ချယ်လ်ဆီးအသင်းနှင့် ကူလီဘလီ (၄)နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး အသင်း၏ အမေရိကန်ခရီးစဉ်သို့ လိုက်ပါမည်

ချယ်လ်ဆီးအသင်းနှင့် ကူလီဘလီ (၄)နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး အသင်း၏ အမေရိကန်ခရီးစဉ်သို့ လိုက်ပါမည်
Photo : Getty Images
Photo : Getty Images
Published 14 July 2022

နာပိုလီအသင်း၏ ဆီနီဂေါနောက်ခံလူ ကူလီဘလီသည် ချယ်လ်ဆီးအသင်းနှင့် (၄) နှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပြီး အသင်း၏ အမေရိကန်ခြေစမ်းခရီးစဉ်သို့ လိုက်ပါသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ ကူလီဘလီသည် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပေါင်သန်းရာချီတန်ကြေးရှိသည့် နာပိုလီအသင်း၏ တောင်းဆိုမှုများကြောင့် အသင်းတွင် ဆက်ရှိနေသူဖြစ်သည်။

ယခုအချိန်တွင် စာချုပ်သက်တမ်း လက်ကျန် (၁)နှစ်သာ ကျန်ရှိတော့သလို၊ အသက်အရွယ်အရ (၃၁)နှစ်အထိ ရှိလာပြီဖြစ်သဖြင့် ချယ်လ်ဆီးအသင်းသည် ယခင်တန်ကြေးထက်များစွာလျော့နည်းသည့် ဈေးနှုန်းတစ်ရပ်ဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ ကာလ၌ အသင်း၏ အဓိကနောက်ခံလူ (၂) ဦးဖြစ်သည့် ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့နေရာတွင် အစားထိုးရန် နောက်ခံအတွင်းလူကို ရှာဖွေလျက်ရှိရာ ကူလီဘလီကို ရွေးချယ်ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။

အသက်အရွယ်အားဖြင့် (၃၁)နှစ်ကျော်လာပြီဖြစ်သော်လည်း ကူလီဘလီ၏ ကြံ့ခိုင်မှုအခြေအနေကို ချယ်လ်ဆီးအသင်းက အလွန်ကျေနပ်နေပြီး အကောင်းဆုံးအဆင့်တွင် နောက်ထပ်ကာလရှည်ကစား နိုင်သည်ဟု ယုံကြည်ခဲ့ခြင်းအပြင်၊ နှစ်ရှည်စာချုပ်ဖြင့်သာ ကူလီဘလီဘက်က လက်ခံမည့် အခြေအနေလည်းဖြစ်နေသဖြင့် (၄) နှစ်စာချုပ် ချုပ်ဆိုရန် အသင်းက သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။

ကူလီဘလီသည် ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းမှ နာပိုလီအသင်းထံသို့ ပြောင်းရွှေ့ခဲ့သည့် ကစားသမားဖြစ်ပြီး နာပိုလီအသင်းအတွက် စီးရီးအေပွဲပေါင်း (၃၀၀)ကျော် ကစားခဲ့ကာ အသင်း၏ ဂန္ထဝင်နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်သည်။

စီးရီးအေ၏ အကောင်းဆုံး နောက်ခံလူအဖြစ် အကြိမ်ကြိမ်ရပ်တည်နိုင်ခဲ့သလို၊ ကစားသမားဘဝတွင် ကမ်းလှမ်းမှုပေါင်းများစွာကို ရရှိခဲ့သူလည်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ကူလီဘလီအား ဆေးစစ်ဆေးမှု အောင်မြင်ပြီးပါက အပြီးသတ် စာချုပ်ချုပ်ဆိုတော့ မည်ဖြစ်ပြီး အမေရိကန် ခရီးစဉ်သို့ တစ်ပါတည်း ခေါ်ယူသွားမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အမေရိကန်ခရီးစဉ်အတွင်း ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် စခန်းချလေ့ကျင့်ကာ ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်ပြီး ကူလီဘလီက လော့စ်အင်ဂျလိစ် သို့မဟုတ် ဗီးဂတ်စ်မြို့များတွင် ချယ်လ်ဆီးအသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။ ချယ်လ်ဆီး အသင်းသည် ဗီးဂတ်စ်မြို့တွင် မေဂျာလိဂ်ကလပ် ကလပ်အမေရိကအသင်းနှင့် ရာသီကြို ပထမဆုံးခြေစမ်းပွဲကို ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent