(၁) ကမ္ဘာ့နိုင်ငံအတော်များများသည် ကိုဗစ်ပထမလှိုင်းဖြစ်ကတည်းက စျေးကွက်များ မတည်ငြိမ်မှု၊ ဘဏ္ဍာရေး မသေချာမှုများနှင့်အတူ အထိတ်တလန့်ဝယ်ယူမှု (Panic Buying) အခြေအနေများကို မကြာခဏ ကြုံတွေ့နေခဲ့ရပြီးဖြစ်သည်။ အထူးသဖြင့် အထိတ်တလန့်ဝယ်ယူမှုအခြေအနေသည် စားသုံးသူများအကြား ထိတ်လန့်စိတ်ချောက်ချားဖွယ်ဖြစ်ရာမှစတင်ကာ စျေးကွက်များကို မတည်ငြိမ်မှုဖြစ်စေသည်။
ထိုမှတစ်ဆင့် မက်ခရို စီးပွားရေးအခြေအနေကိုပါ သက်ရောက်လာစေနိုင်သဖြင့် ပြာသာဒ်ကိုပါ မီးစွဲစေနိုင်သောအမှိုက်စဖြစ်သည်ဟု သတိပြုစရာဖြစ်လာသည်။
စီးပွားရေးအဆောက်အအုံ တစ်ခုအတွင်း မသေချာမှု (Uncertainty) ဖြစ်လာမည်၊ ဖြစ်နိုင်သည်ဟု တွက်ချက်၊ သုံးသပ်မှုများရှိလာသည် ဖြစ်စေ၊ ဖြစ်ပေါ်နေသော သတင်းများအပေါ် စိတ်မချမလုံခြုံမှု (Insecurity)၊ ရှားပါးမှု (Scarcity) တို့ ရှိလာနိုင်သည်ဟု ထင်မြင်ယူဆလာသည်ဖြစ်စေ စားသုံးသူလူထု၏ အထိတ်တလန့်ဝယ်ယူသည့် အပြုအမှုများဖြစ်ပေါ်လာတတ်သည်။
(၂) အထိတ်တလန့် ဝယ်ယူကြခြင်းဆိုသည်မှာ အရေးတကြီးလိုအပ်နေသောကုန်ပစ္စည်းတစ်မျိုး သို့မဟုတ် အချို့စျေးကွက်ထဲ၌ပြတ်လတ်သွားမည်ကို စိုးရိမ်စိတ်ဖြစ်ပေါ်လျက် ပုံမှန်ဝယ်နေကျပမာဏထက် ပိုမိုများပြားသည့်ပမာဏကို အချိန်တိုအတွင်း အလျင်အမြန်ဝယ်ယူကြခြင်းဖြစ်သည်။ စားသုံးသူများ စိုးရိမ်စိတ်ဖြင့် ကုန်ပစ္စည်းအချို့ကို ပမာဏများများ ဝယ်ယူသည့်အပြုအမူ ဖြစ်သည်။
အထိတ်တလန့်ဝယ်ယူမှုများသည် စျေးကွက်ထဲရှိ စားသုံးသူနှင့် ရောင်းချသူများကိုသာမက အခြားသူများကိုပါ ထိတ်ထိတ်ပျာပျာ ဖြစ်စေသည်။
ဝယ်ယူစားသုံးသူများအနေဖြင့် ၎င်းတို့လိုအပ်သည့်ပစ္စည်းကို ဝယ်ယူသည့်အခါ မရရှိမည်ကို စိုးရိမ်ကြသကဲ့သို့ရောင်းချသူများကလည်း ရောင်းအားတက်လာနေချိန်တွင် ကုန်ပစ္စည်းပြတ်လတ်၍ ရောင်းချနိုင်မှုမရှိမည်ကို စိုးရိမ်ကြသည်။ အထိတ်တလန့် ဝယ်ယူမှုများပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာသော သေချာသည့် အခြေအနေမှာ အဆိုပါ ကုန်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စျေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။
(၃) အထိတ်တလန့်ဝယ်ယူခြင်းသည်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ကောလာဟလသတင်းများ၊ စျေးကွက်အတွင်း ဝယ်လိုအား၊ ရောင်းလိုအား မတည်ငြိမ်သည့်သတင်းစကားများ၊ ထိုသတင်းစကားများအပေါ် စျေးနှုန်းများ မြင့်တက်နိုင်ခြေရှိမည်ဟု ယူဆမှုများ စသည့်အခြေအနေများရှိလာသောကြောင့်လည်း ဖြစ်လာနိုင်သည်။ လူအဖွဲ့အစည်းအတွင်း ရုတ်တရက် ကုန်ပစ္စည်းတစ်မျိုး သို့မဟုတ် အချို့ကို ပမာဏများပြားစွာ လိုအပ်လာသည့် အချိန်အခါမျိုးတွင် အဆိုပါ ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စျေးကွက်အတွင်း ထုတ်လုပ်၊ ဖြန့်ဖြူးမှုအခြေအနေများအပေါ် စိုးရိမ်စိတ်များဖြစ်ပေါ်လာပြီး လိုအပ်သူ များအားလုံးနီးပါးက တစ်ပြိုင်နက် ထိုကုန်စည်ကို ပမာဏများစွာ စုပြုံ ဝယ်ယူကြခြင်းဖြစ်သည်။
