ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ်ပါတီညီလာခံကို စတင်ကျင်းပနေပြီး ဗဟိုအလုပ်အမှုဆောင်အဖြစ် ပြန်လည်အရွေးခံရန် ဆန္ဒမပြုထားကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ်ပါတီညီလာခံကို စတင်ကျင်းပနေပြီး ဗဟိုအလုပ်အမှုဆောင်အဖြစ် ပြန်လည်အရွေးခံရန် ဆန္ဒမပြုထားကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား
Published 4 October 2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ပါတီညီလာခံအစည်းအဝေး ပထမနေ့ကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် စတင်ကျင်းပလျက်ရှိရာ ပါတီဗဟိုအလုပ်အမှုဆောင်အဖြစ် ပြန်လည်အရွေးခံရန် ဆန္ဒမပြုထားကြောင်း ပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြားသည်။

အဆိုပါပါတီညီလာခံဖွင့်ပွဲတွင် ညီလာခံတက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ခဲ့ပြီး နိုင်ငံတော်သီချင်သီဆိုခြင်း၊ ကျဆုံးကွယ်လွန်သွားခဲ့သော ပါတီဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ ပြည်သူများကို သတိရဝမ်းနည်းသောအားဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် သဘာပတိအဖွဲ့ နေရာယူခြင်း၊ သဘာပတိဖြစ်သူက အမှာစကားပြောကြားခြင်းနှင့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက “ညီလာခံအစဉ်အလာနဲ့ လုပ်ထုံးလုပ်နည်းတွေက လက်ရှိအမှုဆောင်အဖွဲ့က မိမိတို့ရဲ့ ပါတီတာဝန်များကို ပြန်လည်အပ်နှံပြီးတဲ့နောက်မှာ ထပ်မံပြီး အသစ်ဖွဲ့စည်းမယ့် အဖွဲ့အသစ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်လိုသူ၊ သတ်မှတ်အရည်အချင်း ကိုက်ညီသူများဟာ ကိုယ်တိုင်အဆိုပြုနိုင်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ အဆိုမပြု၊ ဆန္ဒမပြုကြောင်း လွန်ခဲ့တဲ့ ၁၀ ရက်လောက်၊ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကိုယ်တိုင်ပဲ အတည်ပြုပေးခဲ့ပါကြောင်း ညီလာခံကိုယ်စားလှယ်ကြီးများကို တင်ပြအပ်ပါတယ်။ ဒီလိုဆုံးဖြတ်ရခြင်းဟာ ဒီနေ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်သုံးသပ်မှုတွေနဲ့ သက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း တပါတည်းရှင်းလင်း တင်ပြလိုပါတယ်။ ဥပဒေနဲ့အညီ ခိုင်မာစွာရပ်တည်နေတဲ့ ကျွန်တော်တို့ပါတီကြီးကို ပြိုလဲကျဆုံးသွားအောင် ဘက်ပေါင်းစုံကနေ နည်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်နေတဲ့ ဒီလိုအခြေအနေမျိုးမှာ ကြီးလေးတဲ့ပါတီတာဝန်တွေကို ထမ်းဆောင်ဖို့ ဆန္ဒမပြုခြင်းအတွက် ကျွန်တော်မှာ လုံလောက်တဲ့ အကြောင်းအရင်းရှိပါတယ်။ စောစောကပြောတဲ့ တရားမဝင် ပြင်ပမီဒီယာတွေအပေါ်က ထိုးနှက်တိုက်ခိုက်ဝေဖန်ခြင်းနဲ့မဆိုင်တဲ့ အချက်တွေကတော့ နံပါတ်(၁) ဒါအရှိတရားဖြစ်ပါတယ်၊ ကျွန်တော်ဟာ ပါတီခေါင်းဆောင်အနေနဲ့ တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်တဲ့ တပ်မှူးဖြစ်ပါတယ်။ ဒါအမှန်တရားပဲ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်းညွှန်းပါတယ်။ နောက်ထပ် အသစ်သစ်သော ပါတီအတွင်းမှာ ရှိနေတဲ့ ဒီတပ်မှူးအရည်အချင်းနဲ့ ပြည်စုံတယ်လို့ ပါတီဝင်များက ယူဆတဲ့ ပုဂ္ဂိုလ်များကို အလှည့်ပေးရပါဦးမယ်။ နံပါတ်(၂)ကတော့ စောစောကပဲ ကျွန်တော်တို့ ဝမ်းနည်းတသ ယူကျုံးမရစွာနဲ့ အလေးပြုလိုက်တဲ့ ကျွန်တော်တို့ ပါတီဝင်တွေ အပါအဝင် ပါတီဝန်းရံသူတွေ၊ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတော့ သေဆုံးသွားရတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တခါ သူတို့ရဲ့ ပစ္စည်းဥစ္စာနစ်နာ ဆုံးရှုံးမှုတွေဒီနေ့အထိပဲ” ဟု ပြောကြားသည်။

ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းနှင့် ပါတီဗဟိုကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်း ဆန်းစစ်သုံးသပ်ရေးကော်မတီက ပါတီဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်း ပြင်ဆင်၊ ဖြည့်စွက်ချက်များပါ ကော်မတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများအား တင်ပြခြင်း၊ သဘာပတိက ပါတီညီလာခံသို့ တင်သွင်းလာသည့် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်၊ ဖြည့်စွက်ချက်များပါ ပါတီကော်မတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများအား ညီလာခံ၏ သဘောထားရယူ အတည်ပြုခြင်းကြောင်း ကြေညာခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပါတီကော်မတီဥက္ကဋ္ဌများက လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ ဆောင်ရွက်ထားရှိမှုအား တင်သွင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုအတိုင်ပင်ခံများက မိမိတို့၏ ပါတီတာဝန်များ ပြန်လည်အပ်နှံကြောင်း ညီလာခံသို့ တင်ပြခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နှစ်ရက်တာ ကျင်းပနေသွားမည့် ပါတီတတိယအကြိမ် ပါတီညီလာခံအစည်းအဝေးတွင် ပါတီ၏ ဥက္ကဋ္ဌတာဝန် အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကိုလည်း ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent