တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ သီလဝါတွင် စတင်လည်ပတ်နေပြီး မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးကို စတင်ရောင်းချ

တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ သီလဝါတွင် စတင်လည်ပတ်နေပြီး မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးကို စတင်ရောင်းချ
Published 12 October 2022

တိုယိုတာ မော်တော်ယာဉ်ကုမ္ပဏီ သီလဝါတွင် စတင်လည်ပတ်နေပြီး မော်တော်ယာဉ်အမျိုးအစား နှစ်မျိုးကို စတင်ရောင်းချလျက်ရှိကြောင်း မော်တော်ယာဉ်အရောင်းကိုယ်စားလှယ်အချို့က ပြောကြားသည်။

တိုယိုတာကုမ္ပဏီမှ စတင်ရောင်းချသည့် မော်တော်ယာဉ်အမျိုးအစားနှစ်မျိုးမှာ Hilux Revo နှင့် Hilux Adventure အမျိုးအစားတို့ဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ်တန်ဖိုးမှာ ကျပ်သိန်း ၁၅၀၀ နှင့် ကျပ်သိန်း ၁၇၀၀ ရှိကြောင်း အရောင်းကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ဝယ်မယ်ဆိုရင်တော့ ပရီအော်ဒါတင်ရပါမယ်။ ပရီအော်ဒါက နှစ်သိန်းပါ။ ဘယ်အချိန်ရမလဲဆိုတာတော့ အတိအကျပြောလို့မရပါဘူး” မော်တော်ယာဉ်အရောင်းကိုယ်စားလှယ်တစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခင်က ကြိုတင်အော်ဒါမှာယူထားသူများကို ဦးစားပေးအနေဖြင့် စတင်ရောင်းချပေးနေပြီး မော်တော်ယာဉ်ဝယ်ယူလိုသူများအနေဖြင့် ကြိုတင်အော်ဒါတင်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ သီလဝါစက်မှုဇုန်တွင် တိုယိုတာ၏ မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံမှာ စတင်လည်ပတ်နေပြီဖြစ်ကြောင်း NIKKEI ASIAN သတင်းတွင် ဖော်ပြထားသည်။

ယင်းစက်ရုံမှာ လက်ရှိတွင် လည်ပတ်နေပြီဖြစ်သော်လည်း အရေအတွက်အနည်းငယ်သာထုတ်လုပ် နိုင်မည်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် စတင်လည်ပတ်ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထား သည်။

အဆိုပါ မော်တော်ယာဉ်စက်ရုံကို ကားစက်ရုံကို ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီမှာ စတင်လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကမောက်ကမဖြစ်ခဲ့မှုကြောင့် ၁၉ လအကြာမှသာ စတင်လည်ပတ်နိုင်ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် မေလတွင် ကြေညာခဲ့တဲ့ မူလအစီအစဉ်အရ တိုယိုတာအနေဖြင့် တစ်နှစ်လျှင် Hilux ပစ်ကပ်အစီးရေ ၂,၅၀၀ ထုတ်လုပ်ရန် ဒေါ်လာ ၅၂ သန်းကျော် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး တိုယိုတာ၏ မြန်မာ ယူနစ်ကို Toyota က ၈၅ ရာခိုင်နှုန်းနှင့် Toyota Tsusho က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း NIKKEI ASIAN တွင် ဖော်ပြထားသည်။

Most Read

Most Recent