲ့ ဒေတာစင်တာတွေက ယူကရိန်းရဲ့ မီးရထားလမ်းတွေနဲ့ စွမ်းအင်ထောက်ပံ့မှုစနစ်တွေအပြင် ဘဏ်လုပ်ငန်းစနစ်တွေနဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ပေးတဲ့ သတ္တုပြားတွေကိုပါထိန်းချုပ်ထားတာပါ”ဟု ဂူရူလော့ဗ်က “အနောက်နယ်စပ်သို့ ဒုက္ခ သည်များ အစုလိုက်အပြုံလိုက် ရောက်ရှိ သွားမည်ဖြစ်ကြောင်း”ကို ခန့်မှန်းလျက် ပြောကြားခဲ့သည်။

သို့သော် ယင်းလေကြောင်းစစ်ဆင်ရေးသည် အစီအစဉ်အတိုင်း တိုးတက်နေပုံ မပေါ်ပါ။

ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုက ပစ်မှတ်ထားခဲ့သော မြို့ပြရေပေးဝေရေးစနစ်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ်တို့ ဆုံးရှုံးခဲ့ခြင်းအား ကနဦးတုန်လှုပ်ခဲ့ပြီးနောက်ပိုင်းတွင် ယူကရိန်းနိုင်ငံသားများသည် အရေးယူဆောင်ရွက်မှုအဆင့်သို့ ခုန်တက်ကာ ပျက်စီးသွားသော စွမ်းအင်အခြေခံ အဆောက်အအုံ ၅၈၀ အနက် ၂၅၃ ခုကို ပြန် လည်ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၄ ရက် စစ်တမ်းတစ်ခုတွင် အလျှော့မပေးသောဆန္ဒကို ထုတ်ဖော်ပြသခဲ့သည်။ ယူကရိန်းနိုင်ငံသား ၈၆ ရာခိုင်နှုန်းက အရပ်သားများကို တိုက်ခိုက်မှုများကြား၌ ဆက်လက်တိုက်ပွဲဝင်လိုကြောင်း Kyiv International Institute of Sociology သို့ ပြောကြားခဲ့သည်။

ရုရှားဘာသာစကားပြောသူများကြား၌ပင် ၆၆ ရာခိုင်နှုန်းက စစ်ပွဲကို ဆက်တိုက် ရန်မဲပေးခဲ့ကြသည်။ ခြုံငုံသုံးသပ်ရလျှင် ယူကရိန်းနိုင်ငံသား ၁၀ ရာခိုင်နှုန်းကသာ မြို့များကို ဗုံးကြဲတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ညှိနှိုင်းမှုများကို စတင်သင့်သည်ဟု ဆိုသည်။

ထို့ပြင် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ခြိမ်းခြောက်မှုကို လျော့ပါးစေရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

အောက်တိုဘာလ ၂၂ ရက်အထိ ဖြန့်ကြက်လိုက်သော Shahed-136 ဒရုန်း ၃၃၀ စင်းအနက် သုံးပုံနှစ်ပုံကို လေကြောင်းရန် ကာကွယ်ရေးစနစ်များက ပစ်ချနိုင်ခဲ့သည်ဟု ဘူဒါနော့ဗ်က ခန့်မှန်းခဲ့သည်။

ထိုနေ့အတွက် ယူကရိန်း စစ်ဦးစီးချုပ်၏ ကိန်းဂဏန်းများက ယူကရိန်း၏ အောင်မြင်မှုနှုန်း၏ ပုံမှန်အနေအထားကို ပြနေသည်။ ရုရှားသည် ဒုံးကျည် ၄၀ စင်းနှင့်Shahed-136 ဒရုန်း ၁၆ စင်းကို ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ယူကရိန်းက ဒုံးကျည်အစင်း ၂၀ နှင့် UAV ၁၁ စင်းကို ပစ်ချခဲ့သည်။

ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူရီအီဂနက်က ဂျာမနီက ထောက်ပံ့ပေးသော IRIS-T လေကြောင်းရန် ကာကွယ်ရေးစနစ်သည် တိုက်ခိုက်မှုအတွင်း ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများကို အောက်တိုဘာ ၁၁ ရက်က လက်ခံရရှိပြီး အောက်တိုဘာ ၁၇ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ကြောင်း ပထမဆုံး အတည်ပြုချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်းသို့ Hawk ကြားဖြတ်ဒုံးကျည်များ တင်ပို့မှုကို အရှိန်မြှင့်ရန် စဉ်းစားနေသောကြောင့် လာမည့်နှစ်လအတွင်း လေကြောင်းရန် ကာကွယ်ရေးစနစ်များ အားကောင်းလာ လိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီး အိုလက် ဆီရန်ဇနီကော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်း၏ စိတ်ဓာတ်သည် ရောထွေးနေသော ၎င်း၏ အဓိကမဟာမိတ်များထံမှ အချက်ပြမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

Caesar ဟော်ဝစ်ဇာအမြောက်များ ထောက်ပံ့ပေးခဲ့ပြီး Crotale လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးရန် ကတိပြုထားသည့် ပြင်သစ်နိုင်ငံ၏ သမ္မတ အီမန်နျူယယ် မက်ခရွန်က “ယူကရိန်းအနေနဲ့ အဲ့ဒီလို ဆုံးဖြတ်ချက်ချတဲ့ဆီ ရောက်လာတဲ့အခါ ငြိမ်းချမ်းရေး အလားအလာ ရှိလာမှာပါ”ဟု ယူကရိန်းကို ငြိမ်းချမ်းရေးအား နယ်မြေနှင့် လဲလှယ်သင့်ကြောင်း အကြံပြုလျက် ရောမမြို့မှ ပရိသတ်များကို ပြောကြားခဲ့သည်။

၀ါရှင်တန်တွင် အမေရိကန် လစ်ဘရယ်လွှတ်တော်အမတ် ၃၀ ပါဝင်သည့် အုပ်စုတစ်စုက မော်စကိုနှင့် တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးရန် ဘိုင်ဒင်ထံ စာရေးသားကာ တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၈ ရက် အမေရိကန်ကြား ဖြတ်ရွေးကောက်ပွဲမတိုင်မီ ရက်များတွင် အဆိုပါပေးစာသည် ယူကရိန်းအား ထောက်ခံမှုနှင့်ပတ်သက်၍ ဒီမိုကရက်အမတ်များ အကြားသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့ပုံရပြီး လက်မှတ်ရေးထိုးသူများက ယင်းစာကို ၂၄ နာရီအကြာတွင် ပြန်လည်ရုပ်သိမ်း သွားခဲ့သည်။

ရီပက်ဘလီကင် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ကီဗင်မက်ကာသီက ၎င်း၏ပါတီသည် အများစုကို အနိုင်ရလျှင် ယူကရိန်းအတွက် စစ်ရေးအကူအညီများအား လျှော့ချမည်ဟု အကြံပြုပြောဆိုပြီးနောက် ရက်ပိုင်းအကြာတွင် ယင်းတောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

“လူတွေ စီးပွားရေးပျက်ကပ်တစ်ရပ်ထဲ ကျရောက်တော့မယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ သူတို့အနေနဲ့ ယူကရိန်းအတွက် ချက်လက်မှတ်အလွတ်ကို ရေးပေးချင်မှာ မဟုတ်ဘူး။ (ချက်လက်မှတ်အလွတ်ဟူသည် တောင်းသလောက် ပေးခြင်းကို ဆိုလိုသည်။) သူတို့ ဒါမျိုးလုပ်မှာကို မဟုတ်ဘူး”ဟု ၎င်းက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ယူကရိန်းအား ထောက်ခံမှု၌ ပြတ်သားသော အချက်ပြမှုသည် အီတလီ၏ ပထမဆုံးအမျိုးသမီး ခေါင်းဆောင်ဖြစ်သူ ဂျော်ဂျီယာ မီလိုနီထံမှ ထွက်ပေါ်လာခဲ့သည်။ လက်ယာယိမ်း လူကြိုက်များရေးဝါဒီ ဝန်ကြီးချုပ်ဂျော်ဂျီယာ မီလိုနီသည် စစ်ပွဲကြောင့် မြင့်မားလာသော စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချရန် လိုအပ်ကြောင်း မဲဆွယ်ခဲ့သူ ဖြစ်သည်။

“ကျွန်မတို့ရဲ့ စိတ်ငြိမ်းချမ်းမှုအတွက် ယူကရိန်းရဲ့ လွတ်လပ်မှုကို အပေးအယူလုပ်ဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်သူတိုင်းဟာ မှားယွင်းနေတာပါပဲ”ဟု ၎င်း၏ ပထမဆုံး ပါလီမန်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “စွမ်းအင်နဲ့ ပတ်သက်ပြီး ပူတင်ရဲ့ အကျပ်ကိုင်မှုကို အရှုံးပေးလိုက်တာက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ ဒါကပိုဆိုးသွားစေမှာပါ”ဟု ၎င်းက ဆိုသည်။

Ref: Al Jazeera

Most Read

Most Recent