ငြိမ်းချမ်း​ရေး ​ဆွေး​​နွေး​​ရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့ တို့ ​တွေ့ဆုံ​ဆွေး​နွေး

ငြိမ်းချမ်း​ရေး ​ဆွေး​​နွေး​​ရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့ တို့ ​တွေ့ဆုံ​ဆွေး​နွေး
Published 30 August 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ​နေပြည်​တော်၌ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သြဂုတ် ၃၀ ရက်က နေပြည်​တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဗဟိုဌာန အစည်းအ​ဝေးခန်းမတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

​တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ ဥက္ကဌ၊ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်း​ရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် စဝ်​ဆောင်းဟန်တို့ တက်​ရောက်ကြ​ကြောင်း သိရသည်။

တွေ့ဆုံ​ဆွေး​နွေးပွဲတွင် ငြိမ်းချမ်း​ရေး ​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က နှုတ်ခွန်းဆက်အမှာစကား ​ပြောကြားခဲ့ကြ​ကြောင်း သိရသည်။

ထို့​နောက် ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ(၂၀၀၈ ခုနှစ်)ပါ ဇယား(၁) ပြည်​ထောင်စု ဥပ​ဒေပြုစာရင်းနှင့် ဇယား(၂) တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ် ဥပ​ဒေပြု​စာရင်းတို့နှင့်ပတ်သက်၍ ညှိုနှိုင်း​ရေး​ကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး (၉) ကြိမ်​မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်း ​ဆွေး​နွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အ​ကောင်အထည်​ဖော်မှုများ (ဇယား ၂)အား ညှိုနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်က ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ယင်း​​နောက်တွင် တက်​ရောက်လာကြသူများက ၎င်းတို့၏ သ​ဘောထားဆန္ဒများနှင့် လိုလားချက်များကို အပြန်အလှန် ​ဆွေး​​နွေးညှိုနှိုင်းခဲ့ကြပြီး ​တွေ့ဆုံ​ဆွေး​နွေးပွဲ ပထမ​နေ့ကို ရပ်နားခဲ့​ကြောင်းနှင့် ဒုတိယ​နေ့ ​ဆွေး​​နွေးပွဲကို သြဂုတ် ၃၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။