ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ချောင်းတောင်) Drone အသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခံရ

ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ချောင်းတောင်) Drone အသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခံရ
Published 25 October 2022

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်) ကို Drone အသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန် ရေးအဖွဲ့က အောက်တိုဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်) ကို အမည်မသိအဖွဲ့တစ်ဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအနီးလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အဆိုပါ Drone သည် ကျောင်း၏ တောင်ဘက်သို့ မောင်းနှင်သွားကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရန် အသစ်ဆောက်လုပ်ထားသည့် နှစ်ထပ်ဆောင်ပေါ်သို့ ဗုံးသီး နှစ်လုံး၊ ကျောင်းနှင့်ကပ်လျက်ရှိ ဒေါ်ခင်သန်းနွယ်နေအိမ်ပေါ်သို့ ဗုံးသီး တစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် အမှတ်(၂) ရပ်ကွက်နေ ဒေါ်ခင်သန်းနွယ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းကို တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။