ကုန်ပစ္စည်း စျေးနှုန်းများကို အရှိန်အဟုန်ဖြင့် မြင့်တက်စေသည့် အဓိက အကြောင်းရင်းများတွင် အထိတ်တလန့် ဝယ်ယူခြင်း ပါဝင်သည်။
(၄) အထိတ်တလန့်ဝယ်ယူမှုများကြောင့် ရောင်းလိုအားအခြေအနေသည်လည်း ရုတ်တရက်မှာ လျော့ကျသွားနိုင်သည်။ စျေးကွက်ထဲရှိ အခြားသော ကုန်ပစ္စည်းများပါ တစ်နွယ်ငင်တစ်စင်ပါ စျေးနှုန်းမြင့်တက်မှုများရှိလာနိုင်ပြီး ပိုမိုဆိုးဝါးလာသည့် အခြေအနေ တစ်ရပ်ဆီသို့လည်း ဦးတည်သွားနိုင်ပေသည်။ အထိတ်တလန့်ဝယ်ယူမှုများဖြစ်ပေါ်လာသောကြောင့် စျေးကွက်အတွင်း ကုန်ပစ္စည်း အမှန်တကယ်ပြတ်လပ်မှုများဖြစ်လာနိုင်ခြင်း သို့မဟုတ် အမှန်တကယ် ပြတ်လပ်မှုမရှိနိုင်သော်လည်း စျေးကွက်သတင်းများ အပေါ် စိုးရိမ်စိတ်ရှိလာကာ ထိတ် လန့်စွာ ပိုမိုဝယ်ယူမှုများရှိလာနိုင်သောကြောင့် ပိုမိုဆိုးရွားသွားနိုင်ခြင်းဖြစ်သည်။
မက်ခရိုဘောဂဗေဒ ရှုထောင့်မှကြည့်ပါက အထိတ်တလန့် ဝယ်ယူခြင်းသည် စျေးကွက်တစ်ခု၏ ရောင်းလိုအားမှစ၍ ထုတ်လုပ်မှု၊ ကုန်သွယ်မှုစသည့် အခြေအနေအမျိုးမျိုးကိုလည်း ရုတ်ခြည်းပြောင်းလဲမှုများ ဖြစ်သွားနိုင်သည်။ စီးပွားရေးအဆောက်အအုံတစ်ခုအတွင်းရှိ အရေးပါသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို အထိတ်တလန့်ဝယ်ယူမှုဖြစ်ပေ ါ်ခဲ့ပါက နိုင်ငံအဆင့် စီးပွားရေးပေါ်လစီမူဘောင်များပင် ပြောင်းလဲရသည့် အခြေအနေများအထိ ဖြစ်လာနိုင်သည်။
(၅) ကုန်စည်စျေးကွက်၊ လုပ်သား စျေးကွက်၊ ဘဏ္ဍာရေးစျေးကွက် စသဖြင့် စျေးကွက်အမျိုးမျိုးတွင် အထိတ်တလန့်ဝယ်ယူမှုဖြစ်စေသည့်အခြေအနေများ အချိန်မရွေး ဖြစ်ပေါ်လာတတ်သည်။ စီးပွားရေး ပညာရှင်များ၊ သုတေသီများသည် စီးပွားရေးအဆောက်အအုံထဲရှိ ထုတ်လုပ်မှု၊ ကုန်ပစ္စည်းများ၏ စျေးနှုန်း အခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေများစသည့် မက်ခရိုစီးပွားရေးအခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေတတ်ကြရာ ကုန်စည်များ၏ စျေးနှုန်းအသီးသီးသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး လုပ်ဆောင်ချက်များအပေ ါ် သက်ရောက်မှုရှိသည့် အရေးကြီးသော ညွှန်းကိန်းဖြစ်နေကြောင်းကိုလည်း ကောင်းစွာသဘောပေါက်ထားကြသည်။ သက်ဆိုင်ရာအာဏာပိုင်များသည် စျေးနှုန်းအတက်အကျအခြေအနေများကို အမြဲမပြတ် စောင့်ကြည့်၍ စျေးကွက်ထိတ်လန့်မှုဖြစ်ခဲ့ပါက စီးပွားရေး အဆောက်အအုံ တစ်ခုလုံးသို့ ကူးစက်မသွားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်ထိန်းကျောင်းပေးရန်လိုအပ်သည်။
