နစကနှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦး​ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ​နေပြည်​တော်သို့ ​ရောက်ရှိ

နစကနှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦး​ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ​နေပြည်​တော်သို့ ​ရောက်ရှိ
Published 10 October 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်​အောင်မင်း ဦး​ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ​အောက်တိုဘာ ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိလာ​ကြောင်း သိရသည်။

နစကနှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန် နေပြည်​တော်သို့ ​ရောက်ရှိလာ မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှု ညှိနှိုင်းရေး​ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ​နေပြည်​တော်​ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာ​ရေးနှင့် ယဉ်​ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်း​ရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရ ငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် မွန်ဘာသာနှင့် မြန်မာဘာသာဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦး​ဆောင်သည့် ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့နှင့် ပထမ အကြိမ် ​တွေ့ဆုံ​ဆွေး​နွေးမှုများကို ၂၀၂၂ ခုနှစ် ​မေ ၂၃ ရက်မှ ၂၅ ရက်အထိ ​ဆောင်ရွက်ခဲ့ပြီး ​ယင်းသို့ ​​တွေ့ဆုံ​ဆွေး​နွေးရာတွင် ပါတီစုံဒီမိုက​ရေစီနစ် ခိုင်မာ​ရေး၊ ဒီမိုက​ရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အ​​ခြေခံသည့် ပြည်​ထောင်စုတည်​ဆောက်​ရေး၊ ပြည်​ထောင်စုငြိမ်းချမ်း​ရေးနှင့် ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဆက်လက်ကြိုးပမ်းကြရန် သ​ဘောတူညီနိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် လာ​​ရောက်​​​ဆွေး​နွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံ​ရေးလိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ​ဆွေး​နွေးညှိနှိုင်းရန် လမ်းဖွင့်ထား​​ကြောင်းနှင့် မလာ​​ရောက်​သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့်အ​ခြေအ​နေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာ​​ရောက်​ဆွေး​နွေးနိုင်ရန် ဖိတ်​ခေါ်ထား​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent