KNU နယ်မြေများအတွင်း စစ်ဘေးရှောင် သုံးသိန်းကျော်နှင့် လက်နက်ကိုင်ပဋိပက္ခများ

KNU နယ်မြေများအတွင်း စစ်ဘေးရှောင် သုံးသိန်းကျော်နှင့် လက်နက်ကိုင်ပဋိပက္ခများ
ကော့ကရိတ်မြို့အတွင်း ပစ်ခတ်မှုများဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)
ကော့ကရိတ်မြို့အတွင်း ပစ်ခတ်မှုများဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)
Published 23 October 2022

လက်ရှိတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား လက်နက်ကိုင်ပဋိပက္ခများမှာ ပို၍ ပြင်းထန်လာခဲ့သည်။

အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ ကရိတ်မြို့တွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း အဖွဲ့ များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များက အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနအဆောက်အအုံများအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များက အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အအုံများအတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များက အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့အတွင်းသို့ အဝေးမှ စတင်ပစ်ခတ်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် အင်အားသုံး၍ ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း နစက၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။

ကော့ကရိတ်မြို့ မြောက်ဘက် ရှိ ခင်နိမ်းမူအိမ်ရာဂိတ် (၃) သို့ လည်းကောင်း၊ အဘောဘုရားကုန်း၊ ကြောင်လျှာကုန်း၊ ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း၊ မြို့နယ် လမ်းမကြီးရှိ လမ်းလုံခြုံရေးနေရာများသို့လည်းကောင်း တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက,က ဆိုသည်။ 

ထိုသို့ KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များ၏ ဝင်ရောက်တိုက်ခိုက်မှုကိုဝန်ထမ်း အိမ်ရာတစ်ဝိုက်မှလွဲ၍ နံနက် ၁၀ နာရီခန့်တွင် ၎င်းတို့မှာ ဆုတ်ခွာသွားခဲ့ကြောင်း၊ ထို့နောက် ညနေ ၃ နာရီ ခန့်တွင် ၎င်းတို့မှာ ဝန်ထမ်းရပ်ကွက်အတွင်းမှ ဆုတ်ခွာသွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့ကရိတ်မြို့၏ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဆုတ်ခွာသွားသော KNU။KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များ ကို တပ်မတော်စစ်ကြောင်းများက လေကြောင်း၊ အမြောက်နှင့် သံချပ်ကာယာဉ်များ၏ ပစ်ကူရယူ၍ လိုက်လံချေမှုန်းလျက်ရှိကြောင်း နစက,က ဆိုသည်။

ယင်းဖြစ်စဉ်အတွင်း လူနေရပ် ကွက်အတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။

၂၁ လအတွင်း တိုက်ပွဲပေါင်း ၆၆၀၀ ကျော်ဖြစ်ပွား

KNU သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် မှုကို အကြောင်းမပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင် ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း KNU က ကြေညာချက်ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ခြောက်ခုအတွင်း တပ်မတော်နှင့် KNU အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု ပြင်းထန်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တပ်များကြား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား လက်နက်ကိုင်ပဋိပက္ခ ၆၆၈၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် သြဂုတ်အထိ လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် တပ်မ တော်၊ နယ်ခြားစောင့်တပ် (BGF) တပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပြောက်ကျားတိုက်ပွဲပေါင်း ၆၃၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင်မူ တိုက်ပွဲပေါင်း ၃၃၃ ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် စက် တင်ဘာအထိ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား လက်နက်ကိုင်ပဋိပက္ခ ၆၆၈၉ ကြိမ်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဇွန်လနှင့် ဇူလိုင်လ နှစ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ် နယ်မြေတွင် လက်နက်ကိုင်ပဋိပက္ခ ၆၂၄ ကြိမ် ဖြစ်ပွားခဲ့သည်။

ဇွန်လတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့မှု အကြိမ်အရေအတွက် ၃၆၅ ကြိမ်ရှိသည်။

ဇူလိုင်တွင်လည်း KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ်  (BGF) တို့အကြား လက်နက်ကိုင် ပဋိပက္ခ ၂၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU  ဗဟိုက ထုတ်ပြန်ထားသည်။

KNU ဒူးသထူခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား ဇူလိုင်လတွင် လက်နက်ကိုင် ပဋိပက္ခ ၂၅ ကြိမ် ဖြစ်ပွားခဲ့သည်။

KNU တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစု ပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့သည်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၄၂ ကြိမ် ဖြစ်ပွားခဲ့သည်။

KNU ဘိတ်/ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေတွင် ဇူလိုင်လအတွင်း ထိတွေ့ပစ်ခတ်မှုပေါင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့သည်။

KNU မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေတွင် ဇူလိုင်လအတွင်း ထိတွေ့ပစ်ခတ်မှု ၇၂ ကြိမ်နှင့် ပြောက်ကျားပစ်ခတ်မှု ၃၈ ကြိမ်ရှိသည့်အတွက် အကြိမ် ၁၁၀ ဖြစ် ပွားခဲ့သည်။

KNU ဒူးပလာယာခရိုင် တပ်မ ဟာ (၆) နယ်မြေတွင် ဇူလိုင်လအ တွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ၃၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။

အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ် မြေအတွင်း လက်နက်ကိုင် ပဋိပက္ခ များကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ် နယ် မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း လက် နက်ကိုင်ပဋိပက္ခများကြောင့် အရပ် သား ၉၁ ဦး သေဆုံးခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုသည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်ကျရောက်မှုနှင့် မြေမြှုပ်မိုင်းတို့ ကြောင့် ဖြစ်ကြောင်း KNU  ဗဟိုက ဆိုသည်။

ဇူလိုင်လတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒူးသထူခရိုင် တပ်မဟာ (၁) နယ်မြေ၌ ဇူလိုင်လတွင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။

တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုအတွင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ညောင်လေးပင်ခရိုင် တပ်မ ဟာ (၃) နယ်မြေ၌ ဇူလိုင်လတွင်ဖြစ် ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အတွင်း အရပ်သား ၁၀ ဦး သေဆုံး ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဘိတ်-ထားဝယ်ခရိုင် တပ်မ ဟာ (၄) နယ်မြေ၌ ဇူလိုင်လက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ၌ ဇူလိုင်လတွင်ဖြစ်ပွားခဲ့ သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေ၌ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ လပေါင်း ၂၁ လအတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံ ၁၃၇ ဦး သေဆုံးပြီး ၃၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ဘေးရှောင် ၃၇၀၀၀၀ ကျော် ရှိလာပြီ

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ် မြေများတွင် နေ့စဉ်လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား နေ့စဉ်လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်ဦးရေ ၃၅၆,၆၇၄ ဦးအထိရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ခရိုင်ခြောက်ခုအတွင်း အတည်ပြု၍ရသော စာရင်းများအရ သထုံခရိုင် တပ်မဟာ (၁) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၄,၇၆၈ ဦး၊ တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင် တပ် မဟာ (၃) နယ်မြေတွင် စစ်ဘေး ရှောင်ဦးရေ ၆၁၈၉၈ ဦး၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ် မြေတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ တွင် စစ်ဘေးရှောင်ဦးရေ ၉၆,၁၈၀ နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၀,၂၉၁ ဦးရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါစာရင်းမှာ ကောက်ခံရရှိသော စစ်ဘေးရှောင်ပြည်သူ အရေအတွက်သာဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ မြင့်တက်လာသည့်အတွက် ဆက်လက်ကောက်ခံနေကြောင်းကိုလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

သို့သော် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကျေးရွာများသို့ လက်နက်ကြီးကျည်ကျရောက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်အထိ ဒေသခံ ၃၇၁,၉၅၈ ဦးမှာ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသူများထဲတွင် ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွွယ်အိုများလည်း အများအပြားပါဝင်ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးလိုအပ်ချက်များရှိနေပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြားလိုအပ်လျက်ရှိကြောင်း KNU ဗဟိုက ဆိုသည်။

Most Read

Most Recent