မြို့မ တူရိယာအသင်​း၏ ထင်​ရှားသည်​့ ဂီတမှူး တစ်ဦးဖြစ်သူ ကိုပေါ(မြို့မ) အသက် ၉၆ နှစ် ယမန်နေ့ ညပိုင်းက ​ ကွယ်​လွန်

မြို့မ တူရိယာအသင်​း၏ ထင်​ရှားသည်​့ ဂီတမှူး တစ်ဦးဖြစ်သူ ကိုပေါ(မြို့မ) အသက် ၉၆ နှစ် ယမန်နေ့ ညပိုင်းက ​ ကွယ်​လွန်
Published 29 August 2022

မန္တလေး မြို့မ တူရိယာအသင်းကြီး၏ ထင်ရှားသည့် တေးရေးဆရာနှင့် ဂီတမှူး တစ်ဦးဖြစ်သူ ကိုပေါ (မြို့မ)သည် သြဂုတ်လ ၂၈ ရက်​​ ည ၁၂ နာရီ ဝန်းကျင်ခန့်က မန္တလေးမြို့ရှိ သူ၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်​ ။ ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ် ရှိပြီဖြစ်သည်။

ကိုပေါ (မြို့မ)ကို  ၁၉၂၇ တွင် အဖ ဦးပေါ်၊ အမိဒေါ်လှတို့မှ မန္တလေးမြို့ ဓားတန်းအရပ်တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်စိုး ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်တွင် မြို့မတူရိယာအသင်းတွင် ဆက်ဆိုဖုန်း မှုတ်သူအဖြစ်ဖြင့် ဂီတလောကသို့ စတင် ဝင်ရာက်ခဲ့ပြီး ချစ်အာရုံ၊ နှစ်ကိုယ်တူချစ်သမျှ၊ ပန်းမျိုးတရာ၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက်ထဲ၊ မောင်မယ်တို့နှစ်ဦး၊ မခွဲတမ်းကြင်မယ် စသည့် မြန်မာသံစဉ်သီချင်းများမှာ မြို့မဦးပေါ၏ ထင်ရှားသည့် ဂီတလက်ရာများဖြစ်သည်

၁၉၈၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သော သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားမှ “နှစ်ကိုယ်တူချစ်သမျှ သီချင်းနှင့် ၁၉၉၁ နှစ်က ရုံတင်သော ဒဏ္ဍာရီဇာတ်ကားမှ “အောင်စေ မင်္ဂလာ သီချင်းများမှာ ဇာတ်ကားများနည်းတူ ထင်ရှားလူကြိုက်များခဲ့သည်။ သင်္ကြန်မိုးရုပ်ရှင်ကားတွင် ဂီတပိုင်းဆိုင်ရာ တာဝန်ခံ ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

မန္တလေးရုပ်ရှင်တွင် ကင်မရာဆရာအဖြစ်လည်း လုပ်ကိုင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် “ကိုယ်ပိုင်မေတ္တာ ဇာတ်ကားအတွက် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆု အကယ်ဒမီကို ဦးလူကလေးနှင့်အတူ ပူးတွဲရရှိခဲ့ကြောင်း သိရသည်။

မြို့မဦးပေါမှာ အနုပညာ သက်တမ်းတစ်​​လျှောက်  ကြုံတွေ့ဖြတ်သန်းခဲ့သော ဘဝမှတ်တိုင်များနှင့်  မြို့မတူရိယာအသင်းကြီး၏ အကြောင်းအရာများကို  ပြန်လည်ပြောပြသည့်  " အတိတ်လမ်းသို့ အလွမ်းပြေ"စာအုပ်ကို ၂၀၁၇ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။

တေးရေးဆရာကြီး မြို့မဦးပေါ၏ ရုပ်လောင်းကို သြဂုတ်လ ၃၀ ရက်​​နေ့ ၁၁ နာရီအချိန်တွင် အကွက် ၁၂၀ ရက္ကန်းဝင်နေအိမ်မှ အေးရိပ်ငြိမ်းသုဿန်သို့ ပို့ဆောင်သင်္ဂြုလ်မည်ဖြစ်​​သည်။

Most Read

Most Recent