နေပြည်​တော်တွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့်ပတ်သက်၍ ​ဒေါက်တာမျိုး​အောင်နှင့် ဦးရဲမင်းဦးတို့ကို တရားစွဲထားသည့်အမှုများအတွက် ​ထောင်ဒဏ် သုံးနှစ်စီ တစ်​ပေါင်းတည်းကျခံ​​စေရန် အမိန့်ချမှတ်

နေပြည်​တော်တွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့်ပတ်သက်၍ ​ဒေါက်တာမျိုး​အောင်နှင့် ဦးရဲမင်းဦးတို့ကို တရားစွဲထားသည့်အမှုများအတွက် ​ထောင်ဒဏ် သုံးနှစ်စီ တစ်​ပေါင်းတည်းကျခံ​​စေရန် အမိန့်ချမှတ်
Published 11 October 2022

နေပြည်​တော်တွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့်ပတ်သက်၍ ​ဒေါက်တာမျိုး​အောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုငါးမှုအတွက် ​ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန်နှင့် ဦးရဲမင်းဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် ​တစ်​ပေါင်းတည်းကျခံ​​စေရန် အမိန့်ချမှတ်လိုက်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အောက်တိုဘာ ၁၁ ရက်က နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် နေပြည်​တော် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့​​တော်ဝန်​ဟောင်း ဦးရဲမင်းဦးတို့ကို ရုံးထုတ်စစ်​ဆေးခဲ့​ကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ပုဗ္ဗသီရိမြို့နယ် ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၄-၅-၂၀၁၈ ရက်စွဲပါစာအမှတ် ၁၂၆(၁)/၈ သမ္မတရုံးဖြင့် ထုတ်ပြန်ထားသော နိုင်ငံတော်ပိုင်မြေကွက်များ ရောင်းချရငွေများကို နိုင်ငံတော်သို့သာ ပေးအပ်ရန်ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တို့ကို လိုက်နာခြင်းမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အထွေထွေမြေကွက်များ ရောင်းချရသည့်ငွေမှ ငွေကျပ်သိန်း ၁၈၀၀၀ ကျော်ကို သုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၈၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း​ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေတရားစွဲဆိုထားသည့် အမှုအတွက် ​ထောင်ဒဏ် သုံးနှစ် ကျခံ​စေရန် အမိန့်ချမှတ်လိုက်​ကြောင်း သိရသည်။

ထို့ပြင် ပုဗ္ဗသီရိမြို့နယ် ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၉၆ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ်သိန်း ၇၈၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်းနှင့် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်တောရကျောင်းအနီး မြေကွက် ၃၅ ကွက် ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၃၅ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ် သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့အတွက် ​ဒေါက်တာမျိုးအောင်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် အမှုနှစ်မှုအတွက်လည်း ​​ထောင်ဒဏ်သုံးနှစ်စီ ကျခံ​စေရန် အမိန့်ချမှတ်လိုက်​ကြောင်း သိရသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ သုည ဒသမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မည့် ပုဂ္ဂိုလ်တစ်ဦးအား ခွင့်ပြုချထားပေးရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများပြည်သူများသို့ စိတ်ဝင်စားမှု အဆိုပြုလွှာ (ExpreQion of Interest-EQI) ခေါ်ယူပြီး ပွင့်လင်းမြင်သာစွာ ကြော်ငြာရောင်းချမှုမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုအစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ငွေကျပ်သိန်း ၁၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၅၀၀ ခန့် နစ်နာခဲ့ခြင်းနှင့် နေပြည်တော် မြို့မစျေးအငြိမ်းစားဝန်ထမ်းအိမ်ရာအနီး ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်ရှိ မြေဧက ငါးဧကကျော်ကို Shopping Mall ဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများပြည်သူများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ (ExpreQion of Interest-EQI) ခေါ်ယူ၍ ပွင့်လင်းမြင်သာစွာကြော်ငြာ၍ ရောင်းချမှုမရှိဘဲ မြေငါးဧကကို တစ်ဧကလျှင် ငွေကျပ်သိန်း ၁၀၀၀ နှုန်းဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုအစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ရောင်းချခဲ့သည့်အတွက် နိုင်ငံတော်မှ စုစုပေါင်းငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့ခြင်းတို့​​ကြောင့် ​ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် အမှုနှစ်မှုအတွက် ​ထောင်ဒဏ်သုံးနှစ်စီ ကျခံ​စေရန် အမိန့်ချမှတ်လိုက်​ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဒေါက်တာမျိုးအောင်သည် အမှုငါးမှုအတွက် တစ်မှုလျှင် သုံးနှစ်စီဖြင့် ​တစ်ပေါင်းတည်း ထောင်ဒဏ် သုံးနှစ်၊ ဦးရဲမင်းဦးသည် အမှုနှစ်မှုအတွက် တစ်မှုလျှင် သုံးနှစ်စီဖြင့် တစ်ပေါင်းတည်း ​ထောင်ဒဏ်သုံးနှစ် ကျခံရမည်ဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent