အင်ဒိုနီးရှားဘောလုံးကွင်းတွင် လူအုပ်ပြိုမှုဖြစ်ပွားကာ ပရိသတ်များတစ်ဦးနှင့် တစ်ဦးတက်နင်းမိခြင်း၊ လူပိခြင်းတို့ကြောင့် လူတစ်ရာကျော် သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အနည်းဆုံး ကလေး ၃၂ ဦး ပါဝင်သည်ဟု အောက်တိုဘာ ၃ ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဘောလုံးသမိုင်းတွင် အဆိုးရွားဆုံးဘေးအန္တရာယ်တစ်ခုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုအရေးယူရန် အင်ဒိုနီးရှားအာဏာပိုင်များနှင့် ရဲများက စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဘောလုံးကွင်းထဲ ပရိသတ်များ ပြေးဆင်းလာကာ လူအုပ်လိုက် စုပြုံတိုးသည့်ဖြစ်စဉ်ကို ထိန်းသိမ်းရန် ရဲများက မျက်ရည်ယို(ဗုံး မှ)ဓာတ်ငွေ့များ ပစ်ခဲ့ပြီးနောက် စုစုပေါင်း လူ ၁၂၅ ဦး သေဆုံးခဲ့ပြီး ၃၂၃ ဦး ဒဏ်ရာရခဲ့သည်။ ဝမ်းနည်းစရာဖြစ်ရပ်သည် အောက်တိုဘာ ၁ ရက် (စနေ) ညတွင် မာလန်းမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝရုန်းသုန်းကားဖြစ်မှုအတွင်း ပိတ်မိခဲ့ကြသော ကလေးများ အသက်ဆုံးရှုံးခဲ့ကြရသည်ဟု အမျိုးသမီးများ အခွင့်အာဏာရှိရေးနှင့် ကလေးသူငယ်ကာကွယ်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရရှိထားတဲ့ နောက်ဆုံးအချက်အလက်တွေအရ မတော်တဆဖြစ်ရပ်မှာ သေဆုံးခဲ့သူ ၁၂၅ ဦးထဲက ၃၂ ဦးဟာ ကလေးသူငယ်တွေဖြစ်နေတာ တွေ့ရပါတယ်။ သေဆုံးခဲ့တဲ့ အသက်အငယ်ဆုံးကလေးဟာ အသက်သုံးလေးနှစ်အရွယ် လမ်းလျှောက်စကလေးဖြစ်ပါတယ်” ဟု နာဟာက ပြောသည်။
ရဲများအပေါ် အမျက်ဒေါသထွက်မှု မြင့်တက်လာသည့်အနေအထားကြောင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လုပ်ငန်းတာဝန်အဖွဲ့ကို ဖွဲ့စည်းကြောင်း အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး မာဖတ်ကထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူ မည်သူကိုမဆို အရေးယူရန် ဆော်သြခဲ့သည်။
“ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ ရဲတပ်ဖွဲ့ကို ကျွန်တော် မေတ္တာရပ်ခံထားပါတယ်။ အမျိုးသားရဲတပ်ဖွဲ့အနေနဲ့လည်း သူတို့ရဲ့လုံခြုံရေးလုပ်ထုံးလုပ်နည်းတွေကို ဆန်းစစ်သွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ရုပ်သံမိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် ဝန်ကြီး၏မိန့်ခွန်းအပြီး နာရီပိုင်းအတွင်းတွင် မာလန်းရဲချုပ်ကို ထုတ်ပယ်ခဲ့သည်။ အရှေ့ဂျာဗားရဲတပ်ဖွဲ့ကလည်း အမျိုးသားရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် အရာရှိကိုးဦးအား ရာထူးဆိုင်းငံ့ခဲ့သည်ဟု အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေဒီပရာဆတ်ယိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုး၌ အဆိုပါအရာရှိကိုးဦး၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ၎င်းက အသေးစိတ်ပြောကြားခြင်းမရှိပေ။
ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် အားကစားတာဝန်ရှိသူများက စုံစမ်းစစ်ဆေးရန် မာလန်းမြို့ကို သွားနေခြင်းနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ အင်ဒိုနီးရှားအမျိုးသားကော်မရှင်က ရဲများကို ဝေဖန်ခဲ့သည်။
“မျက်ရည်ယိုဓာတ်ငွေ့မရှိခဲ့ရင် ဝရုန်းသုန်းကားအခြေအနေဖြစ်ဖို့ မရှိပါဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ အင်ဒိုနီးရှားအမျိုးသားကော်မရှင်၏ ကော်မရှင်နာ ချိုင်ရူးအာနန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တာဝန်ခံမှုကို အလိုရှိ
အောက်တိုဘာ ၁ ရက်ဖြစ်ရပ်သည် အာရီမာအက်ဖ်စီအသင်း၏ အိမ်ကွင်း ကန်ဂျူရူဟန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် ပါဆီဘာယာဆူရာဘာယာအသင်းကို (၃-၂) ဂိုးဖြင့် ရှုံးခဲ့ပြီးနောက် အာရီမာအက်ဖ်စီပရိသတ်များ ဘောလုံးကွင်းထဲ ပြေးဆင်းလာခဲ့ကြရာမှ ဖြစ်ရပ်ဆိုးဖြစ်ပွားခြင်းဖြစ်သည်။
ရဲများက ပရိသတ်ပြည့်နေသောပွဲကြည့်စင်များကို မျက်ရည်ယိုငွေ့များ ပစ်ပေါက်၍ တုံ့ပြန်ခဲ့ကြသည်။ ထို့ကြောင့် ပရိသတ်များသည် ဂိတ်ပေါက်ငယ်များထံ ချက်ချင်း ထပြေးခဲ့ကြသည်။ ဂိတ်ပေါက်ငယ်များတွင် လူပြည့်ကျပ်ကာ တစ်ဦးနှင့် တစ်ဦး တက်နင်းမိခြင်း၊ အသက်ရှူမရခြင်းတို့ ဖြစ်ခဲ့သည်ဟု သိရသည်။
“လူတွေကို အပေါက်သေးသေးလေးနဲ့ ပြွန်ချောင်းငယ်ထဲ ထိုးသိပ်ထည့်သလိုဖြစ်နေပါတယ်။ အဲဒီတော့ လူတွေဟာ ကျပ်တိုက်ထားသလိုဖြစ်ကုန်ရော” ဟု အသက်လုပြေးခဲ့ရသည့် အသက် ၂၉ နှစ်အရွယ် ပရိသတ်အာမက်ရီဇယ်ဟာဘီဘီက ပြောသည်။
ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်ကို အဓိကရုဏ်းအဖြစ် ပုံဖော်ခဲ့သည်။ ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ရဲများသည် လွန်လွန်ကဲကဲ လုပ်ဆောင်ခဲ့သည်ဟု အသက်မသေသူများက စွပ်စွဲထားပြီး ရဲများကြောင့် ပရိသတ်အများအပြား သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့သတင်းစကားတစ်ခုကတော့ အာဏာပိုင်တွေအနေနဲ့ ဒီဖြစ်ရပ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးဖို့ဆိုတဲ့ သတင်းစကားဖြစ်ပါတယ်။ တာဝန်ခံမှုကို ကျွန်တော်တို့ အလိုရှိပါတယ်။ ဘယ်သူ့ကို အပြစ်တင်ရမလဲ” ဟု မာလန်းမြို့ခံတစ်ဦးဖြစ်သည့် အန်ဒီကာက ပြောသည်။
ပရိသတ်များ တိုးဝှေ့မှု ဖြစ်နေသည့်အခါ ရဲများက အကူအညီပေးရန် ငြင်းဆန်ခဲ့သည်ဟု ဘောလုံးကွင်းအပြင်ဘက်တွင် ရှိနေသူတစ်ဦးက ပြောသည်။
“နေရာဟာ လူအများအပြားမြှုပ်ထားတဲ့ သုသာန်နဲ့တူနေပါတယ်။ အမျိုးသမီးတွေ၊ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ထပ်နေကြပါတယ်” ဟု အသက် ၃၉ နှစ်ရှိ အီကိုပရီယန်တိုက အေအက်ဖ်ပီကို ပြောသည်။
အပြည့်အဝတာဝန်ယူ
အာရီမာအက်ဖ်စီအသင်း၏ ဥက္ကဋ္ဌ ဂျီလန်ဝီဒါပရာမာနာက ဖြစ်ရပ်ဆိုးအတွက် တောင်းပန်ခဲ့သည်။ ရုပ်သံမှ တိုက်ခိုက်ထုတ်လွှင့်သောမိန့်ခွန်းကို ပြောကြားရာတွင် ၎င်းသည် ငိုနေခဲ့သည်။
“အာရီမာအက်ဖ်စီအသင်းရဲ့ဥက္ကဋ္ဌအနေနဲ့ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အတွက် အပြည့်အဝတာဝန်ယူသွား မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာရီမာအသင်းသားများသည် လေးစားကြောင်း ပြသသည့်အနေဖြင့် အနက်ရောင်တီရှပ်များဝတ်ကာ အောက်တိုဘာ ၃ ရက်တွင် ဖြစ်ပွားရာနေရာကို သွားခဲ့ကြပြီး ပန်းများချထားခဲ့ကြသည်။ ထို့နောက် သေဆုံးသူများအတွက် ဘောလုံးကွင်းထဲတွင် ဆုတောင်းပေးခဲ့ကြသည်။
ဘောလုံးကွင်းနံရံများတွင် အာဏာပိုင်များကို ဒေါသဖြစ်သည့်စာများ ရေးထားသည်ကို တွေ့ရသည်။
“ကျွန်တော့်ရဲ့ ကလေးတွေ သေကုန်တယ်။ သေသေချာချာစုံစမ်းစစ်ဆေးပေးပါ” ဟု ဘောလုံးကွင်း၏ ပြတင်းကာများပေါ်တွင် လက်ဆော့ရေးထားသော စာသား၌ ဖော်ပြထားသည်။ အဆိုပါစာသားနှင့်အတူ အနက်ရောင်ဖဲကြိုးတစ်ခုနှင့် ဖြစ်ရပ်ဆိုးဖြစ်ပွားသည့် ရက်စွဲတို့ကို တွေ့ရသည်။
အခြားသော နံရံတစ်ခုပေါ်တွင်လည်း “ရဲအားလုံး တစ်ကောင်မှ မကောင်းဘူး” ဟု စပရေးမှုတ်၍ ရေးထားသည်ကို တွေ့ရသည်။
သေဆုံးသူများ၏ မိသားစုများထံ လျော်ကြေး ရူပီယာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၂၀၀) ပေးရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ညွှန်ကြားခဲ့သည်ဟု အောက်တိုဘာ ၃ ရက်တွင် လုံခြုံရေးဝန်ကြီးမာဖတ်က ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တွင် အစိုးရတာဝန်ရှိသူများ၊ ဘောလုံးတာဝန်ရှိသူများ၊ ပညာရှင်များနှင့် မီဒီယာသမားများ ပါဝင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ သီတင်းနှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း စုံစမ်းစစ်ဆေးမှု ပြီးစီးလိမ့်မည်ဟု မာဖတ်က ပြောသည်။
ရဲတပ်ဖွဲ့နှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်တို့သည် တာဝန်ရှိသူများအတွက် အပြည့်အဝတာဝန်ခံမှု လျော့ပါးစေရန် သို့မဟုတ် မှေးမှိန်စေရန် စည်းရုံးခံရနိုင်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ပြောကြားခဲ့သည်။
ဝမ်းနည်းစရာနေ့
ဘောလုံးပရိသတ်သောင်းကျန်းမှုသည် အင်ဒိုနီးရှားနိုင်ငံတွင် အမြစ်တွယ်နေသော ပြဿနာဖြစ်သည်။ ပါဆီဘာယာအသင်းကို အာတီမာအသင်း ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ရှင်အသင်း၏ ပရိသတ်များက ဘောလုံးကွင်းကို ချင်းနင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ပရိသတ်သောင်းကျန်းမှုဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ပါဆီဘာယာဆူရာဘာယာပရိသတ်များသည် ထိုပွဲကြည့်ရန် ပိတ်ပင်ခံထားရသည်ဟု ဆိုသည်။ ပရိသတ် ၃၈၀၀၀ ဆံ့သော ကွင်းအတွက် လက်မှတ် ၄၂၀၀၀ ရောင်းချခဲ့သည်ဟု လုံခြုံရေးဝန်ကြီးမာဖတ်က ပြောသည်။
ပရိသတ်များ အလုအယက်ပြုံတိုးမှုဖြစ်ပွားခဲ့ပြီးနောက် အာရီမာပရိသတ်များက ရဲများကို ကျောက်ခဲများဖြင့် ပေါက်ခဲ့ကြသည်။ မာလန်းလမ်းများပေါ်က ရဲထရပ်ကားတစ်စီးအပါအဝင် မော်တော်ယာဉ်များကို အာရီမာ ပရိသတ်များက မီးရှို့ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖီဖာဥက္ကဋ္ဌ ဂီယန်နီအင်ဖန်တီနိုက ဖြစ်ရပ်ဆိုးသည် ဘောလုံးအတွက် ဝမ်းနည်းစရာကောင်းသောနေ့ဟု ပြောသည်။
ဘရာဇီးဘောလုံးဂန္ထဝင် ပီလီက ဝမ်းနည်းစကားပြောကြားခဲ့ပြီး အကြမ်းဖက်မှုနှင့် အားကစားကို မရောထွေးရဟု ဆိုသည်။
“ရှုံးနိမ့်မှုကြောင့် နာကျင်ခြင်းက တခြားသူတွေ ချစ်ခြင်းမေတ္တာဆုံးရှုံးရတာအတွက် ကျွန်တော်တို့ကို ခိုင်လုံတဲ့အကြောင်းပြချက် မပေးနိုင်ပါဘူး (no pain of defeat justifies us losing love for others)” ဟု ပီလီက Instagram တွင် ရေးခဲ့သည်။
ပရိသတ်ကို ထိန်းရာတွင် ရဲများက ဖြစ်စေ၊ ကွင်းလုံခြုံရေးအစောင့်များက ဖြစ်စေ မျက်ရည်ယိုဓာတ်ငွေ့များ အသုံးပြုခြင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ဘေးကင်းရေးလမ်းညွှန်ချက်များတွင် တားမြစ်ထားသည်။
Ref:AFP










