ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ တရားရုံးတစ်ရုံးတွင် ရှေ့နေတစ်ဦးဖြစ်သည့် မာရီယာအစ္စမွန့်သည် သူ့ဘက်က ရှုံးနိမ့်နေသည့်အမှုကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုနေသည်။
သူ့အမှုသည်သည် ကျောင်းသားတစ်ဦးဖြစ်ပြီး ရုရှားစစ်တပ်ကို အသရေဖျက်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။ အဆိုပါကျောင်းသားသည် လူလိမ်တစ်ဦး၊ ရုရှားဆန့်ကျင်ရေးဂိုဏ်းဝင်တစ် ဦးဖြစ်သည်ဟုပင် ခေါ်ဆိုခံခဲ့ရသည်။
ရုရှားနိုင်ငံ၏ တရားခွင်တွင် ထုံးစံအတိုင်းပင် ပြောင်းလဲမှုမရှိသည့်မြင်ကွင်းကို မြင်တွေ့ရသည်။ တရားစွဲဆိုခံထားရသူကို မျက်နှာသာဖော်ထားသည့် ခေါင်းစွပ်ကိုစွပ်ထားသည့် ရဲအရာရှိတစ်ဦးက စောင့်ကြပ် ထားသည့် လှောင်အိမ်ထဲတွင် သီးခြားထားရှိထားသည်။ တရားသူကြီးက သက်သောင့်သက်သာထိုင်နေပြီး သက်သေထွက်ဆိုသူက တရားစွဲဆိုခံထားရသူကို နှုတ်ဖြင့် ဒေါသတကြီး ရှည်လျားစွာ ဝေဖန်တိုက်ခိုက်နေသည်။
ယူကရိန်းပဋိပက္ခမတိုင်မီကပင် ရုရှားနိုင်ငံ၏ တရားရေးစနစ်သည် အစိုးရအား ဝေဖန်သူများကို ပြင်းထန်စွာ အရေးယူခဲ့သည်။
သို့သော်လည်း မကြာသေးမီလများအတွင်း အစိုးရဝေဖန်ရေးသမားများ ဖိနှိပ်ခံရမှုများ ပိုမိုမြင့်တက်လာခဲ့သည်။
အသက် ၄၇ နှစ်အရွယ် အစ္စမွန့်သည် ရုရှားတွင် အစိုးရအတိုက်အခံများဘက်မှ ခုခံကာကွယ်ပေးသည့် ရှေ့နေများထဲမှ တစ်ဦးဖြစ်ပြီး ရုရှားတွင် ဝေဖန်ရေးသမားများအတွက် နေရာမှာ ပိုမိုကျဉ်းမြောင်းလာသည်ကို တွေ့မြင်လာခဲ့သည်။
“ကျွန်မတို့နားထောင်နေရတာက ကိုယ့်အတွေးအမြင်တွေကို ဖော်ပြနေတဲ့ အရမ်းထူးဆန်းတဲ့ သြဝါဒပို့ချတဲ့ ပုံစံမျိုးဖြစ်နေပါတယ်”ဟု အစ္စမွန့်က သက်သေထွက်ဆိုသူ၏ ပြောကြားချက်များကို ကန့်ကွက်ရန် မတ်တပ်ရပ် ပြီး ပြောကြားခဲ့သည်။
“အခုပြောနေတာတွေက ဒီအမှုနဲ့ လုံးဝမသက်ဆိုင်ပါဘူး”ဟု အစ္စမွန့်က တရားသူကြီးကို ပြောကြားခဲ့သည်။
သက်သေထွက်ဆိုသူသည် အသက် ၆၂ နှစ်အရွယ်ရှိ လျူဒီမီလာ ဂရီဂိုယီဗာအမည်ရှိ အမျိုးသမီးဖြစ်သည်။ သူသည် ရုရှား၏ ဂုဏ်သိက္ခာအကြီးမားဆုံး တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး တရားစွဲဆိုခံထားရသည့် ကျောင်းသားသည် ယင်းတက္ကသိုလ်မှ ကျောင်းသားဖြစ်သည်။
