စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် စီးပွားရေးလုပ်ငန်း (BUSINESS) အကြောင်းကို တင်ပြမည်ဆိုပါက ဘလွန်းဘတ် မြန်မာ (Bloomberg Myanmar) ကို စိတ်ထဲတွင် စတင်ပြီး မြင်ယောင်လာစေမည်ဟု စာရေးသူအနေဖြင့် ထင်မြင်ယူဆပါသည်။ ဘလွန်းဘတ် မြန်မာရုပ်သံက ထုတ်လွှင့်လျက်ရှိသည့် အကြောင်းအရာ ကလေးနှင့် စာရေးသူ၏ ဆောင်းပါးကို စတင်လိုပါသည်။ ရုပ်သံက ထုတ်လွှင့်လျက်ရှိသည့် အကြောင်းအရာကို စကားလုံးစကားရပ်များ အတိအကျ မဟုတ်သော်လည်း စာရေးသူ လက်ခံရရှိချက်များအရ တင်ပြရပါလျှင် -
စီးပွားရေးလုပ်ငန်း (BUSINESS) ဆိုသည်မှာ (၁) တွန်းအားရှိသော၊ (၂) တန်ဖိုးကြီးသော၊ (၃) ကြံရည် ဖန်ရည်ရှိသော၊ (၄) လွတ်လပ်သော၊ (၅) ကျယ်ပြန့်သော၊ (၆) အင်အားရှိသော၊ (၇) အလိုလိုက်ရသော၊ (၈) ကြမ်းတမ်းသော၊ (၉) တအံ့တသြ ဖြစ်ရသော၊ (၁၀) သံတမန်ဆန် သော၊ (၁၁) ပါးနပ်ရသော၊ (၁၂) နိုး နိုးကြားကြားရှိရသော၊ (၁၃) ဖြား ယောင်းတတ်သော၊ (၁၄) သိမြင် မှတ်သားရသော၊ (၁၅) တုန်လှုပ်စေ သော၊ (၁၆) ရင်ဖိုရသော၊ (၁၇) စွဲ လမ်းတတ်သော၊ (၁၈) အပင်ပန်းခံရ သော၊ (၁၉) ဉာဏ်ကွန့်မြူးရသော၊ (၂၀) စူးစိုက်ရသော၊ (၂၁) အပြန် အလှန်ရှိသော၊ (၂၂) ရင်းနှီးစေသော၊ (၂၃) စဉ်းစား ဆင်ခြင်ရသော၊ (၂၄) သိုသိပ်ရသော၊ (၂၅) စွန့်စားရသော၊ (၂၆) တက်ကြွစေသော၊ (၂၇) တိုးတက်စေသော၊ (၂၈)ပြောင်းလဲတတ်သော သဘောရှိပါသည်။
ဖော်ပြပါအချက်အလက်များ သဘောတရားများအရ စီးပွားရေးလုပ်ငန်း (BUSINESS) ၏ နယ်ပယ်နှင့် အကျယ်အဝန်းကို မှန်းဆနိုင်သည့် အပြင် စီးပွားရေးလုပ်ငန်း (BUSINESS) ၏ သဘောတရားသည် မည်မျှ ကြီးမားများပြားလျက်ရှိသည့် အခြေအနေကို သိမြင်လေ့လာနိုင်ပါသည်။ ထူးခြားသည့် အခြေအနေ တစ်ရပ်မှာ ထိုကဲ့သို့ ကြီးမားကျယ် ပြန့်များပြားပြီး အရေးပါလျက်ရှိ သည့် စီးပွားရေးလုပ်ငန်း (BUSINESS) နှင့် ပတ်သက်သော အဆင့်မြင့်ပညာရပ်များကို သင်ယူလေ့လာနိုင်စေမည့် စီးပွားရေးလုပ်ငန်း ပညာသင်ကျောင်းကြီးများ (Business Departments or Business Schools) စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လာမှု မရှိခဲ့ခြင်းပင် ဖြစ်ပါသည်။
အကျိုးဆက်အဖြစ် စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် ဖြစ်ပေါ်စေခဲ့သည့် အခြေအနေများကို စာရေးသူ၏ အမြင်သက်သက်နှင့် တင်ပြရပါလျှင် လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်း အကြွင်းမဲ့အာဏာရှင် စနစ်ကျင့်သုံးချိန် ကြာမြင့်ခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်း (Business) များကို စနစ်တကျ တည်ထောင် ပြုလုပ်ဆောင်ရွက်လိုသူ အရေအတွက်ထက် ဖြတ်လမ်းနည်းကို အသုံးပြုကာ ခေါင်းဆောင်ဖြစ်လိုသူနှင့် မန်နေဂျာဖြစ်လိုသူများသာ များပြားလျက် တည်ရှိဖြစ်ပေါ်နေစေပါတော့သည်။
အထက်ပါကဲ့သို့ ဖြစ်ပေါ်စေခဲ့ သည့် အကြောင်းရင်းများကို တွန်း အားပေးခဲ့သော အချက်များ မြောက်မြားစွာရှိပါသော်လည်း အခြေခံ အကြောင်းရင်းတစ်ရပ်မှာ ဖခင်၊ မိခင်လုပ်သူက စီးပွားရေးလုပ်ငန်း (BUSINESS) လောကတွင် လက်ရှိခေါင်းဆောင်ဖြစ်နေပါလျှင် သား၊ သမီးဖြစ်သူမှာ အရည်အချင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်း၊ စီးပွားရေးလုပ်ငန်း (BUSINESS) များကို နားလည် တတ်ကျွမ်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စသည့်အချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ခေါင်းဆောင်ဖြစ်နိုင်ရန် အခွင့်အရေး ရရှိနေခြင်းပင် ဖြစ်ပါသည်။ ထိုနည်းတူစွာ ဖခင်ဖြစ်သူက ကုမ္ပဏီပိုင်ရှင်ဖြစ်ခဲ့ပါလျှင် သား၊ သမီး ဖြစ်သူမှာ မန်နေဂျာဖြစ်ရန် အခွင့်အလမ်းများစွာ ရရှိနေခြင်းပင်ဖြစ်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် တည်ထောင်ထားရှိသည့် စီးပွားရေးတက္ကသိုလ်ကြီးများတွင်လည်း စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ဘာသာရပ်များနှင့် ပတ်သက်သည့် အဆင့်မြင့်ပညာရပ်များကို သီးခြား သင်ယူလေ့လာနိုင်စေမည့် ဘာသာရပ်ဌာနများ၊ ပညာသင်ကျောင်းများမရှိဘဲ စီမံခန့်ခွဲမှုပညာဌာန (Management Department) ကသာ အချို့သော စီးပွားရေးလုပ်ငန်းပညာ (BUSINESS) ဘာသာရပ်များကို တာဝန်ယူသင်ကြားလျက်ရှိသဖြင့် မန်နေဂျာဖြစ်ရန် ခေါင်းဆောင်ဖြစ်ရန်များကိုသာ ဦးစားပေးသင်ယူလေ့လာနိုင်မည့် အခြေအနေဖြစ်ကာ ခေါင်းဆောင် သို့မဟုတ် မန်နေဂျာ ဖြစ်ရန် အရည်အချင်းများနှင့် ပတ်သက်သည့်စာပေများမှာ တက်ကျမ်းစာပေများကဲ့သို့ လူငယ်များအကြားတွင် ပျံ့နှံ့လျက်ရှိနေပါတော့သည်။
စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) တည်ထောင် ဖွင့်လှစ်သင်ယူလေ့လာနိုင်စေရေးအလို့ငှာ စာဖတ်သူများအတွက် လေ့လာသိမြင်နိုင်စေမည့် စာရေးသူ၏ အတွေ့အကြုံကို ဝေမျှလိုပါသည်။ မြန်မာနိုင်ငံအတွက် ထပ်တူကူးယူရန် မဖြစ်နိုင်ပါသော်လည်း တာဝန်ရှိသူများ အနေဖြင့် သတိပြုမိပြီး စဉ်းစားနိုင်စေရန်ဖြစ်ပါသည်။
စာရေးသူသည် ၂၀၁၈ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ ဆန်ဟိုး ဆေးစတိတ်တက္ကသိုလ်တွင် ပြုလုပ်သည့် စတုတ္ထ စက်မှုတော်လှန်ရေးနှင့် ပတ်သက်သော နိုင်ငံတကာ ကွန်ဖရင့် 2018 ICOFIS (Inter-national Conference on Sustain-able Development under the 4th Industrial Revolution) တွင် စာတမ်းတစ်စောင် တင်သွင်းဖတ်ကြားခွင့်ရရှိခဲ့ပါသည်။ အဆိုပါ နိုင်ငံတကာကွန်ဖရင့်သည် ဆန်ဟိုးဆေးစတိတ် (Lucas College and Graduate School of Business)
အဆောက်အအုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် အဆိုပါ အဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်း (Graduate School of Business) ၏ သဘောသဘာဝနှင့် အငွေ့အသက်များကို ခံစားသိမြင်ခဲ့ရပါ သည်။ ပုံတွင် ဖော်ပြထားပါသည်။ (Lucas College and Gra-duate School of Business) ထူထောင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် အခြေအနေများကို (Reference : 1) တွင် ဖော်ပြထားချက်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ဖော်ပြပါ စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ ဗွီရှင်း၊ မစ်ရှင်များစသည် ရှင်သန်လည်ပတ်ဆောင်ရွက်နေခြင်း အခြေအနေများကိုမူ အသေးစိတ် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။ စာဖတ်သူများအနေဖြင့် စိတ်ဝင်စားပါက (Reference : 1) တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
အမေရိကန် ပြည်ထောင်စု၊ ဆန်ဟိုဆေးစတိတ်တက္ကသိုလ်တွင် ထူထောင်တည်ဆောက်ရှင်သန် လည်ပတ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းပညာ (Lucas College and Gra-duate School of Business) သည် ၁၉၂၃ ခုနှစ်ကတည်းကပင် ထူထောင်တည်ဆောက်ထားရှိသည့် ကျောင်းဖြစ်ပါသဖြင့် ယနေ့အချိန် အခါတွင် နှစ်ပေါင်း (၉၉ နှစ်) ရှိပြီး အနှစ်တစ်ရာနီးပါး သက်တမ်းကြာမြင့်လျက်ရှိသည့် စီးပွားရေးလုပ်ငန်း ပညာသင်တန်းကျောင်း တစ်ကျောင်း ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့် (Lucas College and Gra-duate School of Business) ကို ထူထောင် တည်ဆောက်ရခြင်း၏ အခြေခံရည်ရွယ်ချက်မှာ ဆီလီကွန်ဗယ်လီ (Silicon Vally) တွင် တည်ရှိလည် ပတ်လျက်ရှိသော ကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်း ဘွဲ့ရပညာတတ်များ (Business Graduates) အလုံအလောက် ရရှိစေရေးအတွက် မွေးထုတ်ပေးရန်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းပညာသင်တန်း ကျောင်းကို စတင်ထူထောင်တည်ဆောက်ခဲ့ကြပါသလားဆိုသော မေးခွန်းနှင့် ဆီလီကွန်ဗယ်လီ (Silicon Vally) တွင် ကုမ္ပဏီများကို ဦးစွာစတင်တည်ဆောက်ခဲ့ကြပါသလားဆိုသော မေးခွန်းများအတွက်မူ စာရေးသူအနေဖြင့် လေ့လာစုံစမ်းနိုင်ခြင်း မရှိခဲ့ပါ။
စာဖတ်သူများအတွက် စာရေးသူ တွေ့မြင်ခဲ့ရသည့် ထူးခြားသော အခြေအနေကလေးကို တင်ပြရပါလျှင် ((Lucas College and Gra-duate School of Business) အဆောက်အအုံ မြေညီထပ်ကို စတင်ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဘယ်ဘက်ခြမ်းရှိ စင်ပေါ်တွင် စီးပွားရေးလုပ်ငန်းပညာသင်တန်း ကျောင်း ထူထောင် တည်ဆောက်ရာ တွင် ပါဝင်ဆောင်ရွက် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် ပညာရှင်ကြီးများ၊ လှူဒါန်းခဲ့ကြသည့် လုပ်ငန်းရှင်ကြီးများ၏ မျက်နှာနှင့် ဦးခေါင်းပိုင်းပုံများကို ကြေးရုပ်ကြီးများ သွန်းလောင်းကာ ပြသထားသည်ကို စိတ်ဝင်စားဖွယ်တွေ့ရှိခဲ့ရ ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်များအရ စီးပွားရေးလုပ်ငန်း (BUSINESS) နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများ ထူထောင်တည်ဆောက်ထားရှိခြင်းမှာ လုံးဝမရှိသလောက်ဖြစ်စေခဲ့ပါသည်။ ယနေ့အချိန်အခါသည် စျေးကွက်စီးပွားရေးစနစ်ကို တရားဝင် ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အချိန်အခါဖြစ်ပါသောကြောင့် စီးပွားရေးလုပ်ငန်း (BUSINESS) များ ဖွံ့ဖြိုးတိုးတက်လာစေရေးအလို့ငှာ အခြေခံဖြစ်သည့် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) စတင် ထူထောင်တည်ဆောက် ဖွင့်လှစ်လျက် စိတ်ဝင်စားသည့် လူငယ်များအနေဖြင့် သင်ယူလေ့လာနိုင်စေရေးကို ရည်ရွယ်ပါ သည်။
ပထမဦးစွာ စီးပွားရေးလုပ်ငန်းပညာသင်တန်းကျောင်း (Business Schools) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းတင်ပြပါမည်။
စာရေးသူအနေဖြင့် ခက်ခဲနက်နဲရှုပ်ထွေးသည့် အဓိပ္ပာယ်ဖွင့်ဆိုထားချက်များကို ရှင်းလင်းတင်ပြခြင်းမပြုဘဲ နေ့စဉ်သုံးအဘိဓာန်တွင် ပါရှိသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသာလျှင် စာဖတ်သူတို့အတွက် အလွယ်တကူ သိမြင်နားလည်နိုင စေရန် တင်ပြပါမည်။
“Business School: a part of a College or University that teaches business, often to GRADUATE (= people who already have a first degree). (Reference: 2, pp – 200). ဖော်ပြထားချက်အရ “စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းပညာရပ်များကို သင်ကြားပေးခြင်းဖြစ်ပြီး တက္ကသိုလ် သို့မဟုတ် ကောလိပ်တစ်ခု၏ အစိတ်အပိုင်းတစ်ပိုင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းပညာရပ်နှင့် ပတ်သက်သည့် ပထမဒီဂရီကိုလည်း ပေးအပ်ချီးမြှင့်လေ့ရှိကြပါသည်”။
ဒုတိယအနေဖြင့် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) ထူထောင် တည်ဆောက် ဖွင့်လှစ်သင်ကြားသည့် အခြေအနေကို စာရေးသူ လေ့လာတွေ့မြင်ခံစားရသည့်အတိုင်း တင်ပြပါမည်။ စီးပွားရေးလုပ်ငန်းပညာသင်တန်းကျောင်းများသည် အစွန်းနှစ်ဖက်တည်ရှိနေသည့် ပညာရေးကို ညှိနှိုင်းထူထောင်တည်ဆောက်ရသဖြင့် လွန်စွာသိမ်မွေ့ နက်နဲသည့် အခြေအနေဖြစ်ပါသည်။
ပထမတစ်ဖက်မှာ အကယ်ဒမစ်ကို အခြေပြုရသည့် တက္ကသိုလ်၊ ကောလိပ်ဖြစ်ပြီး အခြားတစ်ဖက်မှာ ငွေကြေးရရှိမှုကို အခြေပြုရသည့် စီးပွားရေးလုပ်ငန်းများဖြစ်နေပါသည်။
ထို့ကြောင့် တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများအနေဖြင့် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့နှင့် ပြည့်စုံပြီး တည်ငြိမ်မျှတသော ဆင်ခြင်တုံတရား (Balanced Minded) ရှိစေကာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ရန် စိတ် ဓာတ်တက်ကြွလျက် အရည်အချင်း ပြည့်ဝသူများ ဖြစ်ရန်မှာ အဓိကလို အပ်ချက်များအဖြစ် တည်ရှိနေပါသဖြင့် စီးပွားရေးလုပ်ငန်းပညာသင်တန်းကျောင်းများ (Business Schools) ထူထောင် တည်ဆောက် ဖွင့်လှစ်ပြီး ရေရှည်ရှင်သန်ရပ်တည်နိုင်စေရေးမှာ စိန်ခေါ်မှုကြီးမားသည့် အခြေအနေဖြစ်ပါသည်။
တစ်ဆက်တစ်စပ်တည်း ယနေ့ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) ထူထောင် တည်ဆောက် ဖွင့်လှစ် သင်ယူလေ့လာနိုင်စေမည့် အခြေအနေကိုလေ့လာ ကြည့်ပါလျှင် တက္ကသိုလ်ကြီးများ တည်ရှိပြီးဖြစ်နေသည့်အပြင် စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းရှင်အသင်းများ အဖွဲ့များဖွဲ့စည်းထားရှိပြီး ဖြစ်နေပါသဖြင့် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ စတင်ထူထောင် တည်ဆောက် ဖွင့်လှစ်မည်ဆိုပါက ဖြစ်နိုင်သည့်အခြေအနေ ဖြစ်ပါသည်။
သို့သော်လည်း စိန်ခေါ်မှုများ မှာ ကြီးမားကျယ်ပြန့်လှပါသည်။ ပထမစိန်ခေါ်မှုမှာ တက္ကသိုလ်ကြီးများသည် မိမိ၏ကိုယ်ပိုင် ငွေကြေး၊ ကိုယ်ပိုင်ရန်ပုံငွေများနှင့် မိမိခြေထောက်ပေါ်တွင် ရှင်သန်ရပ်တည်နေရသည့် တက္ကသိုလ်များ၊ အင်စတီကျူးရှင်းများ မဟုတ်ကြဘဲ အစိုးရ သို့မဟုတ် နိုင်ငံတော်၏ အထောက်အပံ့ ဘတ်ဂျက်ဖြင့်သာ ရပ်တည်ရှင်သန်လည်ပတ်နေကြရသည့် အခြေအနေဖြစ်ပါသည်။ ဒုတိယစိန်ခေါ်မှုမှာ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်ကြီးများ၏ အခြေအနေဖြစ်ပါသည်။ စက်မှုဇုန်များနှင့် စီးပွားရေးကုမ္ပဏီကြီးများသည် နိုင်ငံတကာအဆင့် ကော်ပိုရေးရှင်းကြီးများ၊ ကုမ္ပဏီကြီးများ၊ လုပ်ငန်းကြီးများအဖြစ် အပြည့်အဝ ကြီးထွားဖြစ်ထွန်းလာသည့်အဆင့် မဟုတ်ဘဲ မိသားစုစီးပွားရေးကုမ္ပဏီ၊ မိသားစု အုပ်ချုပ်သည့် ပုံစံအဆင့်နှင့်သာ ရပ်တည် ရှင်သန်နေရသည့် အခြေအနေ ဖြစ်ပါသည်။
တတိယအနေဖြင့် စာရေးသူအနေနှင့် သတိပေး၊ အသိပေးလိုသည့်အချက်ဖြစ်ပါသည် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) အား စီးပွားရေးလုပ်ငန်းများက တည်ထောင်ဖွင့်လှစ်ထားရှိသည့် လုပ်ငန်း အတတ်သင်ကျောင်းများ၊ သက်မွေးပညာ အတတ်သင်ကျောင်းများ (အသက်မွေးမှု ပညာသင်ကျောင်းများ) (Vocational Training Schools) များနှင့် ရောထွေးမသွားစေရန် ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) သည် စီးပွားရေးလုပ်ငန်းပညာနှင့် ပတ်သက်သည့် အဆင့်မြင့်ပညာရပ်များကိုသာ လေ့လာသင်ယူနိုင်သည့် ကျောင်းအမျိုးအစားများ ဖြစ်ကြသည်ကို စတင်တည်ထောင် ဖွင့်လှစ်သင်ကြားမည့်သူများအနေဖြင့် အမြဲမပြတ် တွေးတော ကြံဆ စဉ်းစားနေရမည့် အခြေအနေ ဖြစ်ပါသည်။
နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်များအရ စီးပွားရေးလုပ်ငန်း (BUSINESS) နှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံများ ထူထောင် တည်ဆောက်ထားရှိခြင်းမှာ လုံးဝမရှိသလောက်ဖြစ်စေခဲ့ပါသည်။
ယနေ့အချိန်အခါသည် စျေးကွက်စီးပွားရေးစနစ်ကို တရားဝင်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အချိန်အခါဖြစ်ပါသောကြောင့် စီးပွားရေးလုပ်ငန်း (BUSINESS) များ ဖွံ့ဖြိုးတိုးတက်လာစေရေးအလို့ငှာ အခြေခံဖြစ်သည့် စီးပွားရေးလုပ်ငန်းပညာ သင်တန်းကျောင်းများ (Business Schools) စတင် ထူထောင် တည်ဆောက် ဖွင့်လှစ်လျက် စိတ်ဝင်စားသည့် လူငယ်များအနေဖြင့် သင်ယူလေ့လာနိုင်စေရေးကို အစွမ်းကုန် ကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
References:
2. “Oxford Advanced Learner’s Dictionary”, New 8th Edition, Oxford University Press 2010.










