ယူကရိန်းနယ်မြေများကို ရုရှား၏သိမ်းပိုက်မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြစ်တင်ရှုတ်ချမည့် ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုဖြင့်ပယ်ချ၊ မဲခွဲဆုံးဖြတ်မှုတွင် တရုတ်က မဲမပေးဘဲကြားနေခဲ့

ယူကရိန်းနယ်မြေများကို ရုရှား၏သိမ်းပိုက်မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြစ်တင်ရှုတ်ချမည့် ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုဖြင့်ပယ်ချ၊ မဲခွဲဆုံးဖြတ်မှုတွင် တရုတ်က မဲမပေးဘဲကြားနေခဲ့
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်နေသည့် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီ နီဘန်ဇီယာကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (Photo : AFP)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်နေသည့် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီ နီဘန်ဇီယာကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (Photo : AFP)
Published 1 October 2022
Ref : AFP

ယူကရိန်း၌ ရုရှား၏နယ်မြေသိမ်းပိုက်မှုများကို ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုကို ရုရှားနိုင်ငံက စက်တင်ဘာ ၃၀ ရက်တွင် ဗီတိုအာဏာဖြင့် ပယ်ချခဲ့သော်လည်း ရုရှားအနေဖြင့် မည်သည့်ထောက်ခံမှုကိုမှ မရရှိခဲ့ဘဲ တရုတ်နှင့် အိန္ဒိယတို့ကလည်း မဲမပေးဘဲ ကြားနေခဲ့သည်ဟု သိရသည်။

ရုရှားက အဆိုပါကြိုးပမ်းမှုကို ဗီတိုအာဏာဖြင့် ကျိန်းသေပေါက် ပယ်ချမည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကြောင့် ရုရှား၏အထီးကျန်ဖြစ်မှုကို ထင်ထင်ရှားရှားပြသရန် မျှော်လင့်လျက် အနောက်အင်အားကြီး နိုင်ငံများက ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ရုရှားအား ပြစ်တင်ရှုတ်ချရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတိုင်းမဲပေးခွင့်ရှိကာ အဆိုပြုချက်တစ်ရပ်ကို မည်သည့်နိုင်ငံကမှ ဗီတိုအာဏာဖြင့် ပယ်ချခွင့်မရှိပေ။

 ရုရှားစစ်တပ်က သိမ်းယူထားသည့် နယ်မြေများတွင် ရုရှားအစိုးရက လူထုဆန္ဒခံယူပွဲများ စီစဉ်ကျင်းပခဲ့ပြီးနောက် ယူကရိန်းနယ်မြေလေးခုအား ရုရှားလက်အောက်သို့ သွတ်သွင်းကြောင်း သမ္မတဗလာဒီမာပူတင်က ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် အမေရိကန်ပြည်ထောင်စုက ၎င်းဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကာအကွယ်ပေးတာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်တာနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်တာတွေဟာ လုံခြုံရေးကောင်စီက မလွဲမသွေလုပ်ဆောင်ရမယ့်အရာပဲဖြစ်တယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်-ဂရင်းဖီးလ်က လုံခြုံရေးကောင်စီ အစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံ ရဲ့ နယ်မြေကို အင်အားသုံးပြီး လုယူတာမျိုး ကို လုံးဝလက်သင့်မခံတဲ့ အယူအဆအပေါ် အခြေခံပြီး ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့တာဖြစ်တယ်” ဟုလည်း ၎င်းကပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှု ပြုလုပ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

ရုရှားသံအမတ်ကြီး ဗက်ဆီလီ နီဘန်ဇီယာကမူ ဗီတိုအာဏာသုံးစွဲခွင့်ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံထဲမှ တစ်နိုင်ငံကို ပြစ်တင်ရှုတ်ချရန် ကြိုးပမ်းခြင်းသည် မကြုံစဖူးပင်ဖြစ်ကြောင်း ပြစ်တင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့က ပူးတွဲရေးဆွဲခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းသည် ယူကရိန်းရှိ ရုရှားသိမ်းပိုက်ခံ နယ်မြေများ၌ ပြုလုပ်ခဲ့သော လူထုဆန္ဒခံယူပွဲများကို တရားမဝင်သည့် ဆန္ဒခံယူပွဲများအဖြစ် ပြစ်တင်ရှုတ်ချကာ ယူကရိန်းနယ်နိမိတ်နှင့် ပတ်သက်သည့် အပြောင်းအလဲမှန်သမျှကို အသိအမှတ်မပြုကြရန် ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းသွားမည်ဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည့် ကျူးကျော်မှုကို အဆုံးသတ်ကာ ယူကရိန်းမှ ရုရှားတပ်များ အမြန်ဆုံးရုပ်သိမ်းပေးရန် တောင်းဆိုမှုလည်း ပါဝင်သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျွင်းက နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အကာအကွယ်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။     

Most Read

Most Recent