သမ္မတရှီကျင်းပင်အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီအား အလုံးစုံနီးပါး ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း ၎င်း၏ အကန့်အသတ်မဲ့သြဇာအာဏာသည် ကြီးမားသော စိုးရိမ်စရာတစ်ခုပင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး ကြွေးမြီဖိစီးနေသော စီးပွားရေးနှင့် အမေရိကန်ပြည်ထောင်စုနှင့် အားပြိုင်မှုတို့သည်လည်း ကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေသည်ဟု ၎င်းတို့က ဆိုသည်။
သမ္မတရှီအား ပါတီခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အရေးပါသော ကာလတစ်ခုဖြစ်လာခဲ့ပြီး ပါတီထိပ်ပိုင်းတာဝန်ရှိသူများအကြား ဆယ်စုနှစ်များနှင့်ချီကာ အာဏာခွဲဝေရယူခဲ့ပြီးနောက် တစ်ဦးတစ်ယောက်တည်းက အုပ်စိုးသည့်စနစ်သို့ ပြတ်ပြတ်သားသား ပြန်လည်ဦးတည်လာခဲ့သည်။
ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ကြိမ်သာ ကျင်းပသော ပါတီညီလာခံအပြီး အောက်တိုဘာ ၂၃ ရက်၌ တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတရှီအား ပြန်လည်တင်မြှောက်ကြောင်း အတည်ပြုခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ သမ္မတအဖြစ် တတိယအကြိမ် ရာထူးသက်တမ်းကို ထမ်းဆောင်နိုင်ရန် သေချာသလောက်နီးပါး ရှိသွားခဲ့ပြီဖြစ်သည်။
ထို့အပြင် ပါတီသစ္စာခံများသည် တရုတ်ကွန်မြူနစ်ပါတီ၏ အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော အဖွဲ့ဝင် ခုနစ်ဦးပါ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကိုလည်း ရှီ၏ မဟာမိတ်များဖြင့်သာ ဖွဲ့စည်းခဲ့သည်။
သို့ဖြစ်ရာ သမ္မတရှီအနေဖြင့် ခေါင်းဆောင်ကြီး မော်စီတုံးနောက်ပိုင်း မည်သည့်တရုတ်ခေါင်းဆောင်ထက်မဆို သြဇာအာဏာ ပိုမိုကြီးထွားလာခဲ့ပြီး အာဏာကို ချောချောမွေ့မွေ့ လက်ဆင့်ကမ်းလွှဲပြောင်းခဲ့သော ၎င်း၏ရှေ့မှ သမ္မတနှစ်ဦး၏ အစဉ်အလာကို ချိုးဖျက်ခဲ့သည်။
ထို့အပြင် ရှီ၏အတားအဆီးမဲ့ သြဇာအာဏာကြီးထွားလာမှုသည် ၎င်း၏အုပ်စိုးမှုသက်တမ်း အဆုံးသတ်ချိန်တွင် ရာထူးလွှဲပြောင်းဆက်ခံမှုအပိုင်း၌ အကျပ်အတည်းဖြစ်လာနိုင်သည်ဟူသော သတိပေးမှုများလည်း ရှိနေသည်။
“ရှီကို ပြန်လည်တင်မြှောက်ခြင်းဟာ သြဇာအာဏာကို တစ်ဦးတစ်ယောက်တည်းက အလွန်အမင်း ချုပ်ကိုင်ထားခြင်းရဲ့ ရလဒ်ဖြစ်တယ်” ဟု အမည်မဖော်လိုသော တရုတ်နိုင်ငံရေးပညာရှင်တစ်ဦးက ဆိုသည်။
ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံအတွက် ကြီးကြီးမားမားအပျက်သဘောဆောင်နေကာ ပါတီ၏စိန်ခေါ်မှုများကို တွန်းလှန်လွန် မြောက်နိုင်စွမ်းအပေါ် ထိခိုက်စေပြီး ကျဆင်းမှုနှင့် တိုးတက်မှုဆိတ်သုဉ်းခြင်းတို့၏ ရှေ့ပြေးနိမိတ်ဖြစ်လာနိုင်သည်ဟု ၎င်းက သတိပေးခဲ့ပြီး ရှီအနေဖြင့် ရာသက်ပန်အုပ်စိုးနိုင်ရေးအတွက် ကြိုးပမ်းလာမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများ
သမ္မတရှီကျင်းပင်အနေဖြင့် သမိုင်းတွင်မည့်တတိယမြောက် ရာထူးသက်တမ်းကို စတင်တာဝန်ယူချိန်တွင် တိုင်းပြည်စီးပွားရေးနှင့်ပတ်သက်၍ ကိုင်တွယ်မှုများကို ချက်ချင်းလက်ငင်း ဆောင်ရွက်သွားဖွယ်ရှိသည်။ မကြာသေးမီနှစ်များအတွင်း Dual Circulation ဟု လူသိများသော ပြည်တွင်းစားသုံးမှုဖြင့် မောင်းနှင်သော စီးပွားရေးတိုးတက်မှု ဖော်ဆောင်ရေးမူဝါဒကို ၎င်း၏သြဇာအရှိန်အဝါ အသုံးပြုလျက် အစွမ်းကုန်လုပ်ဆောင်ခဲ့ ပြီး ဘုံကြွယ်ဝချမ်းသာမှုဟူသော ခေါင်းစဉ်အောက်၌ တရုတ်၏ ဆင်းရဲ-ချမ်းသာ ကွာဟချက်ကြီးမားမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။
သို့သော်ငြားလည်း ရုတ်တရက် လော့ဒေါင်းချခြင်း၊ လူအစုလိုက်အပြုံလိုက် ဆေးစစ်ခြင်းနှင့် အသွားအလာ ကန့်သတ်မှုများ ချမှတ်သည့် ၎င်း၏ကိုဗစ်ကင်းစင်ရေး အထင်ကရမဟာဗျူဟာသည် စားသုံးသူများ၏ ဝယ်လိုအားနှင့် စီးပွားရေးတိုးတက်မှုအပေါ် အကြီးအကျယ် သက်ရောက်မှုဖြစ်စေခဲ့သည်။
“လက်ရှိ COVID-19 ရောဂါထိန်းချုပ်ရေး အစီအမံတွေကြောင့် စားသုံးမှုနှုန်းဟာ ကိုဗစ်ကာလမတိုင်ခင်က အခြေအနေအတိုင်း ပြန်ဖြစ်လာဖို့ ဖြစ်နိုင်ခြေအလွန်နည်းနေပါတယ်” ဟု Hang Hang ဘဏ်မှ အဆင့်မြင့် ဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ တန်ဝမ်က သုံးသပ်ခဲ့သည်။
ကိုဗစ်ကင်းစင်ရေးမူဝါဒကြောင့် တရုတ်၏အိမ်ခြံမြေလုပ်ငန်းအပေါ် စိုးရိမ်မှုများ တိုးလာစေသည်ဟုလည်း ၎င်းက ဆိုသည်။ အိမ်ခြံမြေကဏ္ဍတွင် ကြွေးမြီအကျပ်အတည်းကြောင့် အိမ်ခြံမြေ Developer များ ကြွေးမြီ ပေးချေရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ ဒေသန္တရအစိုးရများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲနှင့် ရင်ဆိုင်ရနိုင်သည်ဟူသော စိုးရိမ်မှုများရှိလာခဲ့သည်။
“တရုတ်အစိုးရအနေနဲ့ အိမ်ရာအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စံနှုန်းအသစ်တစ်ခုကို ရွေးချယ်ရမှာ ဖြစ်သလို တစ်ဖက်မှာလည်း ပိုင်ဆိုင်မှုပစ္စည်းတွေ ရောင်းချခြင်းကနေ ကြွေးမြီလျှော့ချရေး သတ်မှတ်ချက်တွေကိုလည်း ဆက်လက်ထားရှိဖို့ လိုအပ်မှာဖြစ်တယ်” ဟု ဝမ်က ပြောကြားခဲ့သည်။
တရုတ်သည် ၂၀၂၀ ခုနှစ်က COVID-19 ကပ်ရောဂါ ကျရောက်ခဲ့သည့် အစောပိုင်းကာလများနောက်ပိုင်း စီးပွားရေးတိုးတက်မှု အနည်းဆုံးအခြေအနေသို့ ဦးတည်နေသည်ဟူသော ထင်ကြေးပေးမှုများရှိနေစဉ် တရုတ်အာဏာပိုင်များသည် တတိယသုံးလပတ် စီးပွားရေးတိုးတက်မှုဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းကို အချိန်နောက်ဆုတ်ခဲ့သည်။
ဒုတိယသုံးလပတ်ကာလကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး တစ်နှစ်တာ စီးပွားရေးတိုးတက်မှု လျာထားချက်ဖြစ်သော ၅.၅ ရာခိုင်နှုန်းကို ပြည့်မီရန် များစွာကွာဟနေလိမ့်မည်ဖြစ်ကြောင်း အကဲခတ်များက ကျယ်ကျယ်ပြန့်ပြန့် ယူဆထားသည်။
ထိုင်ဝမ်အပေါ် မျက်စိကျမှု
ရှီကိုင်တွယ်ဖြေရှင်းရမည့် နောက်ထပ်ပြဿနာများအနက် တရုတ်နှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးလည်း ပါဝင်နေသည်။ ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ဧရာမဆန္ဒပြပွဲကြီးများကို တရုတ်အာဏာပိုင်များက အင်အားသုံး၍ နှိမ်နှင်းမှု၊ ထိုင်ဝမ်အပေါ် တရုတ်၏ရန်လိုသောသဘောထားတို့နှင့် ပတ်သက်၍ တရုတ်နှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးသည် အက်ကြောင်းထင်လာခဲ့သည်။
သမ္မတရှီ ကိုယ်တိုင်ကလည်း ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးသည် ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးလောက်သည့် အပြောင်းအလဲများနှင့် ကြုံတွေ့နေရကြောင်း ထပ်ကာတလဲလဲ ပြောဆိုထားကာ ပါတီညီလာခံ၌ အဖွင့်မိန့်ခွန်းပြောကြားခဲ့စဉ်ကလည်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေးပေး ပြောဆိုခဲ့သည်။
ထို့အပြင်ကြွယ်ဝချမ်းသာပြီး ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ထိုင်ဝမ်ကျွန်းကို အင်အားသုံး၍ အုပ်စိုးမည့် အခွင့်အရေးကို ဘယ်သောအခါမှ စွန့်လွှတ်မည်မဟုတ်ကြောင်းလည်း ရှီက ထပ်လောင်းပြောဆိုခဲ့သည်။ တရုတ်က ထိုင်ဝမ်ကို ၎င်းပိုင်ဆိုင်သော နယ်မြေဒေသတစ်ခုအဖြစ် ရှုမြင်ထားပြီး အမေရိကန်ကလည်း ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အကူအညီပေးသွားမည်ဟု ကတိပြုထားသည်။
တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်၏လွတ်လပ်ရေးအား ဆန့်ကျင်မှုကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် တခုပ်တရထည့်သွင်းထားသည်။
Renmin University of China မှ နိုင်ငံတကာဆက်ဆံရေးပညာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ ရှီယင်ဟုန်ကမူ သမ္မတရှီကျင်းပင်သည် ရေလက်ကြားဖြတ်ကျော် ပေါင်းစည်းရေးကို တရုတ်နိုင်ငံ၏ ကြီးမြတ်မှု အကြောင်းတရားအဖြစ် အကြိမ်ကြိမ်ထည့်သွင်းဖော်ပြခဲ့သည်ဟု ဆိုသည်။
စစ်ရေး၊ စီးပွားရေးနှင့် အတွေးအမြင်ပိုင်းဆိုင်ရာ နယ်ပယ်တို့တွင် အမျိုးသားလုံခြုံရေးအပေါ် အဓိကဦးစားပေးခြင်းသည် ကြိုတင်ခန့်မှန်းနိုင်သော အနာဂတ်ကာလတွင် အမေရိကန်နှင့် မဟာမိတ်များ၏ ရေရှည်ဆက်ဆံရေး လျော့ပါးလာမည့် အရိပ်အယောင်မျိုး မတွေ့ရှိရကြောင်းလည်း ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရှီ ပြန်လည်တင်မြှောက်ခံရခြင်းသည် ထိုင်ဝမ်အပေါ် စစ်ပွဲဆင်နွှဲနိုင်သည့် အလားအလာကို မြင့်တက်စေဖွယ် မရှိသော်လည်း နောင်တစ်ချိန်တွင် လက်နက်ကိုင်ပဋိပက္ခအသွင်သို့ ရောက်ရှိလာနိုင်သည့် ဆင့်ကဲဖြစ်စဉ်များထဲမှ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်သည်ဟု ရှန်ဟိုင်းအခြေစိုက် နိုင်ငံရေးဆိုင်ရာ အကဲခတ်တစ်ဦးဖြစ်သူ ဒန်မက်ကလင်က ဆိုသည်။
သို့ရာတွင် မဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပါတီခေါင်းဆောင်ပိုင်းနှင့်အတူ ဆက်လက်ရှေ့ဆက်မည့် ရှီ၏ အုပ်စိုးမှုကာလတွင် တွက်ချက်မှုလွဲမှားသည့် အန္တရာယ်ကို မြင့်တက်စေပြီး ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ရဲတင်းစွာလုပ်ဆောင်နိုင်စေရန် ပိုမိုကျယ်ပြန့်သည့် လုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်လုပ်ဆောင်နိုင်ခွင့် ပေးအပ်သကဲ့သို့ ဖြစ်သွားနိုင်သည်ဟုလည်း မက်ကလင်က ပြောကြားခဲ့သည်။
Ref:AFP