(၆) စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းနေသော စီးပွားရေးအဆောက်အအုံ များထဲရှိ စားသုံးသူများ၏ အသုံး အစွဲကြီးမားမှုများသည် စျေးကွက် အတွင်း ကုန်ပစ္စည်းရရှိနိုင်မှု သို့မဟုတ် ရောင်းလိုအားအပေါ်များ စွာသက်ရောက်မှုများရှိလာပြီး တစ်ခါတစ်ရံ အထိတ်တလန့် ဝယ်ယူမှုများ ဖြစ်လာတတ်သည်။ ချို့တဲ့ ဆင်းရဲသည့်နိုင်ငံများတွင်လည်း အခြေခံလူတန်းစားတို့အတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ နှင့်ပတ်သက်၍ ၀ိသမလောဘသား စီးပွားရေးသမားများကြောင့်ဖြစ်စေ၊ ဥပဒေစိုးမိုးနည်းမှု အားနည်းမှု ကြောင့်ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်တို့၏ စီမံခန့်ခွဲမှု ချို့ယွင်းခြင်းတို့ကြောင့် တစ်ခါတစ်ရံ၌ အထိတ်တလန့်ဝယ်ယူမှုများဖြစ်ပေါ်လာတတ်သည်။ စျေးကွက်အတွင်း ဖြစ်ပေါ်လာသော ကုန်စည်တစ်ခု၏ ဝယ်လိုအားအခြေအနေအပေါ် ထုတ်လုပ်မှု ရောင်းချမှု အခြေအနေများက ဟန်ချက်ညီစွာ လိုက်ပါ ဖြည့်ဆည်းနိုင်ခြင်းမရှ ိခဲ့ပါက အဆိုပါကုန်စည်စျေးနှုန်း မြင့်တက်ခြင်းမှ အစပြု၍ တစ်နွယ်ငင်တစ်စင်ပါ အခြားကုန်ပစ္စည်းများပါ စျေးနှုန်းများ မြင့်တက်လာနိုင်ပြီး ငွေကြေး ဖောင်းပွမှုအတွက်ပါ စိုးရိမ်စရာ ဖြစ်လာမည်။
(၇) သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ကောလာဟလများ (Rumor)၊ ယုံကြည်မှုမရှိသည့် အခြေအနေများ (Lack of Trust)၊ အစိုးရ၏ပြုမှုလုပ်ဆောင်ချက်များ (Government’s Actions)၊ အတိတ် ကာလအခြေအနေများ (Past Experiences) အပေါ်မူတည်၍ စားသုံးသူပြည်သူလူထု၏ စိတ်ချလုံခြုံမှု ရှာဖွေသည့် အပြုအမူ (Safetyseeking Behavior)၊ မသေချာမှုနှင့် စိုးရိမ်ပူပန်မှုတို့ လျှော့ချလိုသည့် (Uncertainly and Anxiety Reduction) အခြေအနေစသည့် စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားများကြောင့် အထိတ်တလန့်ဝယ်ယူ မှုအခြေအနေဖြစ်ပေါ်လာသည်ဟု တွေ့ရှိရသည်။
အထိတ်တလန့်ဝယ်ယူမှုအခြေအနေများသည် ကာလတိုသာ ဖြစ်ပေါ်တတ်သဖြင့် ရေရှည်သက်ရောက်မှုမဖြစ်နိုင်ပေ။ သို့သော် မမျှော်မှန်းနိုင်သော အခြေအနေ အမျိုးမျိုးမှဖြစ်လာနိုင်သဖြင့် အဆို ပါအခြေအနေ ကြုံတွေ့လာရသည့် အခါ စားသုံးသူများအနေဖြင့် စိုးရိမ်စိတ်ကြီးမား၍ အကြောက်လွန်ကာ ပြုမူဆောင်ရွက်ခြင်းမပြုသင့်ပေ။ စိုးရိမ်ကြီးလွန်းပါက ပိုမိုဆိုးရွားသော သက်ရောက်မှုကို ထပ်မံခံရနိုင်သဖြင့် ဘက်စုံထောင့်စုံ မျက်စိဖွင့် နားစွင့်၍ ချင့်ချိန်တုံ့ပြန်သင့်ပေသည်။
Reference: https://www.investopedia.com










