စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာငါးသိန်းခွဲ ရယူခဲ့သည်ဟုဆိုကာ အဂတိဖြင့် တရားစွဲထားသည့် အမှုနှစ်မှုဖြင့် ​ဒေါ်​အောင်ဆန်းစုကြည်ကို ​စွဲချက်တင်

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာငါးသိန်းခွဲ ရယူခဲ့သည်ဟုဆိုကာ အဂတိဖြင့် တရားစွဲထားသည့် အမှုနှစ်မှုဖြင့် ​ဒေါ်​အောင်ဆန်းစုကြည်ကို ​စွဲချက်တင်
Published 25 July 2022

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ​အ​မေရိကန်ဒေါ်လာငါးသိန်းခွဲရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် အမှုနှစ်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်လိုက်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​​နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် ​ဇူလိုင် ၂၅ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ​ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်​ဆေးခဲ့​ပြီး ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ဖြင့် စွဲချက်တင်​ကြောင်း အမိန့်ကိုတရားရုံးက ချမှတ်ခဲ့ကြောင်းသိရသည်။

အထက်ပါ အမှုနှစ်မှုနှင့်ပတ်သက်၍ ပြန်​ခေါ်သက်​သေအဖြစ် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ဦးရဲထက်အား စွပ်စွဲခံရသူ၏ ​ရှေ့နေများက တင်ပြခဲ့​ကြောင်းနှင့် ဇူလိုင် ၂၆ ရက်တွင် ပြန်ခေါ်သက်သေအား စတင်စစ်​ဆေးမည်ဖြစ်​ကြောင်း သိရသည်။

ဦးမောင်ဝိတ်အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ​ဒေါ်​အောင်ဆန်းစုကြည်၏​နေအိမ်တွင် အလုပ်လုပ်​နေသည့် ​ဒေါ်ခင်ခင်ဦးနှင့် ရင်းနှီးခဲ့​ကြောင်း၊၂၀၁၈ ခုနှစ် မေလခန့်တွင် ​ဒေါ်ခင်ခင်ဦး၏အကူအညီဖြင့်​ ဒေါ်အောင်ဆန်းစုကြည်ကို သွား​ရောက်ကန်​တော့ခဲ့ပြီး ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းအတွက် အ​မေရိကန်​ဒေါ်လာတစ်သိန်းကို စက္ကူလက်​ဆောင် အိတ်အနက်ထဲသို့ထည့်သွင်း၍ ဦးရှောက်ဆန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ​ဒေါ်​အောင်ဆန်းစုကြည်ကို ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း ထွက်ဆိုထားသည့် ဦး​မောင်ဝိတ်၏ ရုပ်သံဖိုင်အား ၂၀၂၁ ခုနှစ် မတ် ၁၇ ရက်တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါရုပ်သံဖိုင်တွင် ဦးမောင်ဝိတ်၏ ပြောကြားချက်အရ ၎င်းအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်အား၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာတစ်သိန်းခွဲကို စက္ကူလက်ဆောင် အိတ်အနက်ထဲသို့ထည့်၍ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင်လည်း အမေရိကန်ဒေါ်လာငါးသောင်းကို ထပ်မံပေးအပ်ခဲ့​ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ပေးအပ်ခဲ့​ကြောင်းနှင့် ယင်းသို့ပေးအပ်ချိန်၌ အနားတွင် မည်သူမျှရှိမ​နေကြောင်း ထည့်သွင်းထွက်ဆိုထားသည်။

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်များအရ ဒေါ်​အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အား ဇူလိုင် ၂၆ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်​အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုများအနက် စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် ​ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီး ​နေပြည်​တော်အချုပ်​ထောင်တွင် သီးခြားထားရှိ​ကြောင်း သိရသည်။

 

 

Most Read

Most Recent