ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ

ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ
Published 25 October 2022
ဇင်မျိုး

ဗြိတိန်ဝန်ကြီးချုပ်သစ် ရီရှီဆူနက်သည် ငွေကြေးဖောင်းပွမှုမြင့်တက်နေခြင်း၊ သပိတ်များ ပေါ်ပေါက်နေခြင်း၊ ကျန်းမာရေးပြဿနာများ၊ ဥရောပတွင် ဖြစ်ပွားနေသော စစ်ပွဲစသည်တို့အပြင် အာဏာရကွန်ဆာဗေးတစ်ပါတီတွင်း၌ ပြင်းပြင်းထန်ထန် သဘောထားကွဲမှုစသော ကြီးကြီးမားမားပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်သည်။

စီးပွားရေးနှင့် လူမှုရေးပြဿနာများ

ဆူနက်၏ ထိပ်တန်းဦးစားပေးပြဿနာမှာ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရန်ဖြစ်သည်။ ဗြိတိန်တွင် ငွေဖောင်းပွမှုနှုန်းသည် ၁၀ ရာခိုင်နှုန်းကျော်ရှိနေသည်။ ဂျီ ၇ နိုင်ငံများထဲတွင် ငွေကြေးဖောင်းပွမှုအမြင့်ဆုံး ဖြစ်နေခြင်းဖြစ်သည်။ စွမ်းအင်အခွန်အခများနှင့် အစားအသောက်စျေးများ ထိုးတက်လာသောကြောင့် ငွေဖောင်းပွမှုမြင့်တက်နေခြင်းဖြစ်သည်။

လွန်ခဲ့သောလနှောင်းပိုင်းက လစ်ထရက်စ်အစိုးရက ကြေညာခဲ့သော အခွန်လျှော့ချထားသည့် ဘတ်ဂျက်ကို  ငွေကြေးစျေးကွက်က ရှော့ခ်ဖြင့် တုံ့ပြန်ခဲ့သည်။ စီးပွားရေးကျဆင်းမှုအန္တရာယ် ခြိမ်းခြောက်လာသည့် အနေအထားတွင် ဆူနက်သည် ငွေကြေးစျေးကွက်တွင် ဖြစ်ပေါ်နေသော ရှော့ခ်ကို တည်ငြိမ်အောင်လုပ်ပေးရမည်ဖြစ်သည်။

“ဆူနက်ဟာဆောင်းရာသီနဲ့ပတ်သက်လို့ ပြည်သူတွေ စိတ်ချလက်ချရှိစေရေး ဆောင်ရွက်ပေးဖို့ လိုအပ်လိမ့်မယ်။ ပျံ့နှံ့နေတဲ့ ဆင်းရဲမွဲတေမှုနဲ့စီးပွားရေးဆိုင်ရာ မရေရာမှုတို့ ဖြစ်မလာအောင်လည်း လုပ်ပေးဖို့လိုအပ်နေပါတယ်” ဟု King’s College London ရှိ နိုင်ငံရေးပါမောက္ခလည်းဖြစ် Changing Europe ရှိ ယူကေဒါရိုက်တာလည်းဖြစ်သော အာနန်မီနွန်က ပြောသည်။

ငွေဖောင်းပွမှုမှာ မိမိတို့၏ သုံးဖြုန်းနိုင်အားကို လျော့ပါးစေသည်ဟု ဗြိတိန်ပြည်သူများက ရှုမြင်ထားသည့်အနေအထားတွင် ရထားမောင်းသူများနှင့် အခြားကဏ္ဍများကလည်း၂၀၂၂ ခုနှစ်အတွင်း သပိတ်မှောက်နေကြသည်။

တော်ဝင်သူနာပြုကောလိပ်သည်လည်း ၎င်း၏ ၁၀၆ နှစ်ရှိသောသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မိမိတို့၏ သူနာပြုများ သပိတ်မှောက်ရန် အကြံပြုထားသည်။

အမျိုးသားကျန်းမာရေးဌာန (NHS) သည် ပြိုလဲတော့မည့်အနေအထားဖြစ်နေသည်ဟု ဝက်မင်စတာ တက္ကသိုလ်က သမိုင်းနှင့် နိုင်ငံရေးပါမောက္ခ ပစ်ပါကတ္တာရယ်က ပြောသည်။

“ဆေးရုံတွေ နိုင်နိုင်နင်းနင်းဆောင်ရွက်လို့မရတဲ့ အန္တရာယ်ရှိနေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ရေးအတွက် နွေရာသီမဲဆွယ်စည်းရုံရေးခရီးများတွင် ဆူနက်သည် ငွေဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရန် အစီအမံများ ချမှတ်ဆောင်ရွက်ရန် ဆော်သြထားသည်ဆိုသော်လည်း ငွေဖောင်းပွမှု ကျဆင်းသွားရေးအတွက် မည်သို့မည်ပုံဆောင်ရွက်မလဲဆိုသည့်ကိစ္စများကို သူကအသေးစိတ်ချပြခြင်းမရှိဟု ကတ္တာရယ်က ပြောသည်။

ကွန်ဆာဗေးတစ်ပါတီ စည်းလုံးရေး

ဗြိတိန်တွင် အာဏာရယူထားသည်မှာ ၁၂ နှစ်ကျော်ရှိလာခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ပါတီသည် ခါတိုင်းထက် ပို၍သဘောထားကွဲလာသည်။

ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီး ၆၀ လောက်၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ပြီးနောက် ဇူလိုင်လတွင် ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ကွန်ဆာဗေးတစ်အမတ်များ၏ လေးစားမှုရအောင် လုပ်ဆောင်ခြင်းမရှိသည့် လစ်ထရက်စ်သည် ဝန်ကြီးချုပ်တာဝန်ကို ၄၄ ရက်သာ ထမ်းဆောင်ခဲ့ပြီးနောက် နုတ်ထွက်ခဲ့သည်။

ဆူနက်သည် ဒေးဗစ်ကင်မရွန်၊ ထရီဆာမေ၊ ဂျွန်ဆင်နှင့် ထရက်စ်တို့အလွန် ၂၀၁၆ ခုနှစ်နောက်ပိုင်း ကွန်ဆာဗေးတစ်ပါတီ၏ ပဥ္စမမြောက်ဝန်ကြီးချုပ်ဖြစ်သည်။ ကွန်ဆာဗေးတစ်အမတ်အများစု၏ ထောက်ခံမှုအများစုကို ဆူနက်ရရှိခဲ့ခြင်းဖြစ်၍ ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြစ်သည်။

သို့သော်လည်း ကွန်ဆာဗေးတစ်ပါတီအတွင်း၌ ဘောရစ်ဂျွန်ဆင်ကို ထောက်ခံသည့် အမာခံအမတ်များ ရှိနေဆဲဖြစ်သည်။ ဂျွန်ဆင်အစိုးရပြိုလဲရာ၌ ဆူနက်၏ အခန်းကဏ္ဍကို သစ္စာဖောက်မှုအဖြစ် ဘောရစ်ဂျွန်ဆင်ကိုထောက်ခံသည့် အမတ်များက ရှုမြင်ထားကြသည်။

နောက်လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ နှစ်နှစ်ကျော်အချိန်တွင် အတိုက်အခံလေဘာပါတီက လူထုထောက်ခံမှုမြင့်တက်လာသောကြောင့် ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များအနေဖြင့် စည်းလုံးလျှင် စည်းလုံး မစည်းလုံးလျှင် ကျဆုံးမည်ဟု အောက်တိုဘာ ၂၄ ရက်တွင် ဆူနက်က သတိပေးခဲ့သည်ဟု ဆိုသည်။

မြောက်အိုင်ယာလန်ကိစ္စ

ဥရောပသမဂ္ဂ(အီးယူ)မှ ခွဲထွက်ရေးကို ၂၀၁၆ ခုနှစ်တွင် ထောက်ခံခဲ့သော ဆူနက်သည် အီးယူအဖွဲ့ဝင် နိုင်ငံအိုင်ယာလန်နှင့် ကပ်လျက်ရှိနေသည့် မြောက်အိုင်ယာလန်နှင့် ဘရက်ဇစ်အလွန် ကုန်သွယ်ရေးစည်းမျဉ်းများဆိုသည့် ထိရှလွယ်သော ပြဿနာကို ယခုအခါ ကိုင်တွယ်ဖြေရှင်းရတော့မည်ဖြစ်သည်။

လွှတ်တော်တွင် လတ်တလောလုပ်ဆောင်နေဆဲ ဥပဒေမူကြမ်း၌ မြောက်အိုင်ယာလန်နှင် ့သဘောတူညီချက် အစိတ်အပိုင်းများကို ဖယ်ရှားရန်အဆိုပြုထားသည်။ ထိုသို့ကုန်သွယ်ရေးသဘောတူညီချက်အချို့ကို ဖယ်ရှားခြင်းက လက်တု့ံပြန်သည့် ကုန်သွယ်ရေးပိတ်ဆို့မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု အီးယူက သတိပေးထားသည်။ ဆူနက်က အဆိုပါဥပဒေမူကြမ်းကို ထောက်ခံထားသည်။

သို့ရာတွင် ကုန်သွယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဘဲဖတ်ရှိ အာဏာခွဲဝေထားသော အစိုးရအဖွဲ့ထဲမှ နုတ်ထွက်ခဲ့သော မြောက်အိုင်ယာလန်၏ သမဂ္ဂပါတီများက ကုန်သွယ်ရေးဆိုင်ရာပိတ်ဆို့မှုများကို လုံလောက်သည်ဟု မြင်ကြမည်မဟုတ်။

ထွက်ပေါက်မရှိသောအခြေအနေကို အောက်တိုဘာ ၂၈ ရက်တွင် ချိုးဖောက်ခြင်းမရှိပါက မြောက်အိုင်ယာလန်တွင် လောလောလတ်လတ်ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်လာမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး

ဘရက်ဇစ်အလွန်ကာလတွင် ကွန်ဆာဗေးတစ်အစိုးရသည် လူဝင်မှုကြီးကြပ်ရေးကိစ္စကို ပြတ်သားစွာ ကိုင်တွယ်ရေးအတွက် မဖြည့်ဆည်းပေးနိုင်သာ ကတိများကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စံချိန်တင် လူ ၃၇၅၇၀ သည် လှေငယ်များဖြင့် ရေလက်ကြားဖြတ်ကာ အင်္ဂလန်ကို ရောက်လာသည်။

ဗြိတိန်သို့ တရားမဝင်ရောက်လာသည့် ခိုလှုံခွင့်တောင်းခံသူများကို ရဝမ်ဒါသို့ ပို့ဆောင်မည့် အစိုးရ၏အစီအစဉ်ကို ဆူနက်က ထောက်ခံခဲ့သည်။ သို့ရာတွင် တရားဥပဒေဆိုင်ရာအရေးယူဆောင်ရွက်မှုက ဤစီမံချက်ကို လချီအတားအဆီးဖြစ်စေခဲ့သည်။

ဗြိတိန်၌ ကာယဆိုင်ရာအလုပ်အကိုင် နေရာများကို ဖြည့်စွက်ရန်လိုအပ်နေသော လုပ်သားများအတွက် ဗီဇာထပ်မံထုတ်ပေးရေးကိစ္စနှင့်ပတ်သက်၍ ဆူနက်က သူ့သဘောထားကို ရှင်းရှင်းလင်းလင်းမပြောသေးပေ။

နိုင်ငံခြားရေးမူဝါဒ

ယခုနှစ်တွင် ဗြိတိန်သည် ယူကရိန်းကို စစ်ရေးအကူအညီ ပေါင် ၂ ဒသမ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ) ပေးထားရာ အမေရိကန်ပြည်ထောင်စုမှလွဲ၍ အခြားနိုင်ငံများထက်ပိုများသည်။

“ရုရှားကျူးကျော်မှုနဲ့ပတ်သက်ပြီး ခိုင် ခိုင်မာမာရပ်တည်ဖို့ လိုအပ်တယ်ဆိုတာ ကွန်ဆာဗေးတစ်ပါတီသာမက ပါတီကြီးနှစ်ခုစလုံးကလည်းပဲ ဘုံသဘောတူညီချက်ရှိထားပါတယ်” ဟု မီနွန်က ပြောသည်။

တရုတ်နှင့် ပတ်သက်၍မူ ဆူနက်က တရုတ်သည် ပြည်တွင်းလုံခြုံရေးနှင့် ကမ္ဘာ့လုံခြုံရေးကို နံပါတ်တစ်ခြိမ်းခြောက်နေသော နိုင်ငံဖြစ်သည်ဟု ပြောကြားထားသည်။

Ref:AFP

Most Read

Most Recent