မြန်မာ ယူ-၁၆ အမျိုးသားလူငယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမည့်ပုံစံကို အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) အတည်ပြု

မြန်မာ ယူ-၁၆ အမျိုးသားလူငယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမည့်ပုံစံကို အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) အတည်ပြု
Photo: MFF
Photo: MFF
Published 18 July 2022

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် မြန်မာ ယူ-၁၆ အမျိုးသားလူငယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရမည့်ပုံစံကို ပြောင်းလဲကာ အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို သြစတြေးလျအပါအဝင် AFF အဖွဲ့ ဝင် ၁၂ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းသုံးအုပ်စုခုခွဲ၍ ကျင်းပမည်ဖြစ်သည်။

၂၀၂၂ အာဆီယံ ယူ-၁၆ ချန် ပီယံရှစ်ပြိုင်ပွဲ အုပ်စု(A) တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု(B) တွင် ထိုင်း၊ တီမော၊ လာအို၊ ဘရူနိုင်း၊ အုပ်စု(C) တွင် မလေးရှား၊ သြစတြေးလျ၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။

၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံရှိ ဆလီမန်နှင့် ဘန်တူမြို့၌ ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

AFF သည် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခွင့်အတွက် မူလက အကောင်းဆုံးဒုတိယရအသင်းမှာ အုပ်စု (A) သို့မဟုတ် အုပ်စု(C) မှထွက်ပေါ်ခဲ့ပါက အုပ်စု(B) ထိပ်ဆုံးရပ်တည်မှုရအသင်းနှင့် လည်းကောင်း၊ အုပ်စု(A) ထိပ်ဆုံးရပ်တည်မှုရအသင်းမှာ အုပ်စု(C)ထိပ်ဆုံးရပ်တည်မှုရ အသင်းနှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ယခုအခါ ဆီမီးတက်ရောက်ခွင့်အတွက် မူလပုံစံအပြင် အခြားပုံစံတစ်ခုကိုပါ သတ်မှတ်လိုက်ပြီး ပုံစံနှစ်မျိုး အတည်ပြုထားခြင်းဖြစ်သည်။

ဆီမီးတက်ရောက်ခွင့်အတွက် ပထမပုံစံမှာ အကောင်းဆုံးဒုတိယရအသင်းမှာ အုပ်စု(A)သို့မဟုတ် အုပ်စု(C) မှ ထွက်ပေါ်ခဲ့ပါက အုပ်စု(B) ထိပ်ဆုံးရပ်တည်မှုရအသင်းနှင့်လည်းကောင်း၊ အုပ်စု(A)ထိပ်ဆုံးရပ်တည်မှုရအသင်းမှာ အုပ်စု(C) ထိပ်ဆုံးရပ်တည်မှုရအသင်းနှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားသည်။

ဒုတိယပုံစံအရအကောင်းဆုံးဒုတိယအသင်းမှာ အုပ်စု(B) မှ ထွက်ပေါ်ခဲ့ပါက အုပ်စု(A) ထိပ်ဆုံးရပ်တည်မှုရအသင်းနှင့်လည်းကောင်း၊ အုပ်စု(B)ထိပ်ဆုံးရပ်တည်မှုရအသင်းမှာ အုပ်စု(C) ထိပ်ဆုံးရပ်တည်မှုရအသင်းနှင့်လည်းကောင်းတွေ့ဆုံရန် စီစဉ်ထားသည်။

မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်နေပြီး ပြည်တွင်းအသင်းများနှင့် ခြေစမ်းပွဲများ ကစားလျက်ရှိသည်။

မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးက တာဝန်ယူကိုင်တွယ်နေသည်။

Most Read

Most Recent