ဂရီဂိုယီဗာသည် အသက် ၂၃ နှစ်အရွယ် ဒီမီထရီ အိုင်ဗန်နော့ဗ်အား ယူကရိန်းတွင် ရုရှားစစ်တပ်နှင့်ပတ်သက်သည့် သတင်းအမှားများဖြန့်နေကြောင်းနှင့် တရားမဝင် ရုရှား ဆန့်ကျင်ရေးလုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်နေသူဖြစ်ကြောင်း အစရှိသဖြင့် အကြောက်အကန် ပြောကြားနေသည်။
သူ့ပြောကြားချက်များကို အစ္စမွန့်က ကြားဖြတ်ဟန့်တားခဲ့ချိန်တွင် ဂရီဂိုယီဗာသည် နောက်တစ်ကြိမ်ထခုန်ပြီး သူ့အသံကို ပိုမိုကျယ်လောင်စွာပြောကြားခဲ့သည်။ တရားရုံးစာရေး၏ လက်နှိပ်စက်ရိုက်သံမှာသူ့ စကားသံနှင့်အတူ ထွက်ပေါ်နေသည်။
“သူက ရုရှားကို မုန်းတီးတဲ့သူတွေကို ထောက်ခံနေပါတယ်။ သူဟာ လူ့အဖွဲ့အစည်းရဲ့ ဆိုးယုတ်မှုတွေဘက်က ကာကွယ်ပေးနေသူဖြစ်ပါတယ်။ တကယ်လို့ တခုခုကို နင်မကြိုက်ဘူးဆိုရင် နင့်အနေနဲ့ ပါးစပ်ပိတ်နေရုံပါပဲ”ဟု ဂရီဂိုယီဗာက အိုင်ဗန်နော့ဗ်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြောကြားခဲ့သည်။
သချင်္ာနှင့် ဆိုက်ဘာပညာကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် အိုင်ဗန်နော့ဗ်သည် ဇွန်လက ရုရှားစစ်တပ်နှင့်ပတ်သက်ပြီး သတင်းအမှားများဖြန့်မှုစွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရပြီး သူသည် ယင်းအမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။
ယင်းအမှုသည် Telegram လူမှုမီဒီယာတွင် သူဖန်တီးခဲ့သည့်ချန်နယ်တစ်ခုနှင့် ဆက်နွှယ်နေပြီး ယင်းချန်နယ်သည် အစိုးရကို ဝေဖန်သည့်ချန်နယ်ဖြစ်ကာ လက်ရှိအချိန်အထိ Moscwo State တက္ကသိုလ်မှ သူ့ သူငယ်ချင်း ကျောင်းသားများက ယင်းချန်နယ်ကို ဆက်ဖွင့်ထားဆဲဖြစ်သည်။
“ရှင် မာရီယူပိုးလ် ဒါမှမဟုတ် ဘူချာကို ရောက်ဖူးရဲ့လား”ဟု အစ္စမွန့်က ရုရှားစစ်သားများက အရပ်သားများကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ယူကရိန်း၏ မြို့များ အမည်ကို ရည်ညွှန်းပြီး မေးမြန်းခဲ့သည်။
“မရောက်ဖူးဘူး။ ဒါပေမယ့် ဒိုးနက်ဒေသမှာ ကျွန်မအမျိုးတွေရှိတယ်”ဟု ဂရီဂိုယီဗာက ရုရှားတပ်ဖွဲ့များထိန်းချုပ်ထားပြီး ရုရှားလိုလားသူများ၏ ခြေကုပ်ဖြစ်သည့် ဒိုးနက်ဒေသကို ရည်ညွှန်းပြီး ပြန်လည်ဖြေကြားခဲ့သည်။
“ပြီးတော့ ကျွန်မအမျိုးတွေကြောင့်ပဲ ယူကရိန်းမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်မသိရတယ်။ အဲဒီမြို့တွေဟာ လွတ်လပ်ပြီး တစ်မြို့နဲ့တစ်မြို့ လွတ်လပ်မှုကိုလည်း အသိအမှတ်ပြုထားပါတယ်”ဟု ဂရီဂိုယီဗာက အစ္စမွန့်ကို ပြောကြားခဲ့သည်။
စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့် ကြားနာစစ်ဆေးမှုအပြီးတွင် အစ္စမွန့်က ယူကရိန်းတွင်ဖြစ်ပွားနေသည့် အဖြစ်အပျက်များအပေါ် ရုရှားစစ်တပ်၏ ပြောကြားမှုများသည် မှန်ကန်မှုမရှိကြောင်း အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ကလေးသုံးဦး၏မိခင် အစ္စမွန့်သည် ၂၀၀၈ ခုနှစ်ကမှ ရှှေ့နေဖြစ်လာခဲ့သူဖြစ်သည်။ ယင်းမတိုင်မီက သူသည် ရုရှားနှင့် အာဖရိကတွင် ဂျနယ်လစ်တစ်ဦးအဖြစ် နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ရှေ့နေဖြစ်လာခဲ့ပြီး နောက်ပိုင်းရုရှားတွင် အတိုက်အခံခေါင်းဆောင်များကို သမိုင်းတွင်စေမည့် ဖိနှိပ်မှုများပြုလုပ်ခဲ့ပြီး ရုရှားအတိုက်အခံခေါင်းဆောင်များဘက်မှ ရပ်တည်ခဲ့သည့် ရှေ့နေများသည်လည်း ပြည်ပြေးဘဝရောက်ခဲ့ရသည်။
အထင်ရှားဆုံးဖြစ်ရပ်တစ်ခုမှာ မတ်လက ရုရှားအာဏာပိုင်များသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး သတင်းအမှားဖြန့်မှုကို ပြစ်မှုဆိုင်ရာ ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရုရှားတွင် ကျန်ရှိနေဆဲဖြစ်သည့် အတိုက်အခံနိုင်ငံရေးသမားများသည် ရေငုံနှုတ်ပိတ်နေရသည့်ဘဝသို့ ရောက်ရှိသွားခဲ့သည်။
လက်ရှိတွင် အစ္စမွန့်သည် သူ၏ မိတ်ဆွေရှေ့နေများကဲ့သို့ ပြည်ပြေးတစ်ဦးလုပ် မည်လော၊ သို့မဟုတ် ရုရှားတွင် ဆက်လက်နေထိုင်မည်လောဟူသည့်အချက်ကို ရွေးချယ်ရမည်ဖြစ်သည်။
“ဒီမှာရှိနေတဲ့လူတွေကို ကျွန်မကူညီရဦးမယ်”ဟု သူက ပြောကြားခဲ့သည်။ အစိုးရဆန့်ကျင်သူများဘက်မှ လိုက်ပေးခဲ့သည့်အမှုအားလုံးနီးပါးတွင် ရှုံးနိမ့်ခဲ့သော်လည်း အနိုင်၊ အရှုံးသည် အဓိကမဟုတ်ကြောင်း အစ္စ မွန့်က ပြောကြားခဲ့သည်။
“ကျွန်မက ကာစီနိုဆော့နေတာမှ မဟုတ်တာ။ အမှန်တရားဖြစ်စေမယ့် တစ်ခုခုအတွက် ကျွန်မတို့ အသင့်ပြင်ထားဖို့လိုတယ်။ ဘယ်သူမှ ဂရုမစိုက်လည်း နေပါစေ၊ လူ့အခွင့်အရေးဟာလေးစားခံရမယ်ဆိုတဲ့အကြောင်းကို ကျွန်မတို့ တောင်းဆိုနေဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ရုရှားမှာ တရားမျှတမှုပြန်ရှိလာတဲ့အချိန်မျိုးဆိုရင် ဒီလိုတောင်းဆိုမှုတွေက နောက်တစ်ကြိမ် လိုအပ် လာဦးမှာမို့ပါပဲ”ဟု အစ္စမွန့်က ပြောကြားခဲ့သည်။
Ref : AFP










