ဟာရီကိန်းမှာ အနာဂတ်အတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး ယခုနွေရာသီတွင် ခေါ်ယူရန် စိတ်မဝင်စားဟု ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် အိုလီဗာခန်း ဆို

ဟာရီကိန်းမှာ အနာဂတ်အတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး ယခုနွေရာသီတွင် ခေါ်ယူရန် စိတ်မဝင်စားဟု ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် အိုလီဗာခန်း ဆို
Photo: Daily Mail
Photo: Daily Mail
Published 18 July 2022

ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ် အိုလီဗာခန်းက စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းမှာ အနာဂတ်အတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး ယခုနွေရာသီတွင် ခေါ်ယူရန် စိတ်မဝင်စားဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းထံ ရောင်းထုတ်လိုက်ရသည့်အတွက် ဟာရီကိန်းကို အစားထိုးခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေရာ အိုလီဗာခန်းက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဂျာမန်သတင်းစာ Bild နှင့်တွေ့ ဆုံရာတွင် အိုလီဗာခန်းက ''သူက စပါးအသင်းနဲ့ စာချုပ်ရှိနေတဲ့သူပါ။ သေချာတာကတော့ သူဟာ ပြီးပြည့်စုံတဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်တာပါပဲ။ ဒါပေမဲ့ ဒါတွေအားလုံးက အနာဂတ်အိပ်မက်တစ်ခုပါပဲ။ အခု ကျွန်တော်တို့ လက်ရှိလူစာရင်းနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာ သုံးသပ်နေပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာ တွေ့ရမှာပါ''ဟု ပြောကြားခဲ့သည်။

ဇူလိုင်(၂၈)တွင် အသက်(၂၉)နှစ်ပြည့်မည့် ဟာရီကိန်းသည် စပါးအသင်းတွင် ဆုဖလားအောင်ပွဲများ ရယူနိုင်ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်နွေရာသီက အသင်းပြောင်းရွှေ့ရန် စီစဉ်ခဲ့သလို၊ မန်စီးတီးအသင်းကလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေ။

၎င်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စပါးအသင်းနှင့် သက်တမ်းတိုးခြင်းလည်း မရှိသေးသဖြင့် ဘိုင်ယန်မြူးနစ်အသင်းက လာမည့်နွေရာသီမှ ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။

ဟာရီကိန်းသည် နည်းပြ ကွန်တီလက်ထက်တွင် အသင်း၏ စွမ်းဆောင်ရည် မြင့်တက်လာခြင်းကြောင့် စပါးအသင်း၌ ဆက်ရှိနေခဲ့သော်လည်း ဆုဖလားအောင်မြင်မှုမရပါက လမ်းခွဲဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

Most Read

Most Recent