ထားဝယ်အထူးစီးပွားရေးဇုန်တွင် ယခင်ရင်းနှီးတည်ဆောက်သူ အီတာလျံ-ထိုင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားသဖြင့် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်မည်

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ယခင်ရင်းနှီးတည်ဆောက်သူ အီတာလျံ-ထိုင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားသဖြင့် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်မည်
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတစ်နေရာကို တွေ့ရစဉ်
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတစ်နေရာကို တွေ့ရစဉ်
Published 13 October 2022

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ယခင်က ရင်းနှီးတည်ဆောက်သူ အီတာလျံ-ထိုင်းကုမ္ပဏီကို လုပ်ကိုင်ခွင့် ရပ်ဆိုင်းထားသဖြင့် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်မည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ သိရသည်။

ထားဝယ်အထူးစီးပွားရေးကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့်တိုးတက်မှုများ မရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခင်ကရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီကို Termination ပြုလုပ်ထားပြီးဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)ကို အောက်တိုဘာ ၁၂ ရက်က ကျင်းပခဲ့သာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (DSEZ MC) သည် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းလုပ်ငန်းကိုးခုအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်များ (Concession Agreements) အားလုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ထားသည်။

ဆောင်ရွက်ခွင့်ရရှိထားသည့် စီမံကိန်းမှာ ကနဦးအဆင့်စီမံကိန်းကိုးခုဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်မှု ဖော်ဆောင်ရာတွင် အားနည်းမှုကြောင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက သတင်းထုတ်ပြန်ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းများအတွက် အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာတာဝန်များ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထား မတင်ပြနိုင်ခြင်းစသည့် စွမ်းဆောင်ရည်အားနည်းချက်များကြောင့် ကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်ခွင့်ရရှိသူ၏ စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှုများပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ အခြားကနဦးအဆင့် စီမံကိန်းများအတွက်ပါ နမူနာပုံစံဖြစ်စေမည့် စက်မှုဇုန်နယ်မြေအကောင်အထည်ဖော်ရေးအတွက် ပြန်လည်ပြင်ဆင်ထားသော စည်းကမ်းချက်များကို ပေးပို့ခဲ့ပြီး ပြန်လည်ပြင်ဆင်ထားသည့် စည်းကမ်းချက်များတွင် အီတာလျံ-ထိုင်းကုမ္ပဏီက တောင်းဆိုထားသည့်အချက်များကို ပြင်ဆင်ပေးချက်အချက်များလည်းပါဝင်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား လုပ်ကိုင်ခွင့်ရထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးအား လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် စာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့ပြီးနောက်တွင် ကနဦးစီမံကိန်း ကိုးခုကိုသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent