ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စိုးရိမ်မှုလွန်ကဲခြင်းမရှိရန်၊ ငွေကြေးစျေးကွက်အတွင်း မသမာမှုများမပြုလုပ်ကြရန်နှင့် စည်းမျဉ်းများမကိုက်ညီပါက လိုအပ်သလို အရေးယူမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
FATF ဥက္ကဋ္ဌ T. Raja Kumar ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များ ထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနှင့် ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ရာတွင် ပြည်ပအဆက်အသွယ် ဘဏ်များကအလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း (Enhance Due Diligence-EDD) ကိုသာ ကြုံတွေ့ကြရမည်ဖြစ်ရာ သက်ဆိုင်ရာဘဏ်များအနေဖြင့် လက်ရှိဆောင်ရွက်နေကျမေးခွန်းများ မေးမြန်းခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အထောက်အထားအချက်အလက်များ တောင်းခံခြင်း စသည်ဖြင့် ယခင်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန်တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများစာရင်းတွင်ထည့် သွင်းခံရခြင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများ စိုးရိမ်မှုလွန်ကဲခြင်းများထားရှိရန်မလိုအပ်ဘဲ ယင်းသို့ထည့်သွင်းခံရမှုကိုအကြောင်းပြု၍ ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း များနှင့် မကိုက်ညီသည့် ဆောင်ရွက်မှုများတွေ့ရှိရပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံသည် FATF တွင် အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း FATF ပုံစံဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် အာရှပစိဖိတ် ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG)တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိကြောင်း၊ FATF ၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်လျက်ရှိရာ မူလ အကဲဖြတ်စဉ်က အကြံပြုချက် (၄၀) တွင် စံနှုန်းသတ်မှတ်ချက် အချက် (၂၀) ကျော်အားသတ်မှတ် ကာလအတွင်း ပြည့်မီမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် စံနှုန်းသတ်မှတ်ချက် (၂၄) ချက်ပြည့်မီ မှုရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသည် ယခင်ကလည်း အလားတူစာရင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိရောက်ရှိခဲ့ပြီးပြန်လည်လွတ်မြောက်အောင်ဆောင်ရွက်ခဲ့သည့်ယခင်အတွေ့အကြုံ များအရ ယင်းစာရင်းမှ အလျင်အမြန်ပြန်လည်လွတ်မြောက်စေရန် စီမံဆောင်ရွက်လျက်ရှိရာ လာမည့် တစ်နှစ်အတွင်း ဆောင်ရွက်မည့် Action Plan များ ချမှတ်ရေးဆွဲ ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under increased monitoring) မှ စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ် မြင့်မားမှုရှိသောနိုင်ငံနှင့် ဒေသများစာရင်း(High-Risk Jurisdictions subject to a Call for Action)သို့ ပြောင်းရွှေ့ထည့်သွင်းခြင်းခံရသော်လည်း လက်ရှိ Black List တွင် ရှိပြီးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့ကဲ့သို့ FATF မှ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများမှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်း (Jurisdictions subject to a FATF call on its members and other jurisdictions to apply countermeasures) သို့ထည့်သွင်း၍ တန်းတူအရေးယူဆောင်ရွက်ခြင်းခံရမည့်အဆင့်မျိုး မဟုတ်ကြောင်းအသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။















